နတ်တလင်းမြို့နယ် ကံစုတာဆုံတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်သား ၈ ဦး သေဆုံး

ဖေဖော် ၂၇
The Kaladan Post
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် ကံစုတာဆုံသို့ စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ များ ဖေဖော်ဝါရီ ၂၅ ရက်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်မှ ၈ ဦး သေဆုံးခဲ့ကြောင်း ၃၈၀၁ တပ်ရင်းက ထုတ်ပြန်သည်။ တိုက်ပွဲသည် နံနက် ၅ နာရီခန့်မှ ၈ နာရီကျော်အထိ ကြာမြင့်ခဲ့ပြီး စစ်တပ်က နှစ်ဖက်ပိတ်ဆို့ ရှေ့တိုးလာသဖြင့် တော်လှန်ရေးတပ်ဖွဲ့များ ဆုတ်ခွာရာမှ PDF ရဲဘော် ကြယ်လေးကို အရှင်ဖမ်းဆီးခဲ့သော်လည်း စစ်တပ်က ပစ်သတ်ခဲ့ကြောင်း တပ်ဖွဲ့တာဝန်ရှိသူက ပြောဆို သည်။ ထို့ပြင် ဆုတ်ခွာလာစဉ် ပြင်းထန်ဒဏ်ရာရရှိခဲ့သော ရဲဘော် ရောင်နီမှာလည်း ဆေးကုသမှုခံယူ နေရင်း ကျဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ပွဲကို တိုက်ခိုက်မှုကို ၃၈၀၁ တပ်ရင်း တပ်ခွဲ ၂ ဖီးနစ်တပ်ဖွဲ့၊ တပ်ခွဲ ၆ ဧရာညီနောင်တပ်ဖွဲ့နှင့် သာယာဝတီခရိုင် ပကဖ ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲတွင် တော်လှန်ရေးဘက်မှ ရဲဘော် ၂ ဦး ကျဆုံး၊ ၃ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း ၃၈၀၁ တပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုထားသည်။


မြေပုံမြို့နယ်တွင် တရားမဝင် အရက်ဘီယာ ရောင်းချသူများကို AA ရဲတပ်ဖွဲ့ DLEPS ဖမ်းဆီး

ဖေဖော် ၂၇
The Kaladan Post
ရခိုင်ပြည် မြေပုံမြို့နယ်၊ မြေပုံမြို့ သဲတန်းရပ်ကွက်တွင် ကန့်သတ်ပိတ်ပင်ထားသော ပြင်ပထုတ် အရက် နှင့် ဘီယာများကို တရားမဝင် ရောင်းချနေသူများကို အာရက္ခတပ်တော် (AA) လက်အောက်ခံ ရဲတပ်ဖွဲ့ DLEPS တပ်ဖွဲ့ဝင်များက ယခုရက်ပိုင်းအတွင်း လိုက်လံဖမ်းဆီးခဲ့ကြောင်း ရခိုင်သတင်းက ပြောဆို သည်။ ဖမ်းဆီးမှုများ အတွင်း ANDAMAN အရှည် ၂၄ ဖာ၊ Grand Sherry Cask ၂၁ ဖာ နှင့် ၇ လုံးကို သိမ်းဆည်းရမိခဲ့ပြီး တရားမဝင် ရောင်းချနေသူများကို ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဟု AA ရဲတပ်ဖွဲ့က ပြောဆိုထားသည်။ အာရက္ခတပ်တော် AA က ရခိုင်ပြည်အတွင်း စစ်တပ်ထုတ်အရက် များ၊ ပြည်မထုတ် အရက်များနှင့် နိုင်ငံခြားထုတ် အရက်ဘီယာများကို တင်သွင်း၊ ရောင်းချ၊ သောက်သုံး ခွင့်များကို တင်းကျပ်စွာ ကန့်သတ်ပိတ်ပင်ထားပြီး ယင်းပစ္စည်းများကို တရားမဝင် ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည်။ မှောင်ခိုတင်သွင်း လျှို့ဝှက်ရောင်းချနေမှုများရှိနေဆဲ ဖြစ်ကာ လက်ရှိ ပြည်မထုတ် ဘီယာတစ်ဗူး ကျပ် ၃၀,၀၀၀ အထိ၊ အရက်တစ်ပုလင်း ကျပ် ၈၀,၀၀၀ မှ တစ်သိန်းကျော် အထိ ဈေးနှုန်း မြင့်တက်နေကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ ဤကန့်သတ်မှုကြောင့် ရခိုင်ဒေသထွက် အရက်ဖြူ သောက်သုံးမှု ပိုမိုများပြားလာပြီး ယခင်မှေးမှိန်နေသော ဈေးကွက် ပြန်လည်အားကောင်းလာသော်လည်း အဆိပ်အတောက်ဖြစ်သော Methanol ဓာတ် ပါဝင်မှု မြင့်မားသဖြင့် ကျန်းမာရေး ထိခိုက်နိုင်ကြောင်း AA ကျန်းမာရေးဌာနက သတိပေးထားသည်။ ဒေသထွက်အရက်များကို စနစ်တကျ ထိန်းချုပ်ထုတ်လုပ်ရန် လိုအပ်ကြောင်း ပြည်သူများကလည်း ထောက်ပြနေကြသည်။


တိုက်ပွဲအတွင်း ပြည်သူရောက်ရှိမှုကြောင့် စစ်တပ်လွတ်မြောက်မှုရှိသဖြင့် တိုက်ပွဲဇုန်မှ ခပ်ဝေးဝေး ရှောင်ရန် Danu PDF အသိပေး

ဖေဖော် ၂၇
The Kaladan Post
ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၁၀၀၃) အနေဖြင့် ပြည်သူများကို ကာကွယ်ရေး ဦးစားပေး၍ ရန်သူစစ်ကြောင်းများကို တိုက်ခိုက်နေရာ တိုက်ပွဲဖြစ်ပွားချိန်တွင် ပြည်သူများ ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် ကြိုးပမ်းလျက်ရှိကြောင်း ထုတ်ပြန်သည်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့ ရွာငံမြို့နယ်တွင် ရန်သူနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေစဉ် ပြည်သူကားတစ်စီး တိုက်ပွဲဇုန်ထဲ ဝင်ရောက် လာသဖြင့် ရဲဘော်များက ပစ်ခတ်မှု ရပ်တန့်ပေးခဲ့ရာ ရန်သူ ၅ ဦး ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် တိုက်ပွဲဖြစ်ပွားနေသော နေရာများတွင် သေနတ်သံကြားသည်နှင့် အခြေ အနေ သုံးသပ်ပြီး ဘေးလွတ်ရာ ပုန်းရှောင်ရန်၊ ရန်သူနှင့် ဝေးဝေးနေရန် ပြည်သူများကို မေတ္တာရပ်ခံ ထားသည်။ တိုက်ပွဲဖော်ဆောင်ရာတွင် ပြည်သူများ ထိခိုက်မှုကို ရှောင်ရှားရန် စစ်ရေးရည်မှန်းချက်များ ချို့ယွင်းခဲ့ရသည်များရှိကြောင်း ရှင်းလင်းခဲ့သည်။ ထို့ပြင် ၁၀၀၃ တပ်ရင်းမှ ဆောင်ရွက်ခဲ့သော စစ်ရေး လှုပ်ရှားမှုအချို့တွင် အကြမ်းဖက် စစ်တပ်ဖက်မှ ၁၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းခဲ့ ကြောင်း ပြောဆိုထားသည်။ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် တိုက်ပွဲတစ်ပွဲ ဖော်ဆောင်ရန် ကြိုတင် ပြင်ဆင်မှုများစွာ ပြုလုပ်ကာ စစ်ရေးရည်မှန်းချက်များ အောင်မြင်ရန် ကြိုးပမ်းနေသော်လည်း ပြည်သူ များ၊ ဆိုင်ကယ်နှင့် ကားများ တိုက်ပွဲဇုန်ထဲ ဝင်ရောက်လာမှုကြောင့် ပြည်သူ့လုံခြုံရေး ဦးစားပေးရသ ဖြင့် ရည်မှန်းချက်များ အပြည့်အဝ မအကောင်အထည်ဖော်နိုင်ပဲ ရပ်တန့်ခဲ့ရမှုများ မကြာခဏ ဖြစ်ပေါ် နေကြောင်း အသိပေးထားသည်။ ထို့ကြောင့် တိုက်ပွဲဖြစ်ပွားတတ်သော နေရာများတွင် သတိဝိရိယဖြင့် သွားလာရန်နှင့် သေနတ်သံကြားသည်နှင့် ချက်ချင်း ဘေးလွတ်ရာ ပုန်းခိုရန် ပြည်သူများကို ထပ်မံ မေတ္တာရပ်ခံ ထားကြောင်း သိရသည်။


၂၂ ကြိမ်မြောက် မွန်အမျိုးသမီးနေ့တွင် အာဏာရှင်စနစ်အားလုံး အမြစ်ဖြတ်မည်ဟု MSFC ပြော

ဖေဖော် ၂၇
The Kaladan Post
၂၀၂၆ ဖေဖော်ဝါရီ ၂၇ ရက်တွင် ကျရောက်သည့် ၂၂ ကြိမ်မြောက် မွန်အမျိုးသမီးနေ့ကို အသိအမှတ်ပြု လျက် အမျိုးသမီးများနှင့် ကလေးသူငယ်များ ငြိမ်းချမ်းဘေးကင်းစွာ နေထိုင်နိုင်ကြရန် မွန်ပြည်ဖက် ဒရယ် ကောင်စီ (MSFC) က ထုတ်ပြန်ပြောဆိုထားသည်။ မွန်အမျိုးသမီးများသည် ဘဝတိုးတက်ရေး၊ လုံခြုံရေး၊ နိုင်ငံရေးကဏ္ဍတွင် ဦးဆောင်မှု ပါဝင်ရေးတို့ကို ရည်မှန်းကာ ဆောင်ရွက်လျက်ရှိရာ လက်ရှိ နိုင်ငံရေး၊ စီးပွားရေး အခြေအနေများက အမျိုးသမီးနှင့် ကလေးသူငယ်များအပေါ် ကြီးမားသော သက်ရောက်မှု ရှိနေကြောင်း ထောက်ပြထားသည်။ စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုက ပြည်သူ များ၏ ရက်စက်စွာ ဖမ်းဆီး၊ ညှဉ်းပန်း၊ သတ်ဖြတ်ခဲ့မှုကြောင့် ပြည်တွင်းစစ် ဖြစ်ပွားခဲ့ရာ အမျိုးသမီးနှင့် ကလေးသူငယ်များသည် လိင်အကြမ်းဖက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ နေအိမ်စွန့်ခွာ စစ်ဘေး ရှောင်ရမှုတို့ကို နေ့စဉ်ရင်ဆိုင်နေရကြောင်း ဖော်ပြထားသည်။ စစ်အာဏာရှင်စနစ်နှင့် မဟာလူမျိုးကြီး ဝါဒ ယန္တရားများ ပျက်စီးပြိုလဲရေးအတွက် တိုင်းရင်းသားညီအစ်ကိုများ၊ ပြည်သူလူထုနှင့်အတူ တိုက်ပွဲ ဝင်သွားမည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီက ပြောဆိုသည်။ ထို့အပြင် အာဏာရှင်စနစ်များအားလုံး စုပေါင်းတိုက်ဖျက်ကာ တိုင်းရင်းသား ပြည်သူတရပ်လုံး၏ ဆန္ဒအခြေခံ တာဝန်ခံမှုရှိသော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆောင်ရွက်ရန် နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ အမြန်ဆုံး ရပ်တန့်ပြီး အမျိုးသမီးများ ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်ကာ တာဝန်ခံမှု အပြည့်အဝ ရယူနိုင်ရန် မွန်အမျိုးသမီးနေ့ အခါသမယတွင် တောင်းဆိုထားသည်။ မွန်ပြည်ဖက်ဒရယ်ကောင်စီ အနေဖြင့် အမျိုးသမီးများ တန်းတူ ဦးဆောင်ပါဝင်နိုင်ရေး မူဝါဒများတွင် ထည့်သွင်းချမှတ်ထားပြီးဖြစ်ပြီး မွန်အမျိုးသမီးများအနေဖြင့်လည်း လူမျိုးစုလွတ်မြောက်ရေး၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော မွန်ပြည်နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့တွင် နိုးကြား တက်ကြွစွာ ပူးပေါင်းပါဝင် ကြရန် တိုက်တွန်းထားသည်။

ဖောင်းပြင်မြို့နယ် ဟော်ဇောင်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရပြီး ဒေသခံ ၁၀ ဦးခန့် ဒဏ်ရာရရှိ

ဖေဖော် ၂၇
The Kaladan Post
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ ဟော်ဇောင်းကျေးရွာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၆ ရက်နှင့် ၂၇ ရက်နှစ်ရက်ဆက်တိုက် လေကြောင်း တိုက်ခိုက်ခဲ့ရာ ဒေသခံ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲပိုင်းမှ ညနေပိုင်းအထိ ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်နှင့် ဂျိုင်ရိုကော်ပတာ အသုံးပြု၍ ကားဝန်းဟောင်း၊ ဈေးတန်းနှင့် ကျေးရွာအတွင်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး၊ ယနေ့ (၂၇ ရက်) နံနက် ၃:၄၀ မှ ၄:၀၀ နာရီအထိ ထပ်မံ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ တိုက်ခိုက်မှုများတွင် လူသေဆုံးမှု မရှိသော်လည်း လူနေအိမ်များ၊ ကားများနှင့် ဈေးတန်းအဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဟု မော်လိုက်ခရိုင် အမှတ်(၁) တပ်ရင်း ပြန်ကြားရေး တာဝန်ရှိသူက ပြောဆိုသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံး မှုများကို စာရင်းပြုစုနေဆဲ ဖြစ်ပြီး ဒဏ်ရာရရှိသူများကို လူသားစာနာဌာနမှ ကူညီဆောင်ရွက်ပေး နေကြောင်း သိရသည်။ ဈေးတန်းဘက်မှ လူများ အချိန်မီ ရှောင်တိမ်းနိုင်ခဲ့သဖြင့် ထိခိုက်မှု သက်သာ ခဲ့ကြောင်း သိရသည်။ ယနေ့တွင် လက်နက်ကြီးပစ်ခတ်မှုနှင့် မြေပြင်စစ်ကြောင်းထိုးမှုများ ဆက်လက်ပြုလုပ်လာနိုင်သဖြင့် ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြကြောင်း သိရသည်။

စစ်မှုထမ်းအတွက် ငွေမပေးနိုင်သူတွေ ပစ်မှတ်ထား ဖမ်းဆီးနေသဖြင့် ကလေးတွေနဲ့ သက်ကြီးတွေပါ ဝင်နေ

ဖေဖော် ၂၇
The Kaladan Post
နေပြည်တော်တွင် ဖေဖော်ဝါရီ ၂၆ ရက်က ကျင်းပခဲ့သော ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ အစည်းအဝေးတွင် စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက စစ်မှုထမ်း ဆင့်ခေါ်ရာတွင် သတ်မှတ်အသက် ၁၈-၃၅ နှစ် နှင့် မကိုက်ညီသည့် အသက်မ ပြည့်သေးသူများနှင့် အသက်ကျော်လွန်သူများကိုပါ ဖမ်းဆီးခေါ်ဆောင်ခဲ့ရသည်ကို ဝန်ခံ ပြောကြားခဲ့သည်။ စစ်မှုထမ်း စုရပ်များတွင် စိစစ်ရာတွင် ထိုသို့ မှားယွင်းမှုများ တွေ့ရှိရသဖြင့် ပြန်လည်စေလွှတ်ရမှုများ ရှိနေ ကြောင်း ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောကြားခဲ့ပြီး၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ များအနေဖြင့် စိစစ်မှု သေချာစေရန်၊ ငွေကြေးမသမာမှုများ မပြုလုပ်ရန်နှင့် ပြည်သူနှင့် ဆက်ဆံရေး ကောင်းမွန်အောင် ဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်းသိရသည်။ ဤဝန်ခံချက်သည် မြေပြင်တွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များက လမ်းပေါ်တွင် တွေ့သမျှ လူငယ်များကို ဖမ်းဆီးခေါ်ဆောင်ခြင်း၊ အိမ်ထဲ ဝင်ရောက်ဖမ်းဆီးခြင်း၊ လူစားထိုးခေါ်ယူခြင်းများ ပြုလုပ်ရာတွင် အသက်အရွယ်သတ်မှတ်ချက်ကို လိုက်နာမှု မရှိဘဲ အတင်းအဓမ္မ ဆောင်ရွက်နေကြောင်း အတည်ပြု ပေးလိုက်သလို ဖြစ်သည်ဟု သတင်းရင်းမြစ်က သုံးသပ်ထားသည်။ ထို့ပြင် စစ်မှုထမ်းစာရင်းမှ ပယ်ဖျက်ပေးရန် ငွေကြေးတောင်းခံမှု၊ ငွေမပေးနိုင်သူများကိုသာ ပစ်မှတ်ထား ဖမ်းဆီးနေမှုများကို လည်း သွယ်ဝိုက်အတည်ပြုပေးခဲ့သည်။


ဗန်းမော်မြို့များအနီး စစ်တပ် ကာကင်းစခန်းများ KIA ပူးပေါင်းတပ်များ ဆက်တိုက်သိမ်းပိုက်

ဖေဖော် ၂၇
The Kaladan Post
ဗန်းမော်မြို့တွင်လည်း ဖေဖော်ဝါရီ ၂၅ ရက်နှင့် ၂၆ ရက်နေ့များအတွင်း ခလရ ၂၃၆ တပ်ရင်း၏ ကာကင်းစခန်းအချို့ကို KIA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။ ထိုတိုက်ပွဲများတွင် စစ်သားထိခိုက်သေဆုံးမှုနှင့် လက်နက်ခဲယမ်း အတိအကျ အရေအတွက်ကို အသေးစိတ်မသိရသေးကြောင်း ဖော်ပြထားသည်။ ဗန်းမော်တိုက်ပွဲများ တွင် KIA၊ AA၊ KPDF နှင့် PDF တပ်ဖွဲ့ဝင်များ ပူးပေါင်းတိုက်ခိုက်နေပြီး တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ကာ စစ်ကောင်စီ၏ တံတားဦးနှင့် မြစ်ကြီးနားလေတပ်စခန်းများမှ လေယာဉ်များဖြင့် ဗုံးကျဲ စစ်ကူပေးနေ သည်ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။ အလားတူ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ခလရ ၅၈ တပ်ရင်း၏ ကာကင်းစခန်းအချို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့ များက ယခုဖေဖော်ဝါရီလအတွင်း သိမ်းပိုက်ရရှိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်များက ထုတ်ပြန်သည်။ ဖေဖော်ဝါရီ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ခလရ ၅၈ ကာကင်းစခန်းတစ်ခုကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ပြီး ကျန်စစ်သားများ စခန်းစွန့်ခွာထွက်ပြေးခဲ့ကြောင်း သိရသည်။ ထို့အပြင် ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း အလားတူ ကာကင်းစခန်းတစ်ခုကို သိမ်းပိုက်ရာ စစ်သား ၁ ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး ကျန်စစ်သားများ ထွက်ပြေးခဲ့ကြောင်း ဖော်ပြထားသည်။

ဗိုလ်နဂါးကို ကူညီခဲ့သော ကံကြီးဆရာတော် ထိန်းသိမ်းစစ်ဆေးခံနေပြီး စစ်ကြောင်းထိုးမှုကြောင့် ဒေသခံများ စိုးရိမ်ပူပန်

ဖေဖော် ၂၇
The Kaladan Post
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကံကြီးရွာ ဒက္ခိဏာရုံ ရွှေကျင်ကျောင်းတိုက်မှ ဆရာတော် ဦးအရိယာဝံသ (သက်တော် ၄၅ နှစ်အရွယ်) ကို ဖေဖော်ဝါရီ ၁၈ ရက်ညပိုင်းတွင် (BNRA) ခေါင်းဆောင် ဗိုလ်နဂါး (နိုင်လင်း) စစ်တပ်ထံ လက်နက်ချ ဘက်ပြောင်းရာတွင် ကူညီပေးခဲ့သည့် စွပ်စွဲချက်ဖြင့် ဆရာတော်ကို ထိန်းသိမ်းရခြင်း ဖြစ်ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက အစောပိုင်း ထုတ်ပြန်ခဲ့သည်။ ဆရာတော်သည် ဗိုလ်နဂါးကို ပိတ်ဆို့ရှာဖွေချိန်တွင် အကာအကွယ်ပေး၊ ခေါ်ထုတ်ပေးခဲ့ပြီး BNRA ပစ္စည်းနှင့် စာရင်းများကိုပါ ထိန်းသိမ်းထားသူ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေပြီး လက်ရှိတွင် ပြည်သူ့လုံခြုံရေးအဖွဲ့နှင့် တရားရေးအဖွဲ့တို့က ဆက်လက် စစ်ဆေးနေပြီး ပြစ်မှုရှိပါက တရားရေးအရ ဆက်လက်ဆောင်ရွက်မည်ဟု ပြောဆိုသည်။ ဗိုလ်နဂါး လက်နက်ချပြီးနောက် ပုလဲနယ်အတွင်း မတည် ငြိမ်မှုများ ဆက်ရှိနေပြီး ဗိုလ်နဂါး ဇာတိရွာ ကြောင်သန်းရွာအပါအဝင် ကျေးရွာ ၂၀ ခန့်တွင် စစ်တပ်က အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်း ၂ ခု ခွဲ၍ ရွာစဉ်လှည့်လည်နေကာ တိုက်ပွဲ အချိန်မရွေးဖြစ်ပွားနိုင် သည့် အခြေအနေ ရှိနေသည်။ ဒေသခံများက စိုးရိမ်ပူပန်နေကြပြီး စစ်ကောင်စီက စည်းရုံးရေးနည်းဖြင့် သွေးခွဲလုပ်ရပ်များ လုပ်ဆောင်နေကြောင်း သိရသည်။ ဗိုလ်နဂါး ဘက်ပြောင်းမှုကြောင့် ဒေသတွင်း စစ်ရေးအခြေအနေ တင်းမာလျက်ရှိပြီး တော်လှန်ရေးတပ်ဖွဲ့များက လက်ကျန်အဖွဲ့ဝင်များကို ထိန်းသိမ်းရန် ကြိုးပမ်းနေကာ စစ်ကောင်စီက အင်အားဖြည့်တင်းလျက် ရှိနေသည်။


ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် စစ်ပွဲလက်ကျန်ဗုံးပေါက်ကွဲမှုပြီး ကိုရင်ငယ်ခြေထောက် ဒဏ်ရာရ

ဖေဖော် ၂၇
The Kaladan Post
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ဖေဖော်ဝါရီ ၂၆ ရက် မွန်းတည့် ၁၂ နာရီခန့်က စစ်ပွဲလက်ကျန် ဗုံး တစ်လုံးကို ဆော့ကစားမိရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း SSPP Info က ထုတ်ပြန်သည်။ အသက် ၁၀ နှစ်အရွယ် ကိုရင်ငယ်တစ်ပါး ဗုံးကို တွေ့ရှိ၍ ဆော့ကစားရာ ပေါက်ကွဲခဲ့ပြီး ညာခြေထောက်တွင် ဗုံးစထိမှန်ကာ ခြေထောက်ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။ ဒဏ်ရာရရှိသော ကိုရင်ငယ်ကို နမ့်ခန်းဆေးရုံသို့ အမြန်ပို့ဆောင်ကုသထားကြောင်း သိရသည်။ ထို့အပြင် ဖေဖော်ဝါရီ ၃ ရက်နေ့ကလည်း ယင်းနေရာ တစ်ခုတည်းတွင် စစ်ပွဲလက်ကျန်ဗုံးတစ်လုံးကို ကလေးငယ်တစ်ဦး ဆော့ကစားမိရာမှ ပေါက်ကွဲခဲ့ပြီး ကလေး ၁ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ဖူးကြောင်း SSPP Info က ပြောဆိုသည်။ ယခုဖြစ်ရပ် အပါအဝင် နမ့်ဖတ်ကာကျေးရွာတွင် စစ်ပွဲလက်ကျန် မပေါက်ကွဲသေးသော လက်နက်များကြောင့် ကလေးငယ်များ ထိခိုက်သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေခြင်းက ဒေသတွင်း စစ်ပွဲလက်ကျန်ပစ္စည်းများ ရှင်းလင်းရေး အရေးတကြီး လိုအပ်သည်ဟု သတင်းရင်းမြစ်က ပြောဆိုသည်။

မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ PNLA ဌာနချုပ်ဟောင်းကို စစ်တပ်နှင့် PNO ပူးပေါင်းတပ်က မီးရှို့ဖျက်ဆီး

ဖေဖော် ၂၇
The Kaladan Post
ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ် ကဒူးကြီးဒေသ (ဗန်းမတ်ကျေးရွာအနီး) ရှိ ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးတပ်မတော် (PNLA/PNLO) ၏ ဌာနချုပ်ဟောင်းကို စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်းရိန်းယံက ထုတ်ဖော်ပြောကြားသည်။ ဖေဖော်ဝါရီ ၁၆ ရက်ခန့်မှ စတင်ကာ စစ်ကြောင်းထိုးလာ သော စစ်ကောင်စီ-PNO ပူးပေါင်းတပ်များသည် အရပ်သားကျေးရွာများကို လက်နက်ကြီးပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ပြီး တစ်နှစ်ကျော်ကြာ စစ်ရေးအရ ပြောင်းရွှေ့ထားခဲ့သော ဌာနချုပ်ဟောင်းကို ဝင်ရောက်မီးရှို့ခဲ့ကြောင်း သိရသည်။ ထိုနေရာသည် NCA လက်မှတ်ရေးထိုးချိန်က စစ်တပ်နှင့် ဆက်သွယ်ရ လွယ်ကူရန် ဆောက်လုပ်ခဲ့သော အဆောက်အအုံ ဖြစ်ပြီး အာဏာသိမ်းပြီး နောက် ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မီးရှို့ခံရမှုကြောင့် စစ်ဌာနချုပ်ဟောင်း အဆောက်အအုံများအပြင် ဒေသခံများအတွက် ကျန်းမာရေးနှင့် အုပ်ချုပ်ရေး အဆောက်အအုံများပါ ပျက်စီးခဲ့ကြောင်း သိရသည်။ စစ်ကောင်စီဘက်က လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သော် လည်း တိုက်ပွဲအတွင်း စစ်သားနှင့် PNO ပြည်သူ့စစ် စုစုပေါင်း ၂၀၀ နီးပါး ထိခိုက်သေဆုံးခဲ့ကြောင်း ခွန်းရိန်းယံက ဆိုသည်။ စစ်ကောင်စီဘက်က လက်နက်ခဲယမ်း ရရှိခဲ့ဟု ဝါဒဖြန့်နေသော်လည်း PNLA ဘက်က လက်နက်ခဲယမ်း မပါခဲ့ကြောင်း အတည်ပြုသည်။ ထို့အပြင် ဗန်းမတ်ရွာသစ်တစ်ရွာလုံးနီးပါး၊ မိုင်းဟန်း၊ ဟန်းဂွ ရွာများမှ နေအိမ်အချို့ကိုပါ မီးရှို့ဖျက်ဆီးခဲ့ပြီး ဖေဖော်ဝါရီ ၁၄ ရက်က PNO ပစ်ခတ်သော လက်နက်ကြီးကျည်များကြောင့် နာဟီးကျေးရွာတွင် အရပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့သည်။
လက်ရှိအချိန်ထိ စစ်ကောင်စီ-PNO နှင့် PNLA အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသဖြင့် ကဒူးကြီးဒေသအတွင်း အရပ်သား ထောင်နှင့်ချီ ဘေးလွတ်ရာ တိမ်းရှောင်နေရဆဲ ဖြစ်ကြောင်း သိရှိရသည်။