နေပြည်တော် PDF တပ်ရင်း (၉၀၂) က စစ်ကောင်စီတိုက်ခိုက်ရေးဒရုန်း တစ်စီး သိမ်းဆည်းရမိ

ဖေဖော် ၁၈
The Kaladan Post
နေပြည်တော်တိုင်းစစ်ဌာန အမှတ်(၉၀၂) တပ်ရင်းက ယမန်နေ့ ဖေဖော်ဝါရီ ၁၇ ရက်တွင် စစ်တပ်၏ တိုက်ခိုက်ရေးဒရုန်း တစ်စီးကို ရှာဖွေတွေ့ရှိ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဒရုန်းသည် ၂၀၂၅ ခုနှစ် ဇူလိုင် ၁၈ ရက်က နေပြည်တော်၊ တောင်တွင်းကြီး နှင့် သရက်မြို့နယ်မှ အင်အား ၆၀၀ ဝန်းကျင်ဖြင့် ပဲခူးရိုးမအထက်ခြမ်း (မန္တလေး၊ မကွေး၊ ပဲခူး တိုင်းသုံးတိုင်း ဆုံရာ) သို့ စစ်ကြောင်းထိုးခဲ့ စဉ် တော်လှန်ရေးတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့သည့်ဒရုန်းဖြစ်ပြီး မိုးတွင်းကာလ ဖြစ်သဖြင့် အချိန်ကြာမြင့် စွာ ရှာဖွေခဲ့သော်လည်းမတွေ့ရှိဘဲ ယခု နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ်မှ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း နေပြည်တော်တိုင်းစစ်ဌာန အမှတ်(၉၀၂) တပ်ရင်း တာဝန်ရှိသူက ပြောဆိုသည်။ ပစ်ချပြီး ရက်ပေါင်း ၂၀၀ ကျော်အကြာ တွေ့ရှိရသော်လည်း ဒရုန်းသည် ပြန်လည်အသုံးပြုနိုင်သည့် အခြေအနေတွင် ရှိနေပြီး၊ အသေးစား ထိခိုက်မှုများသာ ရှိကြောင်း သိရသည်။ အနည်းဆုံး ၁၅ ကီလိုဂရမ် အလေးချိန် သယ်ဆောင်နိုင်ကာ၊ ၅ ကီလိုဂရမ်သာ တင်ဆောင်ပါကပင် ၆၀ မမ နှစ်လုံး အနည်းဆုံး တင်ဆောင်နိုင်သည့် စွမ်းရည်ရှိကြောင်း တပ်ရင်း ရဲဘော်တစ်ဦးက ဖော်ပြထားသည်။

ရေစကြိုမြို့နယ် သမန္တပို့ရွာကို စစ်တပ် စစ်ကြောင်းက နေအိမ် ၃၄ လုံး မီးရှို့ဖျက်ဆီး

ဖေဖော် ၁၈
The Kaladan Post
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သမန္တပို့ကျေးရွာကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ နံနက်ပိုင်းက ရေစကြိုမြို့ ပေါ်မှ ထွက်လာသော အင်အား ၁၀၀ ဝန်းကျင်ပါ စစ်တပ် စစ်ကြောင်းက လက်နက်ကြီးများဖြင့် ရမ်းကားပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့ကြောင်း Yesagyo Township Info Committee က ထုတ်ပြန်သည်။ စစ်ကြောင်းဝင်ရောက်ပြီးနောက် ကျေးရွာအတွင်း ပြည်သူပိုင် နေအိမ်များကို ဖောက်ထွင်း မွှေနှောက်ကာ ပစ္စည်းဥစ္စာများကို ခိုးယူလုယက်သွားပြီး၊ နောက်ဆက်တွဲအဖြစ် နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ရာ သမန္တပို့ရွာ အလယ်ပိုင်းမှ နေအိမ် ၂၅ လုံး၊ တောင်ပိုင်းမှ နေအိမ် ၉ လုံး စုစုပေါင်း ၃၄ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။ စစ်ကြောင်းသည် ယမန်နေ့ ညပိုင်းတွင် ကြီးကန်ရွာသို့ ရောက်ရှိနေပြီး နောက်ထပ် မည်သည့်ကျေးရွာကို ဆက်လက် ထိုးစစ်ဆင် မည်ကို မသိရသေးသဖြင့် ဒေသခံ ပြည်သူများ ရွာလုံးကျွတ် တိမ်းရှောင်နေရဆဲ ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဖေဖော်ဝါရီ ၁၂ ရက်နှင့် ၁၅ ရက်တို့တွင်လည်း ရေစကြိုမြို့နယ်အတွင်း မုံညှင်းရွာ နှင့် ချင်းယားကုန်းရွာတို့ကို စစ်ကောင်စီတပ်က စက်တပ်လေထီး နှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦး ဗုံးထိမှန် သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာ GTC ရှိစစ်တပ်စခန်း သိမ်းပိုက်ခံရပြီး စစ်သား ၁၉ ဦး သေဆုံး

ဖေဖော် ၁၈
The Kaladan Post
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာရှိ ထားဝယ်နည်းပညာတက္ကသိုလ် (GTC) တပ်စခန်းနှင့် ဘုရားမဲ စစ်ဆေးရေးဂိတ်တို့ကို ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၆ နာရီခန့်တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒူရက စစ်ကြောင်းက ထုတ်ပြန်သည်။ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရက စစ်ကြောင်းနှင့် DGRF (ထားဝယ်-ပကဖ) တို့ ပူးပေါင်း ဆောင်ရွက်ခဲ့သော ဤ စစ်ဆင်ရေးတွင် တိုက်ပွဲ ပြင်းထန်စွာ ၄ နာရီ ကြာမြင့်ခဲ့ပြီး GTC တပ်စခန်းကို ယာယီ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ ဘုရားမဲ စစ်ဆေးရေးဂိတ်ကိုလည်း သိမ်းပိုက်နီးပါး ရရှိခဲ့သော်လည်း စစ်ကောင်စီ၏ စစ်ကူ စစ်ကြောင်းများ ရောက်ရှိလာသဖြင့် တော်လှန်ရေးတပ်ဖွဲ့များက အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၁၉ ဦး သေဆုံးခဲ့ပြီး ရဲနှင့် စစ်သား ၁၁ ဦး အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။ ထို့ပြင် Type 81 စက်သေနတ် ၁ လက်၊ G3 ၁၃ လက်၊ G4 ၂ လက်၊ AK47 ၁ လက်၊ MA5 ၁ လက် စသည့် လက်နက် ၁၈ လက်၊ ကျည်ဘောက်များ၊ ကျည်ဆန်ပေါင်း ထောင်ချီ၊ လက်ပစ်ဗုံး ၁၂ လုံး၊ စကားပြောစက် ၅ လုံး နှင့် ဆက်စပ်ပစ္စည်းများ အမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း အသေးစိတ် ထုတ်ပြန်ထားသည်။ ဒူရက စစ်ကြောင်းမှ တာဝန်ရှိသူက တိုက်ပွဲအတွင်း စစ်ခွေးတွေဘက်က ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၁၉ ဦး သေဆုံးပြီး ရဲနဲ့ စစ်သား ၁၁ ဦး အရှင်မိကာ လက်နက် ၁၈ လက် သိမ်းဆည်းရရှိခဲ့တယ် ဟု ပြောဆိုခဲ့သည်။တနင်္သာရီတိုင်း တော်လှန်ရေး ရှေ့တန်း၌ စစ်ရေး အရှိန်အဟုန် မြင့်တက်နေပြီး ပြည်သူများအနေဖြင့် စစ်ရေး အထူး သတိထားကာ သွားလာနေထိုင်ကြရန်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် များအနေဖြင့် ပြည်သူ့ဘက်သို့ ပူးပေါင်းလာကြရန် ဒူရက စစ်ကြောင်းက တိုက်တွန်းထားသည်။


ဖာပွန်ခရိုင်တွင် ဖေဖော်ဝါရီ ၁၅ ရက်အတွင်း တိုက်ပွဲ ၅၇ ကြိမ် ဖြစ်ပွားပြီး စစ်သား ၆ ဦး သေဆုံး

ဖေဖော် ၁၈
The Kaladan Post
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် (မူတြော်ခရိုင်) တွင် ဖေဖော်ဝါရီ ၁ ရက်မှ ၁၅ ရက်နေ့အထိ ၁၅ ရက်တာ ကာလအတွင်း အကြမ်းဖက် စစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တို့ အကြား တိုက်ပွဲ စုစုပေါင်း ၅၇ ကြိမ် ဖြစ်ပွားခဲ့ကြောင်း KNU မူတြော်ခရိုင်က ထုတ်ပြန်ထားသည်။ ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ စစ်သား ၆ ဦး သေဆုံးကာ ၂၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး KNLA ဘက်တွင်လည်း ရဲဘော်အချို့ ထိခိုက်မှု ရှိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့က တိုက်ပွဲနေရာများသာမက တိုက်ပွဲနှင့် မသက်ဆိုင်သော ကျေးရွာများကိုပါ ဒရုန်းဖြင့် ၂ ကြိမ်၊ ဂျက်ဖိုက်တာဖြင့် ၁၆ ကြိမ်၊ လက်နက်ကြီးများဖြင့် ၇ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း KNU က ပြောဆိုသည်။ ထို့ပြင် ဖေဖော်ဝါရီ ၇ ရက်မှ စတင်ကာ ဖာပွန်မြို့မှ ၄ မိုင်ခန့်အကွာ၊ ကမမောင်းမြို့မှ ၄၉ မိုင်ခန့်အကွာရှိ စစ်ကောင်စီ၏ ဖာပွန်ဗျူဟာစခန်းကုန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက် နေဆဲ ဖြစ်သည်။ စစ်ကောင်စီတပ်ဘက်က အထိနာနေသဖြင့် လေကြောင်းပစ်ကူများဖြင့် ပြင်းထန်စွာ ခုခံနေရပြီး ကတိုင်တိ စစ်စခန်းနှင့် ကမမောင်းမြို့ရှိ စစ်စခန်းများကလည်း လက်နက်ကြီးများဖြင့် ပစ်ကူ ပေးနေကြောင်း သိရသည်။ ဖာပွန်မြို့ကို ၂၀၂၄ ခုနှစ် မတ်လတွင် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့ များက သိမ်းပိုက်နိုင်ခဲ့သော်လည်း ဗျူဟာကုန်းတွင် ကျန်ရှိနေသော စစ်စခန်းကို ဆက်လက် ပိတ်ဆို့ တိုက်ခိုက်နေခြင်း ဖြစ်ပြီး ထိုဗျူဟာကုန်းပတ်လည်ကို ပိတ်ဆို့ထားသည်မှာ တစ်နှစ်ကျော်ကြာ မြင့်နေပြီ ဖြစ်ကြောင်း သိရှိရသည်။

အချင်းချင်း ပွတ်တိုက်မှုသည် စစ်တပ်ကို အကျိုးရှိစေပြီး NUG အနေဖြင့် ချက်ချင်းရပ်တန့်ရန် GZA တောင်းဆို

ဖေဖော် ၁၈
The Kaladan Post
Generation Z Army – GZA က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ဗိုလ်နဂါး ဦးဆောင်သော ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) တပ်စခန်းများကို အင်အားအလွန်အကျွံ အသုံးပြု တိုက်ခိုက်နေမှုကို ချက်ချင်း ရပ်တန့်ရန် ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်တွင် တောင်းဆိုသည်။ စစ်ကိုင်း တိုင်း၊ ပုလဲမြို့နယ်အတွင်း ရှိ ဗိုလ်နဂါး ဦးဆောင်သော BNRA တပ်စခန်း ၃ ခုကို ယမန်နေ့ ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းမှ စတင်ကာ NUG လက်အောက်ခံ ယင်းမာပင်ခရိုင် PDF တပ်ရင်းများက အင်အား ၁၀၀၀ ကျော် အသုံးပြု၍ လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း GZA က ဖော်ပြထား သည်။ ဖေဖော်ဝါရီ ၁၆ ရက်က ပင် NUG ကာကွယ်ရေးဝန်ကြီးဌာန ဗဟိုစစ်ရုံးချုပ်ညွှန်ကြားချက်ဖြင့် အင်အား ထောင်ဂဏန်းဖြင့် တပ်ဖြန့်ချထားခဲ့ကြောင်း ဆိုသည်။ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နှစ်ဖက်မှ အသေအပျောက်ရှိခဲ့ပြီး BNRA တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဗိုလ်နဂါးက ပြောဆို သည်။ တော်လှန်ရေးအဖွဲ့များကြား မကြေလည်မှုများနှင့် ပြဿနာတွေဟာ မိတ်ဖက်ပဋိပက္ခ သာ ဖြစ်သင့်ပြီး ရန်သူအဖြစ် သတ်မှတ်ပြီး အင်အားသုံး ဖြေရှင်းမှုဟာ မှားယွင်းတဲ့ ဖြေရှင်းမှုဖြစ်သော ကြေင့် တိုက်ခိုက်မှုတွေကို ချက်ချင်း ရပ်တန့်ပေးဖို့ GZA က တောင်းဆိုထားသည်။ ထို့အပြင် လက်နက်ခဲယမ်းများမှာ ပြည်သူ့ ထောက်ပံ့မှုများဖြစ်ပြီး စစ်တပ်ကို တိုက်ရန်အတွက် ချွေတာ အသုံးပြုရမည့်အစား တော်လှန်ရေးအဖွဲ့အချင်းချင်း ဖြုန်းတီးနေခြင်းသည် စစ်ကောင်စီကို အကျိုးရှိစေပြီး ပြည်သူများကို ဒုက္ခရောက်စေသည်ဟု သတိပေးထားသည်။ဤတိုက်ပွဲအတွင်း BNRA ရဲဘော် ၉ ဦးသည် ပါကြီး သေနတ် ၄ လက်၊ ဗုံးသီး ၄ လုံး၊ ကျည် ၂၀၀ ကျော်နှင့်အတူ လက်နက်ချကာ NUG တပ်ရင်းထံ ပူးပေါင်းလာခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောဆိုသည်။ စစ်ဒေသ (၁) တာဝန်ရှိသူ တစ်ဦးကလည်း BNRA တပ်ဖွဲ့ဝင်အချို့ PDF ထံ ပူးပေါင်းလာမှုကို အတည်ပြုပြီး ဒေသတွင်း BNRA တပ်ဖွဲ့ အင်အား ၁၀၀ ကျော်ရှိနေပြီး ပူးပေါင်းရန် ဆက်လက် ညှိနှိုင်းမှုများ ရှိနေကြောင်း သိရသည်။

ကော်သူးလေ တည်ဆောက်ရေး အရှိန်မြှင့်ရန် ကရင်ခေါင်းဆောင်များ သဘောတူဆုံးဖြတ်

ဖေဖော် ၁၈
The Kaladan Post
ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေတွင် ဖေဖော်ဝါရီ ၉ ရက်မှ ၁၂ ရက်အထိ ၄ ရက်ကြာ ကျင်းပခဲ့သော “ကော်သူးလေ တည်ဆောက်ရေးဆိုင်ရာ ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲ” တွင် ကရင်အမျိုးသားတော်လှန်ရေး ရည်မှန်းချက်များ လျင်မြန်စွာ ပြည့်မီရေးအတွက် အမျိုးသားရေး တာဝန်အဖြစ် ကျရာတာဝန်များကို တတ်ကျွမ်းနားလည်သူများက ဦးဆောင်ပူးပေါင်း ဆောင်ရွက်ရန် သဘောတူဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ နှီးနှောဖလှယ်ပွဲသို့ နိုင်ငံတကာရောက် ကရင်အဖွဲ့ အစည်းကိုယ်စားလှယ်များ၊ ကရင်လူမှုအဖွဲ့အစည်းများ၊ KNU ဗဟို၊ ခရိုင်ခေါင်းဆောင်များ၊ KNLA နှင့် KNDO မှ တပ်ဗိုလ်တပ်မှူး များ၊ အထူးဖိတ်ကြားထားသော ခေါင်းဆောင်များ စုစုပေါင်း ၁၃၀ ဦး တက်ရောက်ခဲ့သည်ဟု KNU က ပြောဆိုသည်။ ၎င်းဆွေးနွေးပွဲတွင် KNU က “ကော်သူးလေ ချာတာ” ကို အသိပေး ရှင်းလင်းချပြခဲ့ပြီး ကော်သူးလေ အတွင်း အခြားလူမျိုးများ ပါဝင်မှု၊ အုပ်ချုပ်ရေးစနစ်၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့ပြင် စစ်ရေးလို အပ်ချက်များကို တတ်နိုင်သမျှ ပံ့ပိုးရန်၊ မူးယစ်ဆေးဝါး၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု၊ ကျားဖြန့်လုပ်ငန်း များကို နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း တိုက်ဖျက်ရန်၊ အာဏာသိမ်းစစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုများအပေါ် နိုင်ငံတကာ ဖိအားပေးရေး လုပ်ဆောင်ရန် နှင့် စစ်ဘေးဒဏ်ခံ ပြည်သူများ အတွက် လူမှုရေး အကူအညီများ တိုက်ရိုက်ပေးနိုင်ရေး နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ နှီးနှောဖလှယ်ပွဲက ကရင်အမျိုးသားအချင်းချင်း ပိုမိုနားလည်မှု ရရှိပြီး ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် လာမည့်နှစ်များတွင်လည်း ပုံမှန်ကျင်းပသွားရန် သဘောတူဆုံးဖြတ်ခဲ့ကာ နေရာဒေသအသီးသီးမှ ကရင်အဖွဲ့အစည်းများ ပိုမိုပါဝင်လာနိုင်ရန် လမ်းဖွင့်ထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။


စစ်တပ် ကျင့်ပမည့် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်ခြင်းမပြုကြရန် CDF-Hakha အသိပေး

ဖေဖော် ၁၈
The Kaladan Post
ချင်းပြည်နယ် ဟားခါးမြို့တွင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ကျရောက်မည့် ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို အာဏာသိမ်း စစ်တပ်က ၎င်းတို့၏ နိုင်ငံရေး အမြတ်ထုတ်မှုတွက် အသုံးချ ကျင်းပရန် ပြင်ဆင်နေကြောင်း CDF-Hakha က ထုတ်ပြန်သည်။ ချင်းအမျိုးသားနေ့သည် ချင်းလူမျိုးတို့၏ စည်းလုံးညီညွတ်မှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် သမိုင်းဝင်အချက်အလက်များကို အထိမ်း အမှတ်ပြုသည့် နေ့ရက်ဖြစ်သော်လည်း၊ အကြမ်းဖက် စစ်အုပ်စုက ယင်းနေ့ကို ၎င်းတို့၏ တရားဝင်မှု ရယူရန်နှင့် နိုင်ငံရေး အသုံးချရန်သာ ရည်ရွယ်နေခြင်း ဖြစ်ကြောင်း CDF-Hakha က ပြောဆိုသည်။ ပြည်သူလူထု၏ သမိုင်းဂုဏ်သိက္ခာ၊ ကိုယ်ပိုင်အခွင့်အရေးများကို ကာကွယ်သွားမည်ဖြစ်ပြီး၊ အကြမ်း ဖက်အာဏာရူးတို့၏ လုပ်ရပ်များကို လက်ခံကြရန်နှင့် စစ်တပ် စီစဉ်ကျင်းပမည့် အခမ်းအနားသို့ မည်သည့်ပုံစံနှင့်မျှ ပါဝင်ခြင်း မပြုရန် CDF-Hakha က သတိပေးထားသည်။ စစ်တပ်က ဟားခါးမြို့ စုပေါင်းရုံးတွင် အဆိုပါ အခမ်းအနားကို ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

နယ်စပ်ဖြတ်ကျော် ငါးခိုးဖမ်းခဲ့သော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၇၃ ဦး AA ပြန်လွှတ်ပေး

ဖေဖော် ၁၈
The Kaladan Post
ရခိုင်ပြည်နယ် ပင်လယ်ပြင်တွင် နယ်စပ်ဖြတ်ကျော် တရားမဝင် ငါးဖမ်းဆီးခဲ့သော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၇၃ ဦးကို အာရက္ခတပ်တော် (AA) က ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်လွှတ်ပေးခဲ့ကြောင်း ရခိုင်သတင်းက ဖော်ပြသည်။ ပြန်လွှတ်ပေးခဲ့သူ ၇၃ ဦးအနက် ၆၆ ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖြစ်ပြီး ကျန် ၇ ဦးမှာ ရိုဟင်ဂျာများ ဖြစ်ကြောင်း သိရသည်။ ဤလူများကို AA က ဖမ်းဆီးထိန်းသိမ်းထားပြီးနောက် လူသားချင်းစာနာမှုအရ ဘင်္ဂလားဒေ့ရှ်ဘက်နှင့် ညှိနှိုင်းဆောင် ရွက်ခဲ့ပြီး အဆင့်ဆင့် လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် တက္ကနာဖ် (Teknaf) အခြေစိုက် BGB တပ်ရင်း ၂ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး Md Hanifur Rahman Bhuiya က ယင်းငါးဖမ်းသမားများသည် ၂၀၂၅ ခုနှစ်အတွင်း ဘင်္ဂလားပင်လယ်ကမ်းခြေတွင် ငါးဖမ်းရင်း ရခိုင်ရေ ပြင်ထဲ ရောက်ရှိသွားခဲ့ပြီး AA ၏ ဖမ်းဆီးခံခဲ့ရကြောင်း ရှင်းပြခဲ့သည်။ ကျန်ရှိနေသေးသည့် ဖမ်းဆီးခံ ငါးဖမ်းသမားများကိုလည်း လုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်နေ ကြောင်း ထပ်မံ ပြောကြားခဲ့သည်။ ယခင်လများအတွင်း တရားမဝင် ငါးခိုးဖမ်းဆီးမှုဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ရာချီ ဖမ်းဆီးခံခဲ့ရပြီး AA က ဥပဒေအတိုင်း အရေးယူ ပြစ်ဒဏ်ချမှတ်ခဲ့သည့် ဖြစ်ရပ်များ လည်း ရှိခဲ့ကြောင်း သိရှိရသည်။

ညောင်ပင်ကြီးစု စာသင်ကျောင်းနှင့် ဆေးခန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက် အရပ်သား ၃ ဦး သေဆုံး

ဖေဖော် ၁၈
The Kaladan Post
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစု ကျေးရွာရှိ စာသင်ကျောင်းနှင့် ဆေးခန်းကို ဖေဖော်ဝါရီ ၁၇ ရက် ည ၁၀ နာရီဝန်းကျင်တွင် တံတားဦးလေတပ်စခန်းမှ တက်လာသော စစ်ကောင်စီ၏ Yak-130 ဂျက်ဖိုက်တာ တစ်စီးက ဗုံး ၃ လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း ရေဦး PDC တာဝန်ရှိသူ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။ ဗုံးကြဲမှုကြောင့် စာသင်ကျောင်းအတွင်း တစ်လုံး၊ ကျေးရွာအတွင်း နှစ်လုံး ကျရောက်ခဲ့ပြီး ဆေးခန်းကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်နိုင်ကြောင်း သိရသည်။ ထို့ကြောင့် ကျေးရွာအတွင်း လမ်းသွားလမ်းလာ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ နောက်ထပ် ဒေသခံ ၅ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ စာသင်ကျောင်းဝင်းအတွင်း အဆောက်အအုံအချို့နှင့် နေအိမ် ၅ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်။ ထို့အပြင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဝင်းကုန်းကျေးရွာသို့လည်း ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းနှင့် ညပိုင်းတွင် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တက်လာသော ပါရာမော်တာ နှင့် ဂျိုင်ရိုကော်ပတာ ဖြင့် တိုက်ပွဲ မဖြစ်ပွားဘဲ ဗုံး ၆ လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ လေကြောင်း တိုက်ခိုက်မှုများသည် တိုက်ပွဲ မရှိသော အရပ်သားနေရာများကို စနစ်တကျ ပစ်မှတ်ထားတိုက်ခိုက် နေခြင်း ဖြစ်ပြီး စစ်ကောင်စီ၏ အရပ်သားများအပေါ် စစ်ရာဇဝတ်မှု ဆက်လက် ကျူးလွန်နေခြင်း ဖြစ်သည်။


ညောင်လေးပင်ခရိုင်အတွင်း စစ်တပ်က လေကြောင်း တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနှင့် နေအိမ် ၉ လုံး ပျက်စီး

ဖေဖော် ၁၈
The Kaladan Post
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း ဖေဖော်ဝါရီ ၉ ရက်မှ ၁၅ ရက်အတွင်း အကြမ်းဖက်စစ်တပ်က ပါရာမော်တာ၊ လက်နက်ကြီး၊ ဒရုန်းနှင့် ဗုံးကြဲ တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ ရွှေကျင်၊ ကျောက်ကြီး (လယ်ဒို) နှင့် မူးမြို့နယ်များတွင် စာသင်ကျောင်း ၁ ဆောင်၊ ပြည်သူပိုင်နေအိမ် ၉ လုံး၊ ဂိုဒေါင် ၁ လုံး ပျက်စီးခဲ့ပြီး တိရစ္ဆာန်များ သေဆုံးထိခိုက်မှုများလည်း ရှိခဲ့ကြောင်း KNU ဗဟိုက ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်သည်။ ထိုတိုက်ခိုက်မှုများကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး တိုက်ပွဲ မရှိသော ငြိမ်သက်နေသော ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထင်ရှားသော ဖြစ်ရပ်များအနက် ဖေဖော်ဝါရီ ၁၄ ရက်တွင် မူးမြို့နယ် ကင်မွန်းခြုံကျေးရွာကို လက်နက်ကြီး ၂၀ လုံးခန့် ပစ်ခတ်ခဲ့ရာ အသက် ၅၈ နှစ်အရွယ် ရွာသားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ကျောက်ကြီးမြို့နယ် ရေတွင်းကုန်းကျေးရွာကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံးနှင့် ဂိုဒေါင် ၁ လုံး ပျက်စီးခဲ့ကာ ဖေဖော်ဝါရီ ၁၂ ရက်တွင် ရွှေကျင်မြို့နယ် ပျဉ်ရင်ကျေးရွာကို ပါရာမော်တာ နှင့် ပေါင် ၃၀၀ ဗုံးသီး တစ်လုံး ပစ်ချခဲ့ရာ နေအိမ် ၂ လုံးနှင့် စာသင်ကျောင်း ၁ ကျောင်း ပျက်စီးကာ နွားနှင့် မြင်းများ သေဆုံးထိခိုက်ခဲ့သည်။ ဖေဖော်ဝါရီ ၉ ရက်တွင်လည်း ဝိုင်ကျွန်း၊ တောင်ခင်း၊ ကြိတ်ကွေး ကျေးရွာများကို ပါရာမော်တာဖြင့် တိုက်ခိုက်ခဲ့ရာ နေအိမ် ၄ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။ KNU က ဤ တိုက်ခိုက်မှုများသည် အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်း ဖြစ်ပြီး ဒေသခံများကို အကြောက်တရားနှင့် အသက်ရှင်နေထိုင်ရသည့် အခြေအနေသို့ ရောက်ရှိစေခဲ့ကြောင်း ဆိုသည်။