စစ်ကိုင်းတိုင်းတွင် စစ်အာဏာသိမ်း ၅ နှစ်ပြည့်အကြို လူထုသပိတ်များ ဆက်လက်ပြင်းထန်
ဖေဖော်ဝါ ၁
The Kaladan Post
စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့များနှင့် ဒေသခံပြည်သူများက စစ်တပ်အာဏာသိမ်းမှု ၅ နှစ် ပြည့်ချိန် အကြိုအဖြစ် ယမန်နေ့ ဇန်နဝါရီ ၃၁ရက်နေ့တွင် လူထုသပိတ်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရ သည်။ ဝက်လက် မြို့နယ်ရှိ စျေးတစ်ခုတွင် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ရဲဘော်များက စစ်အာဏာသိမ်းမှု ၅ နှစ်ပြည့်ချိန်တွင် ပြည်သူများ တော်လှန်ရေးကို ပိုမိုအားထုတ်ကြရန် တိုက်တွန်းနှိုး ဆော်ထားသည်။ အလားတူ ယင်းမာပင်မြို့နယ်တွင်လည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ် ကြောင်းက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ပြီး စစ်တပ်ထုတ်ကုန်များကို ပြည်သူများ မသုံးစွဲကြရန် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။ ထို့အပြင် ယင်းမာပင်မြို့နယ်မြောက်ပိုင်းရှိ ရွှေဥက္ကံ လူထုသပိတ်စစ်ကြောင်းက ဦးဆောင်ကာ အဓမ္မကို အမြစ်ဖြတ်တော်လှန် လမ်းမပေါ်က ရွှေဥက္ကံ လူထုသပိတ်စစ်ကြောင်း ဟူသော ဆောင်ပုဒ်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကို ဆောင်ရွက်ခဲ့ကြသည်။

ရေးပြောက်ကျားတပ်ထံ အလင်းဝင်သူ တပ်သား ၈ ဦး စစ်တပ်ကို အမြစ်ပြတ်တိုက်ခိုက်မည်ဟု ပြောဆို
ဖေဖော်ဝါ ၁
The Kaladan Post
မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် အထူးတိုင်းစစ်ဌာန နည်းဗျူဟာ (၃၃) အမှတ်(၈၀၀၁) ရေးပြောက်ကျားတပ်(YGF)ထံ အာဏာသိမ်းစစ်တပ်မှ စစ်မှုထမ်း အပတ်စဉ် ၁၆ မှ လူငယ် ၈ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင် ပူးပေါင်းလာခဲ့ကြသည်။ အဆိုပါ တပ်သား များက တော်လှန်ရေးတွင် တက်ကြွစွာ ပါဝင်ကာ မင်းအောင်လှိုင်ဦးဆောင်သော စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ချေမှုန်းရန် ပြန်လည်တိုက်ခိုက်သွားမည်ဟု ကတိပြုကြ ကြောင်းသိရသည်။နည်းဗျူဟာ(၃၃) ဗျူဟာမှူး ရဲဘော်စောဒါးကိုက မင်းအောင်လှိုင်လက်အောက်တွင် ပေါ်တာဆွဲ၊ လူငယ်များကို စစ်သင် တန်းပေး ရှေ့တန်းသို့ အတင်းအဓမ္မ လွှတ်နေမှုများကို မတရားဟု ဝေဖန်ခဲ့ပြီး CDM လုပ်လာသော ညီငယ်များအားလုံး အာဏာရှင်ကျဆုံးရေး စိတ်ထားရှိကြောင်း ယုံကြည်ကာ ကျန်ရှိနေသော စစ်မှုထမ်း များကိုလည်း တော်လှန်ရေးဘက် ပူးပေါင်းကြရန်လည်း တိုက်တွန်းကြသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်မှ စတင် ကာ အလင်းဝင်သူ စုစုပေါင်း ၁၈ ဦးအထိ ရှိလာပြီဖြစ်ကာ ထက်ဝက်နီးပါး လက်နက်များ ယူဆောင်လာခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ရဲဘော်စောခေတ်သစ် က ပြောဆိုသည်။ ရေးပြောက်ကျားတပ်ဖွဲ့က အလင်းဝင်သူများကို နွေးထွေးစွာ ကြိုဆိုဂုဏ်ယူကြောင်း ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီတပ်သားများ နီးစပ်ရာ တော်လှန်ရေးအဖွဲ့များနှင့် ချိတ်ဆက်၍ အမြန်ဆုံး အလင်းဝင်ကြရန်လည်း နှိုးဆော်ထားသည်။

မြန်မာနိုင်ငံ ငရဲထဲ ရောက်ရှိနေရခြင်းသည် မင်းအောင်လှိုင်၏ လောဘကြောင့်ဟု ကင်မ်အဲရစ် ပြောဆို
ဖေဖော်ဝါ ၁
The Kaladan Post
ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်း က မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု ၅ နှစ်ပြည့်နေ့တွင် မင်းအောင်လှိုင်အား လောဘ၊ စိတ်အားသေးသိမ်မှုနှင့် အဆင်အခြင်မဲ့ လုပ်ရပ်များ ကြောင့် နိုင်ငံကို ငရဲထဲ ဆွဲချခဲ့သည်ဟု ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ သူက ယင်းကာလအတွင်း စစ်အာ ဏာရှင်စနစ်သည် ပြည်သူများကို ရက်စက်စွာ ဖိနှိပ်သတ်ဖြတ်မှု၊ အကြမ်းဖက်မှုများဖြင့် နိုင်ငံတစ်ခုလုံး ကို အကြမ်းဖက်ခံနေရသည့် အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း၊ ရာဇဝတ်မှုများ ပိုမိုကျယ်ပြန့်လာပြီး ကမ္ဘာ့လုံခြုံရေးကိုပါ ခြိမ်းခြောက်နေကြောင်း ထောက်ပြခဲ့သည်။ ထို့အပြင် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာကို မတရားဖမ်းဆီးထားဆဲဖြစ်ပြီး၊ သူမ နှင့် မိသားစု၊ ရှေ့နေများ၊ ဆရာဝန်များနှင့်ပင် တွေ့ဆုံခွင့် ငြင်းပယ်ခံထားရကာ ပြင်ပအဆက်အသွယ် လုံးဝ ဖြတ်တောက်ခံနေရသည်ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်၏ တစ်သက်လုံး မြှုပ်နှံခဲ့သော ဆန္ဒမှာ ပြည်သူများ ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး နှင့် အခွင့်အလမ်းများ တိုးတက်ရေးသာ ဖြစ်ကြောင်း သူက ဖော်ပြခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံးကို ချက်ချင်း လွှတ်ပေးရန်၊ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတရေး အတွက် ရပ်တည် ရန် နိုင်ငံတကာသို့ ကိုထိန်လင်းက တောင်းဆိုခဲ့သည်ဟု လည်းဆိုသည်။ စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲများသည် ကြောက်ရွံ့မှုအပေါ် တည်ဆောက်ထားသဖြင့် တရားဝင်မှု မရှိနိုင်ကြောင်း၊ ဒီမိုကရေစီ မရှိနိုင်ကြောင်း ပြတ်သားစွာ ထုတ်ဖော်ပြောဆိုခဲ့သည်။

ပေါက်ခေါင်း-အုတ်တွင်း လမ်းပိုင်း၌ စစ်တပ်စစ်ကြောင်း ထပ်မံတိုက်ခံရပြီး ၁၀ ဦး သေဆုံး
ဖေဖော်ဝါ ၁
The Kaladan Post
ပဲခူးတိုင်း ပေါက်ခေါင်း-အုတ်တွင်းလမ်းပိုင်းတွင် ကာကွယ်ရေးပူးပေါင်းတပ်များက စစ်တပ်စစ်ကြောင်း ထပ်မံ ကြားဖြတ်တိုက်ခိုက်၊ အင်အား ၁၀၀ ပါ စစ်ကြောင်း ပျက်စီးဆုံးရှုံး ပဲခူးတိုင်း၊ ပေါက်ခေါင်းနှင့် အုတ်တွင်းမြို့နယ်များကို ဆက်သွယ်ထားသော လမ်းပိုင်းတွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်တပ်၏ စစ်ကြောင်းကို ထပ်မံ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာန၊ အမှတ်(၂၁) ဗျူဟာ၊ ပြည်ခရိုင် တပ်ရင်း(၂)က ဇန်နဝါရီ ၃၁ရက်တွင် ထုတ်ပြန်သည်။ ဇန်နဝါရီ ၂၈ရက်က ပြည်-ပေါက်ခေါင်း မှ နယ်မြေရှင်းလင်းရန် ထွက်လာသော တိုင်းဗဟို(၆) အမြောက်တပ်မှ အင်အား ၁၅၀ ပါ စစ်တပ်စစ် ကြောင်းကို အုတ်တွင်းမြို့နယ် ပြောင်းချောင်းကျေးရွာအနီး၌ တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၅၀ နီးပါး သေဆုံးကာ စစ်ကြောင်းပျက်ပြီး တပ်ဆုတ်ထွက်ပြေးခဲ့ သည်။ ဇန်နဝါရီ ၂၉ ရက်တွင် တပ်ဆုတ်လာသော အင်အား ၁၀၀ နီးပါး စစ်ကောင်စီတပ်ဖွဲ့ကို ပေါက် ခေါင်း-အုတ်တွင်းလမ်းပိုင်း တံခွန်တိုင်ပေါက်အနီး၌ ဗျူဟာ(၂၁) ကွပ်ကဲမှု ဗျူဟာရုံးတိုက်ခိုက်ရေး တပ်ဖွဲ့၊ ပြည်ခရိုင်တပ်ရင်း(၁)၊ ပြည်ခရိုင်တပ်ရင်း(၂) တပ်ခွဲ(၁)၊ တပ်ခွဲ(၃) တို့က မိုင်း(၂)ကွင်းနှင့် မိုင်းဆွဲ၊ လက်နက်ငယ်များဖြင့် စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂၀ မိနစ်ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ဤတိုက်ပွဲ တွင် စစ်ကောင်စီဘက်မှ အနည်းဆုံး ၁၀ ဦး သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ပြီး MA-4 တစ်လက်၊ ၄၀ မမ အသီး ၁ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုစစ်ကြောင်း သည် ဇန်နဝါရီ ၃၀ ရက် ည ၆ နာရီခန့်တွင် ပေါက်ခေါင်းမြို့နယ် ဘော်ဒါ အထိုင်စခန်းသို့ အင်အား ၆၀ ဝန်းကျင်သာ ကျန်ရှိဘဲ ပြန်ရောက်ရှိခဲ့ကြောင်း သိရသည်။ ထိုနေ့ ညနေ ၅ နာရီခွဲခန့်တွင် ပေါက်ခေါင်း အခြေစိုက် ခလရ ၅၃ တပ်ရင်းသို့ ဖောက်ကားငါးစီး အင်အားဖြည့်တင်းရန် ရောက်ရှိခဲ့ပြီး လမ်းပိုင်း တွင် အထိနာခဲ့သဖြင့် စစ်ကောင်စီက အင်အားဖြည့်တင်းမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောဆိုသည်။

ချောက်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သား ၂၇ ဦး သေဆုံး
ဖေဖော်ဝါ ၁
The Kaladan Post
မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း ဇန်နဝါရီ ၂၉ ရက်နေ့က အကြမ်းဖက်စစ်တပ် အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းတစ်ခု ထိုးချီလာခဲ့ရာ ဗမာ့တပ်တော် (Bamar Army) အမှတ်(၃) စစ်ဦးစီးကွပ်ကဲရေးဒေသ၊ အမှတ်(၇၀၇) တပ်ရင်း လက်ရုံးတပ်ဖွဲ့နှင့် ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ ထိန်ကန်ကျေး ရွာ၊ လွင်ကြယ်ကန်ကျေးရွာ အနီးတဝိုက်တွင် ကြိုတင်စောင့်ကြိုကာ ခြုံခိုတိုက်ခိုက်ခဲ့ကြကြောင်း Bamar Army က ထုန်ပြန်သည်။ နံနက် ၁၁ နာရီ ၂၅ မိနစ်ခန့်တွင် စစ်ကြောင်းသည် မိုင်းကွင်းအတွင်း ဝင်ရောက်လာချိန် မိုင်းထိမှန်ကာ ပြင်းထန်စွာ ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ကာ နောက်ဆက်တွဲ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ အထိနာသဖြင့် လက်နက်ကြီးပစ်ကူယူ၍ ဆုတ်ခွာခဲ့ရသည်။ သို့သော် ဆုတ်ခွာချိန်တွင် ထိန်ကန်ကျေးရွာရှိ ပြည်သူ့ နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းတွင် ပြည်သူ ၁ ဦးနှင့် လမ်းပြပေးခဲ့ သည့် ပြည်သူ ၁ ဦးကို ရက်စက်စွာ သတ်ဖြတ်ကာ ပြည်သူပိုင် ဆိုင်ကယ်များကိုပါ မီးရှို့ခဲ့ပြီးနောက် နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် နောက်ပြန်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၂၇ ဦး သေဆုံးခဲ့ကြောင်း ပြန်လည်သိရှိရပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်တွင် ထိခိုက်မှု မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း Bamar Army က ပြောဆိုသည်။

ပုလောမြို့နယ် ပလမြို့နှင့် အနီးဝန်းကျင်ရွာများတွင် စစ်တပ်က နေအိမ် ၁၀၀ ကျော် မီးရှို့ဖျက်ဆီး
ဖေဖော်ဝါ ၁
The Kaladan Post
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့နှင့် အနီးဝန်းကျင်ကျေးရွာများတွင် ဇန်နဝါရီလ နောက်ပိုင်း အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ဆက်တိုက်မီးရှို့ဖျက်ဆီးမှုများကြောင့် နေအိမ် ၁၀၀ ကျော် မီးလောင်ပြာကျခဲ့ပြီး ဒေသခံပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသ စစ်ရေး သတင်းရင်းမြစ်ပြောဆို သည်။ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ပလမြို့ ရဲစခန်းမှ တပ်စွဲထားသော စစ်သားများက မြို့ပေါ် အမှတ်(၁)၊ (၂)၊ (၄) ဆားဖိုဆိပ်ရပ်ကွက်အပါအဝင် ရပ်ကွက် ၄ ခုရှိ ပြည်သူပိုင်နေအိမ်များကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး/ငယ်ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ခဲ့ရာ နေအိမ် ၇၈ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထုတ်ပြန် ထားသည်။ဇန်နဝါရီလ ၂၈ ရက် ညပိုင်းတွင်လည်း ပလမြို့ အနီး တိုရွာကို စစ်ကြောင်းထိုးဝင်ရောက် ကာ နေအိမ်များကို ထပ်မံမီးရှို့ခဲ့ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲများလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့နောက် ဇန်နဝါရီလ ၃၁ ရက်နေ့ နေ့လယ်ပိုင်းတွင် ပုလောမြို့နယ် ရှပ်ပုံရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၄၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများနှင့် သတင်းရင်းမြစ်များက ဆိုသည်။ ရှပ်ပုံရွာသည် ပုလောမြို့နှင့် နီးကပ်ပြီး စစ်တပ်က ကျေးရွာအနီး တပ်ဖြန့်ထားသောကြောင့် ပျက်စီးမှု အသေးစိတ်ကို အတည်ပြုရန် ခက်ခဲနေဆဲ ဖြစ်သည်။ ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့က ပုလောမြို့နယ်အတွင်း နေ့စဉ်လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေမှုကြောင့် ပြည်သူများ ဘေးလွတ်ရာ ထပ်မံထွက်ပြေးနေရပြီး လက်နက်ကြီးထိမှန်သူ မရှိကြောင်း သိရသည်။

စစ်တပ်၏ ရွေးကောက်ပွဲ လုပ်ငန်းစဉ်သည် လွတ်လပ်၍ တရားမျှတမှု မရှိဟု ဥရောပသမဂ္ဂ ထုတ်ပြန်
ဖေဖော်ဝါ ၁
The Kaladan Post
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု ၅ နှစ်ပြည့်နှစ်ပတ်လည် ဖြစ်သည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်ကောင်စီ၏ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပခဲ့သော ရွေးကောက် ပွဲလုပ်ငန်းစဉ်ကို ပြင်းထန်စွာ ရှုတ်ချကြောင်း ဥရောပသမဂ္ဂ (EU) က ထုတ်ပြန်သည်။ EU အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့က ထုတ်ပြန်ချက်တွင် အဆိုပါ ရွေးကောက်ပွဲကို အနီးကပ်စောင့်ကြည့်ခဲ့ကြောင်း၊ လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများနှင့် လုပ်ငန်းစဉ်ဆောင်ရွက်ပုံများအရ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများနှင့် ကိုက်ညီသော လွတ်လပ်၊ တရားမျှတပြီး ယုံကြည်စိတ်ချရသော ရွေးကောက်ပွဲ မဖြစ်ခဲ့ကြောင်း ထောက်ပြထားသည်။ အထူးသဖြင့် ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်ခွင့်နှင့် ပါဝင် ပတ်သက်မှု မရှိခြင်း၊ ကြောက်ရွံ့မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြင်းထန်နေသော ပတ်ဝန်းကျင် တွင် ကျင်းပခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်။ ၂၀၂၀ ရွေးကောက်ပွဲ လွတ်လပ်၍ တရားမျှ တမှုရှိခဲ့ပြီးနောက် ဖြစ်ပွားခဲ့သော စစ်အာဏာသိမ်းမှုကို EU က အစဉ်တစိုက် ပြင်းထန်စွာ ရှုတ်ချခဲ့ ကြောင်း၊ ယခု ၅ နှစ်ကြာပြီးနောက်တွင်လည်း ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပြီး ပြည်သူ သန်း ပေါင်းများစွာ ဆင်းရဲဒုက္ခများ ကြုံနေရကြောင်း ဆိုသည်။ ထို့အပြင် အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းခံ ထားရသော အကျဉ်းသားများအားလုံး အပါအဝင် ရွေးကောက်ပွဲနှင့် ဆက်စပ်ဖမ်းဆီးခံရသူများကို ချက်ချင်း လွှတ်ပေးရန်လည်း တောင်းဆိုခဲ့သည်။ လူသားချင်းစာနာထောက်ထားမှု အခြေအနေ ဆိုးရွား နေဆဲဖြစ်ပြီး လူဦးရေ ၁၆ သန်းကျော် အရေးပေါ် အကူအညီလိုအပ်နေကာ ပြည်တွင်း နေရပ်စွန့်ခွာရသူ ၃.၆ သန်းကျော်ရှိနေကြောင်း၊ မြန်မာနိုင်ငံသားများစွာ အိမ်နီးချင်း နိုင်ငံများသို့ ထွက်ပြေးခိုလှုံနေရ ကြောင်း EU က ထောက်ပြထားသည်။
