စစ်တပ်လေယာဉ်ဆီ ထောက်ပံ့ရေး ကွင်းဆက်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်ရန် JFM တောင်းဆို
ဖေဖော် ၂၄
The Kaladan Post
တရားမဲ့ မြန်မာစစ်အုပ်စု၏ လေယာဉ်ဆီ ထောက်ပံ့ရေးကွင်းဆက်တွင် ပါဝင်ပတ်သက်နေသော သင်္ဘောများနှင့် ကုမ္ပဏီများကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချက်ချင်း ချမှတ်ရန်နှင့် မြန်မာသို့ လေယာဉ်ဆီ တင်ပို့မှုများကို လုံးဝ တားဆီးရန် Justice For Myanmar (JFM) က အီးယူ၊ ယူကေ၊ ကနေဒါ၊ အမေရိကန်နှင့် ဩစတေးလျ အစိုးရများကို တောင်းဆိုကြောင်း ၎င်းက ထုတ်ပြန် သည်။ ဤထောက်ပံ့မှုက စစ်တပ်၏ အရပ်သားများအပေါ် လေကြောင်း အကြမ်းဖက်တိုက်ခိုက်မှု များကို အားပေးနေခြင်း ဖြစ်ကြောင်း JFM က ပြောဆိုသည်။ ၂၀၂၅ ခုနှစ်တွင် စစ်ကောင်စီ၏ အတု ရွေးကောက်ပွဲ ပြင်ဆင်မှုနှင့်အတူ လေကြောင်း တိုက်ခိုက်မှုများ မကြုံစဖူး များပြားခဲ့ပြီး ကျောင်း၊ ဆေးရုံနှင့် ရပ်ရွာများ ပျက်စီးကာ ကလေးများအပါအဝင် အသက်ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည်။ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ အချက်အလက်အရ လေယာဉ်ဆီ တင်သွင်းမှု ပမာဏမှာ ၂၀၂၄ ခုနှစ်မှ ၂၀၂၅ သို့ နှစ်ဆနီးပါး တိုးလာခဲ့သည်။ Amnesty International နှင့် Reuters တို့၏ မကြာသေးမီ သက်သေ အထောက်အထားများအရ ဤတင်ပို့မှုများမှာ အီရန်ဆက်နွယ် “မှောင်ခို သင်္ဘော အုပ်စု” များမှ ပံ့ပိုးနေ ကြောင်း တွေ့ရှိရသည်။ JFM က ဒဏ်ခတ်ချမှတ်ရန် တောင်းဆိုထားသော သင်္ဘောများမှာ BARAAWE 1 (IMO 9646479)၊ LS MERCURY (IMO 9657507)၊ REEF (IMO 9263382) နှင့် NOBLE (IMO 9162928) တို့ ဖြစ်ပြီး ယင်းတို့၏ ပိုင်ရှင်နှင့် မန်နေဂျာများဖြစ်သော Abu Marine Co. Ltd.၊ Pacific Light Operation and Ship Management၊ Allsea Management JSC၊ Legendsea Co. Ltd.၊ Sea Route Ship Management FZE၊ Amethyst Maritime Ventures SA၊ Sea Hill Maritime SA တို့ကိုလည်း ပစ်မှတ်ထားရန် JFM က တိုက်တွန်းထားသည်။ ထို့ပြင် ဗီယက်နမ်အခြေစိုက် Hai Linh Co. Ltd. ၏ Cai Mep Petroleum Terminal ဆိပ်ကမ်းနှင့် စစ်တပ် ထိန်းချုပ်ထားသော Myanma Petrochemical Enterprise (MPE) ကိုပါ ဒဏ်ခတ်ရန် ဆိုသည်။ ၂၀၂၃ မှစ၍ နိုင်ငံတကာ အစိုးရ များက ကွင်းဆက်အပေါ် ဒဏ်ခတ်မှုများ ချမှတ်ခဲ့သော်လည်း စစ်ကောင်စုနှင့် ပံ့ပိုးသူများက ရှောင်ရှားနည်းလမ်းများ အသုံးပြုနေကြောင်း ဆိုသည်။ JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဗီယက်နမ်မှ အီရန်အထိ ကျယ်ပြန့်သော ကွင်းဆက်က စစ်တပ်၏ ရာဇဝတ်မှုများကို အားပေးနေကြောင်း၊ အာဆီယံ၏ ပျက်ကွက်မှုက မြန်မာ အကျပ်အတည်းကို ဟန့်တားနေကြောင်း ထောက်ပြခဲ့သည်။ ကနေဒါနိုင်ငံက လေယာဉ်ဆီ တင်ပို့၊ သယ်ယူနှင့် အာမခံ ဝန်ဆောင်မှုများကို ပိတ်ပင်ထားသည့် ဦးဆောင်မှုကို အခြားနိုင်ငံများက လိုက်နာရန်နှင့် ဤ သွေးစွန်းကုန်သွယ်မှုကို ရပ်တန့်ရန် တောင်းဆိုခဲ့သည်။ မြန်မာ ပြည်သူများ၏ အသက်အိုးအိမ်များမှာ ဤ အရေးယူမှုများအပေါ် မှီခိုနေကြောင်း မရတနာမောင်က အလေးပေး ပြောကြားခဲ့သည်။

ချောက်မြို့နယ်နှင့် ညောင်ဦးမြို့နယ်အစပ်တွင် စစ်တပ် စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၀ ဦးခန့် သေဆုံး
ဖေဖော် ၂၄
The Kaladan Post
မကွေးခရိုင် ချောက်မြို့နယ်နှင့် မန္တလေးတိုင်း ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အဆက် ကြီးနီ၊ သွေးနက် ဘက်မှ တက်လာသော စစ်ကောင်စီ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ ကြောင်း မကွေးခရိုင်အမှတ်(၁) တပ်ရင်း ထုတ်ပြန်သည်။ အဆိုပါတိုက်ခိုက်မှုကို မကွေးခရိုင်စစ်ဌာန ကွပ်ကဲမှုအောက်ရှိ မကွေးခရိုင်အမှတ်(၁) တပ်ရင်း၊ အမှတ်(၃) တပ်ရင်း၊ SR-7 မကွေးတိုင်း အထူး လှုပ်ရှားတပ်ရင်း (၇) နှင့် ဧရာဒေါင်း (Local) အဖွဲ့များက ပူးပေါင်း ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက် နံနက် ၉:၃၅ နာရီတွင် ပထမအကြိမ် မိနစ် ၃၀ ခန့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နောက်ထပ် ၁၀:၁၈ နာရီတွင် ဒုတိယအကြိမ် မိနစ် ၅ ခန့် ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့မှ စစ်သား ၁၀ ဦးဝန်းကျင် သေဆုံးကာ အများအပြား ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်တွင် ထိခိုက်မှု မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း မကွေးခရိုင်စစ်ဌာနက ပြောဆိုသည်။ စစ်ကြောင်းသည် ဆင်ကဘက်မှ တက်လာပြီး ဗိုလ်ကုန်းကျေးရွာနှင့် စန်းကန်ကျေးရွာ ကြားသို့ ရောက်ရှိလာချိန် တွင် ထိတွေ့မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မကွေးခရိုင်စစ်ဌာန အောက်ရှိ တပ်ရင်း/တပ်ဖွဲ့များနှင့် တော်လှန်ရေး အင်အားစုများက ပူးပေါင်း၍ အာဏာရှင်အမြစ်ဖြတ် တိုက်ပွဲများကို အရှိန်မြှင့် ဆက်လက် ဖော်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်သား ၂ ဦး လက်နက်နှင့်အတူ အလင်းဝင်များကို ဂုဏ်ပြုဆု သိန်း ၅၀ ချီးမြှင့်
ဖေဖော် ၂၄
The Kaladan Post
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ဆွတ်နန်းရွာတွင် စစ်ကောင်စီ၏ စစ်မှုထမ်းတပ်သားတစ်ဦးသည် MA1 သေနတ် ၁ လက်နှင့်အတူ ဖေဖော်ဝါရီ ၂၂ ရက်က မော်လိုက်တော်လှန်ရေးအင်အားစုထံ ဆက်သွယ်အလင်းဝင်ရောက်ခဲ့သည်။ အဆိုပါ တပ်သားသည် ရန်ကုန်တိုင်းအတွင်း အတင်းအကျပ် ပေါ်တာဆွဲခံရပြီး စစ်မှုထမ်း အပတ်စဉ် ၁၇ သင်တန်းဆင်းခဲ့သူဖြစ်ကြောင်း သိရသည်။ မော်လိုက်တော်လှန်ရေးအင်အားစုက ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်ပြန်ရာ လက်နက်ပါ အလင်းဝင်မှုအတွက် ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ ပေးအပ်ခဲ့ကြောင်း ဖော်ပြထားသည်။ ထို့အပြင် ပဲခူးတိုင်း၊ တောင်ငူမြို့ အခြေစိုက် စစ်ကောင်စီ၏ အဆရ ၁၃ တပ်မှ စစ်မှုထမ်းတပ်သား အောင်မျိုးမင်းသည်လည်း ဖေဖော်ဝါရီ ၂၃ ရက်က နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နတ်စစ်သည်) ထံ အလင်းဝင်ရောက်ခဲ့သည်။ နတ်စစ်သည်တပ်ဖွဲ့က လိုအပ်သည်များ စစ်ဆေးပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း ထုတ်ပြန်ထားသည်။

TNLA နှင့် MNDAA တပ်ဖွဲ့များအကြား တင်းမာမှုကို တအာင်းအရပ်ဖက်ကွန်ရက် ဆွေးနွေးဖြေရှင်း ရန် တိုက်တွန်း
ဖေဖော် ၂၄
The Kaladan Post
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNTJP/MNDAA) တို့၏ အောက်ခြေတပ်ဖွဲ့ဝင်များအကြား ဖေဖော်ဝါရီ ၁၃ ရက်မှ စတင်ကာ တင်းမာမှုများ ဖြစ်ပွားလျက်ရှိ ခဲ့သည်။ နှစ်ဖက်တပ်ဖွဲ့ဝင်များအကြား အပြန်အလှန် ရိုက်နှက်မှု၊ ဖမ်းဆီးမှုများ ဖြစ်ပွားနေပြီး တစ်ပတ်အတွင်း ထိခိုက်ဒဏ်ရာရရှိသူများနှင့် ရန်လိုမှုများ တွေ့ရှိနေကြောင်း တအာင်းအရပ်ဖက် အဖွဲ့အစည်းများကွန်ရက် (TCSN) က ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောဆိုသည်။ ဤပဋိပက္ခများ ကြောင့် မြေပြင်ရှိ ပြည်သူလူထုများ ကြားညှပ်ခံရပြီး ဓားစာခံအဖြစ် ခံစားနေရကာ ဖြတ်သန်းသွား လာခွင့် ကန့်သတ်ခံရခြင်း၊ ကုန်စည်စီးဆင်းမှု ပိတ်ဆို့ခံရခြင်း၊ ရိုက်နှက်ဖမ်းဆီးခံရခြင်းစသည့် လူထုအပေါ် ပစ်မှတ်ထားလက်စားချေမှုများ ဖြစ်ပေါ်နေကြောင်း (TCSN) က ထောက်ပြထားသည်။ ထို့အပြင် အွန်လိုင်းစာမျက်နှာများတွင် အမုန်းစကားဖြန့်ဝေမှု၊ မမှန်ကန်သော ဓာတ်ပုံ/ဗီဒီယိုများဖြင့် သွေးခွဲမှုများနှင့် လူမျိုးရေးပဋိပက္ခ အသွင်ဆောင်သည့် အပြုအမူများလည်း တွေ့ရှိနေကြောင်း TCSN က ဆိုသည်။ ထို့ကြောင့် PSLF/TNLA နှင့် MNTJP/MNDAA တို့အနေဖြင့် လူထုအပေါ် ဦးတည်တိုက်ခိုက်မှု မပြုလုပ်ရန်၊ ရန်လိုမှု၊ ဖမ်းဆီးရိုက်နှက်မှု၊ သွားလာခွင့်ပိတ်ပင်မှု၊ ကုန်စည်တားဆီးမှုနှင့် အကြမ်းဖက်မှုများ မပြုလုပ်ရန် မေတ္တာရပ်ခံ တောင်းဆိုထားသည်။ အငြင်းပွားမှုများကို ဆွေးနွေးညှိနှိုင်းမှု လမ်းစဉ်ဖြင့် အမြန်ဆုံး ပြေလည်အောင် ဖြေရှင်းရန် TCSN က အလေးအနက်ထား တိုက်တွန်းထားသည်။

မြင်းမူမြို့နယ် ရွှေကျောင်းကန်ကျေးရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၉ ဦး သေဆုံး
ဖေဖော် ၂၄
The Kaladan Post
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ကျေးရွာကို ယမန်နေ့ ဖေဖော်ဝါရီ ၂၃ ရက် ည ၇ နာရီခန့် က စစ်တပ်၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ ဂျိုင်ရိုကော်ပတာ (စက်တပ်လေထီး) နှစ်စီး ဖြင့် ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား ၉ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ သေဆုံးသူများတွင် အသက် ၁၀ နှစ်အောက် ကလေးငယ် ၂ ဦး (မိန်းကလေး ၁ ဦး၊ ယောက်ျားလေး ၁ ဦး)၊ အမျိုးသမီး ၃ ဦး၊ အမျိုးသား ၄ ဦး ပါဝင်ပြီး ဒဏ်ရာရရှိသူ ၅ ဦးမှာ အမျိုးသား နှင့် အမျိုးသမီးများ ဖြစ်သည်။ ဗုံးကြဲခံရမှုကြောင့် ဆီကြိတ်စက် တစ်လုံး၊ လူနေအိမ် တစ်လုံး ပျက်စီးခဲ့ပြီး ရွာသားများ အကုန်လုံး ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြင်းမူမြို့နယ် မီးဘေးလုံခြုံရေးအဖွဲ့ တာဝန်ခံက ပြောကြားထားသည်။ ဤရွာတွင် လေကြောင်းတိုက်ခိုက်မှု ပထမဆုံးအကြိမ်ဖြစ်ပြီး ပြည်သူများ လေကြောင်းသတိထားရန် လိုအပ်ကြောင်း သူက ဆိုသည်။ ရွှေကျောင်းကန်ကျေးရွာတွင် အိမ်ခြေ ၃၀၀ ကျော်ရှိပြီး မြင်းမူမြို့မှ အရှေ့မြောက်ဘက် မိုင် ၂၀ ခန့်အကွာတွင် တည်ရှိသည်။

စစ်တပ် လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးမှုရှိကြောင်း KNU ပြောဆို
ဖေဖော် ၂၄
The Kaladan Post
ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၂ နာရီ ၃၃ မိနစ်ခန့်က တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ စုံစင်ဖျား ကျေးရွာကို စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း KNU-မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်သည်။ အလားတူ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင်လည်း ဖေဖော်ဝါရီ ၁၈၊ ၂၂ နှင့် ၂၃ ရက်များက စစ်ကောင်စီက သခွတ်ကုန်းရွာ၊ ကံသာယာရွာ၊ ဖလံပင်ရွာတို့ကို တိုက်ပွဲမရှိဘဲ ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံ ပြောဆိုသည်။ ထိခိုက်ဒဏ်ရာရရှိသူများမှာ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁၃ ရက်ကလည်း နတ်တလင်းမြို့နယ်အတွင်း တောင်ညိုမြို့သစ်၊ ရွာသာကျေးရွာ၊ ကွင်းစန်းကျေးရွာတို့ကို စစ်ကောင်စီ စစ်ကြောင်းက နေအိမ်များ၊ ဈေးတန်းများအပါအဝင် နေအိမ် ၃၀ ကျော် မီးရှို့ ဖျက်ဆီးခဲ့သည်။ ထိုသို့ စစ်တပ်၏ အရပ်သားပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများ သတိထားနေထိုင်ကြ ရန်နှင့် လုံခြုံရေး ဂရုစိုက်ကြရန် တော်လှန်ရေးအဖွဲ့အစည်းများက အသိပေးထားသည်။

ရွှေဘိုခရိုင် PDF တပ်ရင်း ၁၅ တပ်ခွဲ ၃ မှ တပ်ဖွဲ့ဝင် ၂၀ ကျော် နုတ်ထွက်ပြီး လက်နက်ခဲယမ်းများ ပြန်အပ်နှံ
ဖေဖော် ၂၄
The Kaladan Post
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသော ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ရွှေဘိုခရိုင်တပ်ရင်း ၁၅ တပ်ခွဲ ၃ မှ တပ်ဖွဲ့ဝင် ၂၀ ကျော်သည် PDF အဖြစ်မှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။ ယင်းတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဒီဇင်ဘာလက နုတ်ထွက်စာ တင်ပြခဲ့ပြီး နှစ်လကျော်အကြာ ဖေဖော်ဝါရီ ၂၂ ရက်တွင် ထုတ်ယူထားသော သေနတ် ၁၀ လက်၊ ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို တိုက်နယ်ပကဖများမှတစ်ဆင့် တပ်ရင်းမှူးထံ ပြန်လည်အပ်နှံခဲ့ကြောင်း တပ်ခွဲထံမှ သိရသည်။ လက်ခံရရှိသော လက်နက်များကို ဖေဖော်ဝါရီ ၂၃ ရက်တွင် ရွှေဘိုခရိုင်တပ်ရင်း ၁၅ တပ်ရင်းမှူးထံ လွှဲပြောင်းပေးပြီးဖြစ်ကြောင်း ဒေသအခြေစိုက် PDF အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။ နုတ်ထွက်ရခြင်းနှင့် ပတ်သက်ပြီး တပ်ခွဲမှူးဟောင်း ဗိုလ်ချုပ်က “ရဲဘော်များတွင် ကုန်ထမ်းစားနေရခြင်း၊ အထက်မှ ထောက်ပံ့မှု မရှိတော့ခြင်း၊ ကြာရှည်မတည်ရှိနိုင် တော့ခြင်း၊ အကြွေးနစ်နေခြင်း” စသည်တို့ကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် တပ်ရင်းမှူး ဗိုလ်ကောက်ရိုးနှင့် အဆင်မပြေမှုများလည်း ပါဝင်ကြောင်း ဒေသခံ PDF အဖွဲ့ဝင်တစ်ဦးက ဆိုသည်။ နုတ်ထွက်ပြီးနောက်တွင်လည်း ထောက်ပို့ပြည်သူများအဖြစ် ဆက်လက် ရပ်တည်သွားမည်ဖြစ်ကြောင်း တပ်ခွဲမှူးဟောင်း ဗိုလ်ချုပ်က ဆက်လက်ပြောကြားသည်။ ယင်းတပ်ခွဲသည် ယခင်က LPDF အဖြစ် ရပ်တည်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် NUG လက်အောက်ခံ ရွှေဘိုခရိုင်တပ်ရင်း ၁၅ ၏ တပ်ခွဲ ၅ အဖြစ် ဝင်ရောက်ခဲ့ကာ ဗိုလ်ကောက်ရိုး တပ်ရင်းမှူးတာဝန်ယူချိန်တွင် တပ်ခွဲ ၃ အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပုဏ္ဏားကျွန်း ယိုးငူရွာ ဈေးတန်းကို စစ်တပ်တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု ၁၇ ဦး အထိ တိုးလာ
ဖေဖော် ၂၄
The Kaladan Post
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ် ၂ နာရီ ၇ မိနစ်ခန့်က အာရက္ခဒေသ (ရခိုင်ပြည်)၊ ပုဏ္ဏားကျွန်း မြို့နယ်၊ ယိုးငူကျေးရွာ ဈေးတန်းကို စစ်ကောင်စီ အကြမ်းဖက်တပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ဈေးရောင်း၊ ဈေးဝယ်နေကြသော အရပ်သား ပြည်သူများ၊ ကလေးငယ်များ အပါအဝင် စုစုပေါင်း ၁၇ ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးထံမှ ကနဦးသိရသည်။ တိုက်ခိုက်မှုကြောင့် လူနေအိမ်များ၊ ဈေးဆိုင်ခန်းများ မီးလောင်ကျွမ်းပျက်စီးခဲ့ပြီး ဆုံးရှုံးမှု များပြားခဲ့ကြောင်း သိရသည်။ ကနဦး အချက်အလက်များတွင် သေဆုံးသူများနှင့် ဒဏ်ရာရသူ များတွင် ကလေးငယ်ဦးရေ များပြားကြောင်း သိရသည်။ အာရက္ခဒေသတွင် စစ်တပ်က စစ်ရှုံးနေသ ဖြင့် အရပ်သားများကိုသာ ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း ၎င်းက ပြောဆိုသည်။ သေဆုံးဒဏ်ရာ ရမှု အသေးစိတ်ကို ထပ်မံ စုံစမ်းတင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ် ငေါ့ငါးကျေးရွာတွင် MNDAA တပ်သားများက တအာင်းဒေသခံ အမျိုးသား ၂ ဦးကို ပြင်းထန်စွာ ရိုက်နှက်
ဖေဖော် ၂၄
The Kaladan Post
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မန်နှီမ်ကျေးရွာအုပ်စု ငေါ့ငါးကျေးရွာတွင် ကိုးကန့်တပ်မ တော် (MNDAA) တပ်သားများက ဒေသခံ တအာင်း (ပလောင်) အမျိုးသား ၂ ဦးကို ရိုက်နှက်ခဲ့ရာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း Ta’ang Women’s Organization က ထုတ်ပြန်သည်။ ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၂ နာရီခန့်တွင် MNDAA တပ်သားအင်အား ၂၅၀ ခန့်ပါ တပ်ဖွဲ့သည် မိုင်းယုလေးကျေးရွာ ဘက်မှ ငေါ့ငါးကျေးရွာသို့ ရောက်ရှိလာပြီး တအာင်းတပ်မတော် (PSLF/TNLA) တပ်စခန်းရှိ တပ်သား များကို ဖယ်ရှားပေးရန် တောင်းဆိုစဉ် နှစ်ဖက်အကြား အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီး ထို့နောက် MNDAA တပ်သားများက ရွာအတွင်း လှည့်လည်ရာမှ လမ်းပေါ်တွင် သွားလာနေသော အရပ်သား အမျိုးသား ၂ ဦးကို တုတ်၊ ဓားနှင့် ပြင်ပြားဖြင့် ရိုက်နှက်ခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း က ပြောဆို သည်။ ရိုက်နှက်ခံရသူ တစ်ဦးမှာ ဘယ်ခြေထောက်အရိုး ထိခိုက်ပြီး ဒဏ်ရာ ပြင်းထန်နေသဖြင့် ကွတ်ခိုင်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။ ထို့အပြင် MNDAA တပ်သားများက ရွာအတွင်း အိမ်များကို လိုက်လံ ရှာဖွေခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ ဤဖြစ်ရပ်သည် ဖေဖော်ဝါရီ ၁၃ ရက်က ကွတ်ခိုင်မြို့တွင် MNDAA တပ်ဆင်ထားသော CCTV ကင်မရာများကို TNLA ဘက်က ဖြုတ်သိမ်းရာမှ စတင်ခဲ့သော နှစ်ဖက်တင်းမာမှု၏ ဆက်လက်ဖြစ်ပွားမှု တစ်ရပ်ဖြစ်သည်။ ထို့နောက် နှစ်ဖက်တွင် အပြန်အလှန် ဖမ်းဆီးမှုများ၊ စစ်အင်အားဖြည့်မှုများ ဖြစ်ပွားခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး တင်းကြပ်မှုများလည်း ရှိနေကြောင်း သိရသည်။ အထူးသဖြင့် သိန္နီဘက်မှ ကွတ်ခိုင်သို့ သွားလာသူများကို စစ်ဆေးမှု တင်းကြပ်ပြီး တအာင်းလူမျိုးများကို အဓိက ပစ်မှတ်ထားနေကြောင်း ခရီးသွားဒေသခံများက ပြောဆိုသည်။
