စစ်တပ်၏ လိင်အကြမ်းဖက်မှုကြောင့် မြန်မာအမျိုးသမီးများ ထွက်ပြေးစရာ လုံခြုံရာမရှိဟု သံအမတ်ကြီး ပြောဆို
ဖေဖော် ၂၁
The Kaladan Post
မြန်မာနိုင်ငံတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် လုံခြုံရာ ထွက်ပြေးစရာမြေ မရှိတော့ကြောင်း ကုလသမဂ္ဂတွင် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားခဲ့သည်။ ကုလသမဂ္ဂ အမျိုးသမီးရေးရာ အမှုဆောင်ဘုတ်အဖွဲ့ (CSW) ၏ ၂၀၂၆ ခုနှစ် ပထမအကြိမ် ပုံမှန်အစည်းအဝေး (နယူးယောက်မြို့၊ ဖေဖော်ဝါရီ ၁၈ ရက်) တွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့ရာ စစ်တပ်၏ လိင်အခြေပြု အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ စနစ်တကျ ကျူးလွန်နေသော ရက်စက်မှုများကြောင့် အမျိုးသမီးများနှင့် မိန်းကလေး ငယ်များ အထူးထိခိုက်လွယ်နေကြောင်း မီးမောင်းထိုးပြခဲ့သည်။ ၎င်းက ဆက်လက်ရှင်းပြရာ စစ်အာဏာသိမ်းမှု ၅ နှစ်ကျော်ကြာ လာချိန်တွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ နေရပ်စွန့်ခွာစေမှု၊ ကျန်းမာရေးနှင့် တရားမျှတမှု ပိတ်ဆို့ခံရမှု စသည်တို့ နေ့စဉ်ရင်ဆိုင်နေရသော အမှန်တရားများဖြစ်လာ ကြောင်း၊ စစ်တပ်၏ အဓမ္မ စစ်သားစုဆောင်းမှုကြောင့် မိန်းကလေးငယ်များနှင့် မိဘများပါ ကြောက်ရွံ့မှုအောက်တွင် နေထိုင်နေရကြောင်း ထောက်ပြခဲ့သည်။ လက်ရှိ မြန်မာနိုင်ငံတွင် လူ ၇,၈၀၀ ကျော် စစ်တပ်က သတ်ဖြတ်ခံခဲ့ရပြီး၊ ဒုက္ခသည် ၃.၆ သန်းကျော်၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်သူ ၂၂ သန်းခန့်ရှိကာ ထိုအထဲတွင် အမျိုးသမီးနှင့် မိန်းကလေးငယ် ၁၀.၄ သန်းကျော် ပါဝင်နေကြောင်း ဖော်ပြခဲ့သည်။ သံအမတ်ကြီးက ကုလသမဂ္ဂ၊ အလှူရှင်နိုင်ငံများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ၊ အမျိုးသမီးဦးဆောင် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း တိုက်တွန်းခဲ့ပြီး စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲများကို အသုံးချ၍ တရားဝင်မှု ရယူရန် ကြိုးပမ်းမှုများကို ပြတ်သားစွာ ကန့်ကွက်ရန် တောင်းဆိုခဲ့သည်။

ချင်းအမျိုးသားနေ့တွင် စစ်တပ်တိုက်ခိုက်မှုကြောင့် ၃ နှစ်ကလေးအပါအဝင် အရပ်သား ၂ ဦး သေဆုံး
ဖေဖော် ၂၁
The Kaladan Post
ဖေဖော်ဝါရီ ၂၀ ရက်နေ့ ချင်းအမျိုးသားနေ့ (၇၈ နှစ်မြောက်) အခမ်းအနားကို ဒရုန်းဖြင့် တိုက်ခိုက်မှု အပေါ် စစ်တပ်က လက်တုံ့ပြန်သည့်အနေဖြင့် ဟားခါးမြို့ လျှပ်စစ်ဌာနရုံးကို ဝင်ရောက်စီးနင်းခဲ့ပြီး တာဝန်ထမ်းဆောင်နေသော အသက် ၃၁ နှစ်အရွယ် လျှပ်စစ်ဝန်ထမ်း ဦးဗန်ဆွီအုပ်လာလ် (Mr Van Sui Uk Lal) ကို ဦးခေါင်းတည့်တည့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ သေဆုံးသူမှာ ဖလမ်းမြို့မှ စစ်ဘေးရှောင်လာသော ဝန်ထမ်းတစ်ဦးဖြစ်ပြီး ဇနီးနှင့် ၁ နှစ်အရွယ် သမီးငယ်တစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ် စင်ခွာ (Cinkhua) ကျေးရွာကို ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၃ နှစ်အရွယ် Lucas Vel Tha Bawi ကလေးငယ်မှာ ပေါက်ကွဲသံကြောင့် ထိတ်လန့်မေ့မြောသွားပြီး နောက်တစ်နေ့ (၂၀ ရက်) နံနက်တွင် ကွယ်လွန်ခဲ့ကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်များက ပြောဆိုသည်။ ယင်းတိုက်ခိုက်မှုတွင် အသက် ၈၂ နှစ်အရွယ် ဦးသတ်လွိုင်နှင့် ၅၂ နှစ်အရွယ် ဒေါ်ဆွေလှေ တို့ ဒဏ်ရာရရှိခဲ့ပြီး ဟားခါးမြို့တွင် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။ ချင်းအမျိုးသားနေ့ တစ်နေ့တည်းတွင်ပင် စစ်တပ်က ဖလမ်းမြို့နယ်ရှိ ကျေးရွာ ၆ ရွာထက်မနည်းနှင့် ဟားခါး-ဖလမ်း လမ်းမပေါ်ရှိ ကျေးရွာများကို လေကြောင်းမှ ဆက်တိုက် တိုက်ခိုက်ခဲ့ရာ နေအိမ်များ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပြီး အရပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်များက ဆိုသည်။

လိုင်ဇာမြို့ အနီး KIA တပ်စခန်းကို စစ်တပ်က လေကြောင်းနှင့် အသေခံဒရုန်းဖြင့် တိုက်ခိုက်
ဖေဖော် ၂၁
The Kaladan Post
ကချင်ပြည်နယ်၊ လိုင်ဇာမြို့ မြောက်ဘက် တောင်ကုန်းရှိ KIA တပ်စခန်းကို ဖေဖော်ဝါရီ ၂၀ ရက် ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် စစ်တပ် တိုက်လေယာဉ်ဖြင့် ဗုံး ၂ လုံး ကြဲခဲ့သည့်အပြင် အသေခံဒရုန်း ၃ စီးဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောဆိုသည်။လေယာဉ်သည် လိုင်ဇာမြို့ကို တိုက်ရိုက် မကြဲခဲ့ဘဲ အပြန်လမ်းတွင် တပ်စခန်းကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်ကြောင်း၊ တိုက်ခိုက်မှု ကြောင့် လူထိခိုက်သေဆုံးမှု မရှိကြောင်း အဆိုပါ ရင်းမြစ်များက အသိပေးသည်။ ယင်းဖြစ်စဉ်မတိုင်မီ ဖေဖော်ဝါရီ ၂၀ ရက် ည ၈ နာရီကျော်တွင် မြစ်ကြီးနားလေဆိပ်တွင် ပေါက်ကွဲမှုနှင့် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ပြီး ခရီးသည်တင် လေယာဉ်တစ်စီး၏ အမြီးပိုင်း ထိခိုက်ခဲ့သည်။ ထို့နောက် စစ်တပ်က လိုင်ဇာဘက် လေယာဉ်ပျံဝဲခြင်း၊ တပ်စခန်း ဗုံးကြဲခြင်းအပြင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ မြစ်ကြီးနားမြို့တွင် လူထိခိုက်မှု ရှိခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ မြစ်ကြီးနား လေဆိပ် တိုက်ခိုက်ခံရမှုကို စစ်တပ်ကိုယ်တိုင် ဖန်တီးထားခြင်းဖြစ်ပြီး တရုတ်အာဏာပိုင်များနှင့် မြစ်ဆုံစီမံကိန်း ဆွေးနွေးနေချိန်တွင် KIA/PDF ကို နာမည်ပျက်အောင် လုပ်ဆောင်လိုခြင်း ဖြစ်နိုင် ကြောင်း ကချင်သတင်းရင်းမြစ်က သုံးသပ်ထားသည်။ မြစ်ကြီးနားလေဆိပ် ဖြစ်စဉ်နှင့် ပတ်သက်ပြီး KIA အနေဖြင့် အများပြည်သူ သုံးစွဲသော လေဆိပ်ကို တိုက်ခိုက်မည် မဟုတ်ကြောင်း၊ စစ်ကောင်စီက လူထုအား အမြင်မှားအောင် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ရှင်းပြခဲ့သည်။ ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်းတွင် မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် မြစ်ဆုံစီမံကိန်း ဆိုင်ရာ လူထုတွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်း KNG သတင်းဌာနက ဖော်ပြထားသည်။

သရက်ချောင်း ဝင်းဝစခန်းတိုက်ပွဲတွင် KNLA တပ်ခွဲမှူး စောဘဦးသစ် ကျဆုံး
ဖေဖော် ၂၁
The Kaladan Post
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ ဝင်းဝစခန်းအနီး တိုက်ပွဲအ တွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၁၂)၊ တပ်ခွဲ (၂) မှ တပ်ခွဲမှူး ဖိုးသောကြာ (ခ) စောဘဦးသစ် ဗုံးစထိမှန် သေဆုံးခဲ့ ကြောင်း KNU တပ်မဟာ (၄)၊ မြိတ်-ထားဝယ်ခရိုင်မှ သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီ ၁၉ ရက် မနက် ၉ နာရီ ၂၇ မိနစ်ခန့်က K8W ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အဆိုပါ တပ်ခွဲမှူး ကျဆုံးခဲ့ခြင်း ဖြစ်သည်။ ဖေဖော်ဝါရီလ ဒုတိယအပတ်မှ စတင်ကာ KNLA နှင့် PDF ပူးပေါင်းတပ်များက ဝင်းဝစခန်းကို ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်နေချိန် စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။ ဖေဖော်ဝါရီ ၁၂ ရက်မှ ၂၀ ရက်အထိ မင်းဒပ်၊ ကနက်သီရိ၊ သိမ်ကုန်း၊ ဝင်းဝ၊ ချောက်ချောင်း၊ ချောင်းဝပြင်၊ စုံစင်ဖျား၊ ပြင်းဖြူသား စသည့် ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျေးရွာ ၅ ရွာကို ဗုံးအလုံး ၁၀ ချီကျော် ကြဲချခဲ့ကြောင်း သိရသည်။စစ်ကောင်စီတပ်က K8W နှင့် Y12 လေယာဉ်များဖြင့် ဗုံးအလုံးရေ ဆယ်ဂဏန်းခန့် ကြဲချခဲ့ပြီး ပေါင် ၂၅၀ ဗုံးများပါ အသုံးပြုခဲ့သည်။ ဖေဖော်ဝါရီ ၃ ရက်က ဖုန်းလိုင်းများကို KNLA က ဖြတ်တောက်ခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက်မှ စ၍ မြိတ်-ထားဝယ် အမှတ် (၈) ကားလမ်းကို ဖြတ်သန်းခွင့် ပိတ်ထားဆဲ ဖြစ်သည်။ ဖေဖော်ဝါရီ ၁၀ ရက်က သဲချောင်းကြီးရွာဘက် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၀ ဦးခန့် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။

ဗိုလ်နဂါးဦးဆောင် BNRA အဖွဲ့မှ ခေါင်းဆောင်ပိုင်း အပါအဝင် ၅ ဦး စစ်တပ်နှင့် ထပ်မံ ပူးပေါင်း
ဖေဖော် ၂၁
The Kaladan Post
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့မှ ဒုတိယအဖွဲ့ခေါင်းဆောင်၊ တတိယတာဝန်ခံ အပါအဝင် ၅ ဦးသည် လက်နက်မျိုးစုံ ၅ လက်နှင့် ဆက်စပ်ပစ္စည်းများအတူ ဖေဖော်ဝါရီ ၂၀ ရက်တွင် စစ်တပ်လက်အောက်ခံ လုံခြုံရေးတပ် စခန်းတစ်ခုသို့ ဆက်သွယ်ဝင်ရောက်လာကြောင်း စစ်တပ် ပြန်ကြားရေးက ထုတ်ပြန်သည်။ ဗိုလ်နဂါး (နိုင်လင်း) မှာ မိသားစုဝင်များနှင့်အတူ လက်နက်ချ အလင်းဝင်ရောက်ခဲ့ပြီး အကြမ်းဖက်လုပ်ရပ်များကို မနှစ်မြို့တော့သည့်အတွက် ပူးပေါင်းလာခြင်းဖြစ်ကြောင်း စစ်တပ်က ဆိုသည်။ ထို့အပြင် BNRA ဒုတိယခေါင်းဆောင်က တော်လှန်ရေးလုပ်ရင်း တိုင်းပြည်တည်ဆောက်ရေး ပိုကောင်းမွန်စေရန် ယုံကြည်ခဲ့သော်လည်း အမှန်တကယ် ဆောင်ရွတ်ချိန်တွင် မကောင်းမွန်သော အခြေအနေကို ခံစားရသဖြင့် အလင်းဝင်ရောက်လာခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။ BNRA တပ်ဖွဲ့သည် အရပ်သားပြည်သူများအပေါ် ဖိနှိပ်မှု၊ အမျိုးသမီးငယ်များအပေါ် အဓမ္မပြုကျင့်မှု၊ မတရားအခွန် ကောက်ခံမှုများကြောင့် NUG က ဖမ်းဆီးအရေးယူနိုင်ရန် လုပ်ဆောင်ခဲ့သော်လည်း နိုင်ခဲ့ကြောင်း သိရသည်။ ဗိုလ်နဂါးနှင့် အပေါင်းအပါအချို့ စစ်ကောင်စီတပ်နှင့် ပူးပေါင်းသွားပြီးနောက် ပုလဲမြို့နယ်အတွင်း စစ်ရေးအရှိန်ပြင်းထန်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် အထူး သတိထားရန်နှင့် သတင်းပေးချက်များဖြင့် တော်လှန်ရေးတပ်ဖွဲ့များကို စစ်တပ်က တိုက်ခိုက် လာနိုင်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအသိုင်းအဝိုင်းက သတိပေးထားသည်။

မြင်းခြံ-ညောင်ဦး လမ်းပိုင်းတွင် စစ်တပ်ကား ၂ စီး မိုင်းဆွဲခံရပြီး စစ်သား ၅ ဦး သေဆုံး
ဖေဖော် ၂၁
The Kaladan Post
မန္တလေးတိုင်း၊ မြင်းခြံ-ညောင်ဦး လမ်းပိုင်းတွင် ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၈ နာရီကျော်က ညောင်ဦး မြို့နယ် လက်ပံခြေပေါ်ရွာမှ ထွက်လာသော စစ်ကောင်စီ စစ်ကား ၂ စီး (အင်အား ၄၀ ခန့်ပါ) ကို တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးကာ ၄ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း Brethren Guerrilla Force က ပြောဆိုသည်။ အဆိုပါ တိုက်ခိုက်မှုကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ညီနောင်ပျောက်ကြားတပ်ဖွဲ့) နှင့် ညောင်ဦးခရိုင် အမှတ်(၅) တပ်ရင်းတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။ ယင်းလမ်းပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့များ လုံခြုံရေး ကင်းပတ်မှုများ ပုံမှန် ဆောင်ရွက်နေချိန် တော်လှန်ရေးတပ်များ၏ မိုင်းတိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွားလျက်ရှိကြောင်း Brethren Guerrilla Force ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ကျောက်ကြီးမြို့နယ်တွင် စစ်တပ် စစ်မှုထမ်းတပ်သားသစ် ၁၀ ဦး KNU ထံ အလင်းဝင်
ဖေဖော် ၂၁
The Kaladan Post
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီ၏ ခမရ ၄၃၉ နှင့် ခမရ ၅၉၈ တပ်ရင်းများတွင် တာ ဝန်ကျနေသော စစ်မှုထမ်းသင်တန်း ဆင်းသစ်များထဲမှ တပ်သားသစ် ၁၀ ဦးသည် မိမိတို့ ဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရမှုကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ထံ လက်နက်ချ အလင်းဝင်ရောက်လာခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီ ၁၇ ရက်တွင် ခမရ ၄၃၉ တပ်ရင်းမှ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၅ နှင့် ၁၃ မှ ဆင်းသည့် တပ်သားသစ် ၄ ဦး (အသက် ၂၄ မှ ၃၄ နှစ်အရွယ် မောင်ချစ်ဝေဖြိုး၊ မောင်ချစ်မောင်မောင်၊ မောင်သက်လွင်ဦး၊ မောင်သက်လွင်စိုး) တို့သည် KNDO တပ်ရင်း ၃ ထံ လက်နက်ချ ဝင်ရောက်ခဲ့ပြီး၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် ခမရ ၅၉၈ တပ်ရင်းမှ စစ်မှုထမ်း အပတ်စဉ် ၁၆ မှ ဆင်းသည့် တပ်သားသစ် ၆ ဦး (အသက် ၃၀ မှ ၄၈ နှစ်အရွယ် မောင်မျိုးဝင်းဇော်၊ သန်းဌေးအောင်၊ ကျော်လင်းထက်၊ ရဲကျော်သူဝင်း၊ တင်မောင်မြင့်၊ ဖိုးသား) တို့သည် KNLA တပ်ရင်း ၉ ထံ ထပ်မံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။ အလင်းဝင်သူများကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားပြီး၊ စစ်တပ်အတွင်း အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံ နေရသူများအနေဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ အမြန်ဆုံး လက်နက်ချ အလင်းဝင် ရောက်လာကြရန် KNU ဗဟိုက တိုက်တွန်းနှိုးဆော်ထားသည်။

သပိတ်ကျင်းမြို့နယ်တွင် စစ်တပ် တကောင်းမြို့သို့ ထိုးစစ်ဆင်ကြောင့် တိုက်ပွဲပြင်းထန်နေ
ဖေဖော် ၂၁
The Kaladan Post
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ထိန်းချုပ် ထားသော တကောင်းမြို့ကို ပြန်လည်သိမ်းပိုက်ရန် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လျက်ရှိပြီး တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေကြောင်း စစ်ရေးရင်းမြစ်များထံမှ သိရသည်။ ဖေဖော်ဝါရီလ ပထမပတ်မှစတင်ကာ အမှတ်(၁၃) တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တတက-၁၃) မှ စစ်ကောင်စီတပ်ဖွဲ့သည် အသေခံဒရုန်းများအပါအဝင် လက်နက်ကြီးများဖြင့် ထိုးစစ်ဆင်လာခဲ့ပြီး တွင်းငယ်ကျေးရွာအနီးမှ စတင်ကာ မြောက်ဘက်သို့ တိုးချဲ့လာကြောင်းသိရသည်။ ဖေဖော်ဝါရီ ၁၄ ရက်တွင် ရှားတောကျေးရွာကို သိမ်းပိုက်ခဲ့ပြီး ယခုအချိန်ထိ အထိုင်ချကာ ကြာညှပ်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးနေပြီး ရှားတောနှင့် ကြာညှပ်ကျေးရွာအကြား မိုင် ၁၀ ခန့်သာ ကွာဝေးပြီး ကြာညှပ်မှ တကောင်းမြို့သို့လည်း မိုင် ၁၀ ခန့်သာ ကွာသည်ဟု သိရသည်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း တော်လှန်ရေးတပ်များက သိမ်းပိုက်ခဲ့သော မန္တလေးတိုင်းအတွင်း မြို့များဖြစ်သည့် မတ္တရာ၊ စဉ့်ကူး၊ တကောင်း၊ သပိတ်ကျင်း၊ မိုးကုတ်၊ မိုးမိတ်တို့အနက် တကောင်းမြို့တစ်မြို့သာ ကျန်ရှိနေပြီး စစ်ကောင်စီက ဆက်လက် ပြန်လည်ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

မြစ်ကြီးနားလေဆိပ် ဒရုန်းတိုက်ခိုက်ခံရပြီး လေကြောင်းခရီးစဉ်များ ယာယီရပ်ဆိုင်း
ဖေဖော် ၂၁
The Kaladan Post
ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်တွင် ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်း မြန်မာအမျိုးသားလေကြောင်း လိုင်း (MNA) ပိုင် ATR-72-600 အမျိုးအစား ခရီးသည်တင်လေယာဉ်တစ်စင်း အသေခံဒရုန်း (FPV suicide drone) ဖြင့် တိုက်ခိုက်ခံခဲ့ရပြီး လေယာဉ်၏ အမြီးပိုင်း၊ ကိုယ်ထည်အလယ်ပိုင်းနှင့် ခေါင်းပိုင်း တို့တွင် အနည်းငယ် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း စစ်တပ်ကထုတ်ပြန်ထားသည်။ လေယာဉ်သည် မန္တလေးသို့ ထွက်ခွာ ရန် ပြင်ဆင်နေချိန်တွင် ဖြစ်ပွားခဲ့ပြီး ခရီးသည် ၁၀၀ နီးပါး ပါဝင်ခဲ့သော်လည်း ခရီးသည်များနှင့် လေယာဉ်ဝန်ထမ်းများ ထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း အရေးပေါ်ဆင်းသက်နိုင်ခဲ့ သည်။ ဖြစ်စဉ်နောက်ပိုင်း မြစ်ကြီးနားလေဆိပ်မှ ထွက်ခွာသည့် လေကြောင်းခရီးစဉ်များကို ဖေဖော်ဝါရီ ၂၁ ရက်မှစ၍ ရက်အကန့်အသတ်မရှိ (အချို့အရင်းအမြစ်များအရ ၃ လကြာ) ရပ်ဆိုင်းထားကြောင်း ဒေသခံများနှင့် လေကြောင်းလိုင်းဝန်ထမ်းများထံမှ သိရသည်။ စစ်တပ်ဘက်က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းအဖွဲ့က အရပ်သားခရီးသည် တင်လေယာဉ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲ ထုတ်ပြန်ထားသည်။ သို့သော် KIA ဘက်က အရပ်သားပစ်မှတ်များကို တိုက်ခိုက်စရာ အကြောင်းမရှိဟု ငြင်းဆိုကာ စစ်ကောင်စီက ပြည်သူများ အထင်လွဲစေရန် လုပ်ကြံဖန်တီးထားခြင်း ဖြစ်နိုင်ကြောင်း တုံ့ပြန်ထားသည်။ မြစ်ကြီးနား လေဆိပ်သည် ကချင်ပြည်နယ်အတွင်း အဓိက လေကြောင်းခရီးစဉ်အချက်အချာ ဖြစ်ပြီး ယခုဖြစ်စဉ် ကြောင့် ဒေသခံများ ခရီးသွားလာရေး အခက်အခဲ ပိုမိုကြုံတွေ့နေရသည်။
