နွေဦးတော်လှန်ရေး အောင်မြင်ရေး စစ်ရေးပူးပေါင်းဆောင်ရွက်မှု ခိုင်မာလာရန် NUG နှင့် SRA တွေ့ဆုံဆွေးနွေး
ဖေဖော် ၂၈
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) တို့ ဗီဒီယိုကွန်ဖရင့်စ် (Zoom) မှတဆင့် ယမန်နေ့ ဖေဖော်ဝါရီ ၂၇ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး စစ်ရေးအရ ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်နိုင်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။ ဆွေးနွေးပွဲတွင် NUG ၏ ဒေသအခြေပြု ကာကွယ်ရေးတပ်ဖွဲ့များဆိုင်ရာ မူဝါဒကို ရှင်းလင်းတင်ပြခဲ့ပြီး စစ်ဆင်ရေး၊ ထောက်လှမ်းရေး၊ နိုင်ငံရေး ဦးဆောင်မှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် SRA တွင် မပါဝင်သေးသော တပ်ဖွဲ့များနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများလည်း ရှိခဲ့ကာ NUG နှင့် SRA အကြား အပြန်အလှန် အသိအမှတ်ပြုမှု၊ ညီညွတ်ရေး တည်ဆောက်ရေး၊ ပဋိပက္ခများကို ညှိနှိုင်းဆွေးနွေးမှုဖြင့် ဖြေရှင်းရေး စသည်တို့ကို သဘောတူညီခဲ့ ကြောင်း သိရသည်။ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က တော်လှန်ရေး အင်အားစုများ စုစည်းညီညွတ်မှု ရှိလာပါက အကြမ်းဖက်စစ်တပ်ကို မနိုင်စရာ အကြောင်းမရှိ ဟု အလေးပေး ပြောကြားခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် စစ်တပ်ဘက်က သွေးခွဲခြင်း ဗျူဟာများကို ပိုမို အားစိုက်လာနိုင်သည့် အခြေအနေကြောင့် စစ်ရေး Join Command အဆင့် ပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်ရန် ရည်ရွယ်ကြောင်း ရှင်းပြခဲ့သည်။ ဤတွေ့ဆုံပွဲသည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်ရေး တိုက်ပွဲတွင် တော်လှန်ရေး အင်အားစုများ ပိုမို စုစည်းညီညွတ်လာရန် အရေးပါသော ခြေလှမ်းတစ်ရပ် ဖြစ်လာသည်။

ရွှေကျင်မြို့နယ်တွင် စစ်တပ် စစ်ကြောင်း ၃ ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံး
ဖေဖော် ၂၈
The Kaladan Post
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် ဝင်းကံကျေးရွာအနီး တွင် ဖေဖော်ဝါရီ လအတွင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းများကို ရန်ကုန်တိုင်းစစ်ဌာန ခမရ ၅၁၀၃ တပ်ရင်းအပါအဝင် ရန်ကုန်တိုင်းစစ်ဌာန တပ်ရင်း/တပ်ဖွဲ့များနှင့် မဟာမိတ် KNLA ပူးပေါင်းတပ်ဖွဲ့များက ၃ ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဌာန ခမရ ၅၁၀၃ တပ်ရင်း က ထုတ်ပြန်သည်။ ထိုတိုက်ပွဲများတွင် စစ်တပ်ဘက်မှ စစ်သား ၅ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြား ရှိခဲ့ကြောင်း တော်လှန်ရေးရဲဘော်များဘက်တွင် ထိခိုက်မှု မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဌာန ၅၁၀၃ တပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။ ပထမအကြိမ်မှာ ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲ ၃ နာရီခန့်က အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းသည် ဝင်းကံရွာသို့ ဝင်ရောက်လာစဉ် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် တော်လှန်ရေးတပ်များ ဆုတ်ခွာနိုင်ခဲ့သည်။ ဒုတိယ အကြိမ်မှာ ဖေဖော်ဝါရီ ၁၈ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်က အင်အား ၅၀ ခန့်ပါ စစ်ကြောင်းက ဝင်းကံကျေးရွာအနီး သေနတ်ပစ်ဖောက်ဝင်ရောက်လာရာ မွန်းလွဲ ၁၂ နာရီခန့်တွင် ပူးပေါင်းတပ်ဖွဲ့များ က ထပ်မံ တိုက်ခိုက်ခဲ့ပြီး မိနစ် ၂၀ ခန့်ကြာ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ တတိယအကြိမ်မှာ ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ဝင်းကံရွာလယ်တံတားအရောက်တွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေစဉ် စစ်တပ်နှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သော်လည်း ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း တပ်ရင်းတာဝန်ရှိသူက ရှင်းပြခဲ့သည်။

စစ်ကိုင်းမြို့အထွက် ကံတလူ စစ်တပ်စစ်ဆေးရေးဂိတ်ကို လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က တိုက်ခိုက်
ဖေဖော် ၂၈
The Kaladan Post
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အထွက်ရှိ စစ်ကောင်စီ၏ ကံတလူ စစ်ဆေးရေးဂိတ်ကို လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) က ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၄ နာရီ ၁၈ မိနစ်တွင် ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။ ယင်းဂိတ်ကို ဇန်နဝါရီ ၁၅ ရက်က ပထမအကြိမ် တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် အချိန်အတော်ကြာ ပြည်သူများထံမှ ငွေကြေးကောက်ခံမှု ရပ်တန့်ခဲ့သော်လည်း မကြာသေးမီက စစ်ကောင်စီနှင့် ညှိနှိုင်း၍ လုံခြုံရေးယူပေးကာ အဓမ္မကောက်ခံမှုကို ပြန်စတင်ခဲ့ သည်ဟု ဆိုသည်။ ထို့ကြောင့် လင်းယုန်ညီနောင်တပ်ဖွဲ့က ဂိတ်တွင် တပ်စွဲထားသော စစ်ကောင်စီ အင်အား ၅၀ ခန့်ကို ၄၀ မမ ဗုံးသီးများ၊ ဒရုန်းဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ဘန်ကာအနီးနှင့် ရွှေတောင်ရုံးဝင်းအတွင်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု ရှိနိုင်ပြီး ပြည်သူလူထုအပေါ် ဖိနှိပ်နေသော အဖွဲ့များကို ဆက်လက် တိုက်ခိုက်သွားမည်ဟု လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

စလင်းမြို့နယ် ပေါင်းမကျေးရွာတွင် စစ်ကောင်စီ မီးရှို့မှုကြောင့် နေအိမ် ၃၇ လုံး မီးလောင်ပျက်စီး
ဖေဖော် ၂၈
The Kaladan Post
မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ စစ်တပ် လင်းဇင်းရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၆ ရက် ည ၉ နာရီဝန်းကျင်တွင် စလင်းချောင်းအတွင်း ကိုင်းပင်ခြုံနွယ်များကို မီးရှို့ရှင်းလင်းခဲ့ရာ မီးပွားများကူးစက် ကာ ချောင်းနံဘေး မြောက်ဘက်ရှိ ပေါင်းမကျေးရွာသို့ မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသခံများထံမှ သိရ သည်။ ရွာတွင် နေအိမ် ၃၇ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး ပြည်သူများ ကြီးမားသော ပျက်စီးဆုံးရှုံးမှု များ ခံစားခဲ့ရသည်။ လင်းဇင်းရဲစခန်းသည် စလင်းချောင်း တောင်ဘက်တွင်တည်ရှိပြီး ပေါင်းမကျေး ရွာကို ချောင်းတစ်ဖက်တွင် တည်ရှိနေသည်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ဝင်ရောက်တိုက်ခိုက်လာမည်ကို စိုးရိမ်သောကြောင့် ကိုင်းပင်ခြုံနွယ်များကို မီးရှို့ရှင်းလင်းခဲ့ ခြင်းဖြစ်ကြောင်း မဆင်မခြင် မီးရှို့မှုကြောင့် ပြည်သူ့နေအိမ်များ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့ညီနောင် စလင်းက ပြောဆိုသည်။

MNDAA နှင့် TNLA အကြား တင်းမာမှုကြောင့် ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်ရေး ကန့်သတ်
ဖေဖော် ၂၈
The Kaladan Post
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်အတွင်း တအာင်းလူမျိုးများနှင့် ကုန်စည်တင်ဆောင်သည့် ကားများအား ဖြတ်သန်းခွင့် ပိတ်ပင်ထားကြောင်း ခရီးသွားလာနေသူများထံမှ သိရှိရသည်။ ဖေဖော်ဝါရီ ၂၇ ရက်တွင် လားရှိုးမှ အီနိုင်းတံတားအထိ ခရီးသယ်လိုင်းကားများ၊ ကုန်တင်ကားများကို ထပ်မံ ကန့်သတ်ခဲ့ပြီး စစ်ဆေးမှုများ တင်းကြပ်လျက်ရှိ ကြောင်း မြေပြင်ဒေသခံများက ပြောဆိုသည်။ အချို့ကားများကို တန်းစီခိုင်းထားရပြီး ဆက်ဆံရေး သို့မဟုတ် ရင်းနှီးမှုပေါ်မူတည်၍ ဖြတ်ခွင့်ပေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူတစ်ဦးက ဆိုသည်။ ဖေဖော်ဝါရီ ၂၀ ရက်မှစ၍ အီနိုင်းတံတားတွင် စက်သုံးဆီကားများနှင့် ကျောက်မီးသွေးတင်ကားများကို တင်းကြပ်စစ်ဆေးပြီး ဖြတ်ခွင့်မပေးခဲ့ကြောင်း ဖေဖော်ဝါရီ ၂၃ ရက်တွင်လည်း သီပေါဘက်မှ ကျောက် မီးသွေးကားများကို ပိတ်ပင်ခဲ့ကြောင်း သိရသည်။ တအာင်းတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ဘက်သို့ ဆန်နှင့် စားသုံးကုန်တင်ဆောင်သည့် ကားများကိုလည်း ရေပူဂိတ်ကျော်ပြီး တောင်သုံးဆယ်တွင ပြန်လှည့်ခိုင်းခဲ့ကြောင်း ကွတ်ခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။ MNDAA နှင့် TNLA သည် မဟာမိတ်ဖြစ်သော်လည်း သိန္နီနှင့် ကွတ်ခိုင်တွင် အုပ်ချုပ်ရေး အငြင်းပွားမှုကြောင့် အပြန်အလှန် ဖမ်းဆီးမှု၊ ရိုက်နှက်မှုများ ဖြစ်ပွားနေသော်လည်း မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ပူးပေါင်း၍ တရုတ်နှစ်သစ်ကူး ပွဲတော်များ ကျင်းပနေသည်ဟု တအာင်းအမျိုး သမီးအဖွဲ့အစည်း က ပြောဆိုသည်။

အထက်မင်းလှမြို့နယ်ရှိ မန်းသမ္ဘာရာရေနံချက်စက်ရုံနှင့် ကပစ-၂ ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့ဟု SOS ပြော
ဖေဖော် ၂၈
The Kaladan Post
မကွေးတိုင်း၊ အထက်မင်းလှမြို့နယ် သမ္ဘရာကန်ရွာအနီး တည်ရှိသော စစ်ကောင်စီ ထိန်းချုပ်ထားသည့် မန်းသမ္ဘာရာရေနံချက်စက်ရုံနှင့် ကပစ-၂ (ကြီးပွားစက်ရုံ အမှတ်-၂) တို့ကို ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၁ နာရီ ၂ မိနစ်ခန့်တွင် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ အကြမ်းဖက်မှုတိုက်ဖျက်ရေး အထူး တပ်ဖွဲ့ (SOS) ဦးဆောင်မှုဖြင့် မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက ၁၀၇ မမ ရှော့တိုက်ဒုံး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း SOS တပ်ဖွဲ့တာဝန်ရှိသူက ပြောဆိုသည်။ တိုက်ခိုက်မှုတွင် ရေနံချက်စက်ရုံအတွင်း ရှော့တိုက်ဒုံး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဝန်ထမ်းလိုင်းခန်းနှင့် ပတ်ဝန်း ကျင်ကို ထိမှန်ပျက်စီးစေခဲ့ကာ ကပစ-၂ တွင်လည်း ၁ လုံး ကျရောက်ပေါက်ကွဲ၍ ထိခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။ စစ်တပ်၏ လေယာဉ်ဆီ ထုတ်လုပ်မှုကို ရပ်တန့်စေရန်ဖြစ်ပြီး မန္တလေး၊ မကွေး၊ နေပြည်တော်ရှိ SME စက်သုံးဆီဆိုင်များသို့ ဖြန့်ဖြူးနေသော ဆီထုတ်လုပ်မှုကို ထိခိုက်စေရန် ရည်ရွယ် ကြောင်း SOS တာဝန်ရှိသူက ရှင်းပြသည်။ ဤစက်ရုံမှ ထုတ်လုပ်သော ဆီများသည် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများအတွက် အဓိက အသုံးပြုနေကြောင်း ဆိုသည်။ စစ်ကောင်စီ ဘက်မှ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ တရားဝင် ထုတ်ပြန်ချက် မရှိသေးဘဲ သတင်းများကို ထိန်းချုပ်ထားနေ သည်ဟု ဆိုသည်။

ညောင်ဦးမြို့နယ်တွင် စစ်တပ် ပတ်ကင်းကား ကြားဖြတ်တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး
ဖေဖော် ၂၈
The Kaladan Post
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဦးဆောင်မှု ဖြင့် ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၇ နာရီခန့်တွင် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ဝါးခင်းကြီး ကျေးရွာအနီး ညောင်ဦး-ကျောက်ပန်းတောင်း လမ်းပိုင်းတွင် စစ်ကောင်စီ ခမရ ၄၁၅ တပ်ရင်းမှ ထွက်လာသော ပတ်ကင်းကားတစ်စီးကို ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း Pakokku Special Task Force က ထုတ်ပြန်သည်။ ပစ်ခတ်မှုသည် မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်မှ ၄ ဦး သေဆုံးခဲ့ကာ ကားတစ်စီး လမ်းဘေးကွင်းပြင်ထဲ ထိုးကျ ပျက်စီး သွားခဲ့ကြောင်း သိရသည်။ ကားပေါ်တွင် ၂ ဦး၊ ခေါင်းခန်းထဲ ၁ ဦး၊ အပြင်ဘက်ညောင်ပင်နားတွင် ၁ ဦး သေဆုံးခဲ့ကြောင်း Pakokku Special Task Force သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်မှိုင်းက ပြောဆိုသည်။ တိုက်ခိုက်မှုတွင် MA 3 သေနတ် ၂ လက်၊ ကာဘိုင် ၂ လက်နှင့် ကျည်အများအပြား သိမ်းဆည်းရရှိခဲ့ကာ ကားကို ပြန်အသုံးပြုမရတော့သဖြင့် အလောင်းများနှင့်အတူ ပစ်ထားခဲ့ကြောင်း သိရသည်။ ပစ်ခတ်မှုအပြီး စစ်ကောင်စီ အင်အားများ ရောက်ရှိလာပြီး ပတ်ဝန်းကျင်ကို ပစ်ခတ်ကာ အလောင်းများကို ကောက်ယူသွားခဲ့သည်။ ဤစစ်ဆင်ရေးကို Pakokku Special Task Force၊ Bagan Nyaung Oo Special Task Force နှင့် မကွေးတိုင်း ပကဖ အမှတ် ၄ အထူး လှုပ်ရှားစစ်ကြောင်းတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ယခင်က ဇန်နဝါရီ ၃ ရက်တွင်လည်း ညောင်ဦးမြို့နယ် လက်ဝဲ ကျေးရွာနှင့် မကျည်းတန်းကျေးရွာကြားတွင် စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၇ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

စုံစင်ဖျားကျေးရွာအနီး စစ်ရှောင်ပြည်သူ ၇ ဦးကို စစ်တပ်က ရက်စက်စွာ သတ်ဖြတ်ဟု KNU ပြော
ဖေဖော် ၂၈
The Kaladan Post
ဖေဖော်ဝါရီ ၂၇ ရက်နေ့က သရက်ချောင်းမြို့နယ် စုံစင်ဖျားကျေးရွာအနီးတွင် စစ်ဘေးရှောင်နေရသော အရပ်သားပြည်သူ ၇ ဦး (အမျိုးသမီး ၅ ဦး အပါအဝင်) ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်သည်။ ဖြစ်စဉ်မှာ ဝင်း၀ တပ်စခန်းသို့ စစ်ကူလာသော ခလရ (၄၀၉) တပ်ရင်း စစ်ကြောင်းက စစ်ရှောင်များနှင့် တိုးတွေ့ပြီး ဖမ်းဆီး သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သေဆုံးသူများမှာ စစ်ကောင်စီနှင့် မသက်ဆိုင်သော အရပ်သားများသာ ဖြစ်ပြီး ယင်းကဲ့သို့ ရက်စက်မှုမျိုး မဖြစ်သင့် ကြောင်း ဒေသခံရင်းမြစ်က ပြောဆိုသည်။ လက်ရှိ သရက်ချောင်းမြို့နယ်တွင် ဝင်း၀ တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှု၊ စစ်ကြောင်းထိုးမှုများဖြင့် အင်အားဖြည့်နေကာ ဖေဖော်ဝါရီ ၂၃ ရက်ကလည်း စုံစင်ဖျားရွာကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့သည်။
