မိုးညှင်းမြို့နယ်တွင် KIA/KPDF ပူးပေါင်းတပ်များက ဟဲပါးကျေးရွာ စစ်တပ်စခန်းကို သိမ်းပိုက်ရရှိ
ဖေဖော် ၄
The Kalaldan Post
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ ဟဲပါးကျေးရွာတွင် စစ်တပ်နှင့် ရှမ်းနီ SNA ပူးပေါင်းတပ်များ တပ်စွဲထားသည့် စစ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောဆိုသည်။ ယခင်လပိုင်းများက စစ်တပ် စစ်ကြောင်းထိုးလာမှုကြောင့် ဒေသတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အထူးသဖြင့် SNA နှင့် ပူးပေါင်းထိုးစစ်ဆင်ချိန်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် KIA/KPDF တပ်များက တန်ပြန်ထိုးစစ်ဆင် ရာ ဟဲပါးကျေးရွာ စစ်စခန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် စစ်တပ်၏ လုံးတုံး၊ နမ့်မွန်းတောင်ပေါ် စခန်းများကိုလည်း တော်လှန်ရေးတပ်များက ဆက်လက် ထိုးစစ်ဆင်နေဆဲ ဖြစ်ပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်လုပ်ဆောင်လျက်ရှိကာ တော်လှန်ရေးတပ်များက ခုခံကာကွယ်စစ်ဖြင့် တန်ပြန်တိုက်ခိုက်နေသည်ဟု သတင်းရင်းမြစ်က ဆိုသည်။ ကချင်ပြည်နယ်အတွင်း ၀ိုင်းမော်၊ ဗန်းမော်၊ ဖားကန့်နှင့် မိုးညှင်းမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး KIA ဦးဆောင်သော တော်လှန်ရေးတပ်များက စစ်တပ်စခန်းများကို ဆက်လက် သိမ်းပိုက်လျက်ရှိကြောင်း သိရှိရသည်။

ရေးမြို့နယ် စစ်တပ် ခမရ ၅၉၁ တပ်ရင်း တိုက်ခိုက်ခံရပြီး စစ်သား ၄ ဦး သေဆုံး
ဖေဖော် ၄
The Kalaldan Post
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာကျေးရွာ အခြေစိုက် ခမရ ၅၉၁ တပ်ရင်းကို ရေးပြောက်ကျားတပ် YGF အမှတ်(၈၀၀၁) တပ်ရင်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၂၇) နှင့် ရာမညမွန်တပ်တော် RMA တို့ ပူးပေါင်းကာ ဖေဖော်ဝါရီ ၃ ရက် နံနက် ၅ နာရီခန့်တွင် လက်နက်ငယ်နှင့် လက်နက်ကြီးများဖြင့် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၄ ဦး သေဆုံးခဲ့ကြောင်း ရေးပြောက်ကျားတပ် YGF အမှတ်(၈၀၀၁) တပ်ရင်းက ထုတ်ပြန်သည်။ အဆိုပါ တိုက်ပွဲသည် မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်ဘက်က ကျောင်းရွာဘုန်းကြီးကျောင်းတွင် ဘုန်းကြီးပျံပွဲ လာရောက်သည့် ပြည်သူများကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။ ရေးမြို့နယ် အတွင်း စစ်တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိပြီး ယင်းကဲ့သို့ တိုက်ခိုက်ခံရချိန်တွင် စစ်တပ်ဘက်က ရွာထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်လေ့ရှိကြောင်း ဒေသခံများက ပြောဆိုထားသည်။

ပေါက်မြို့နယ်တွင် စစ်တပ်အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ၉ ဦး ဒဏ်ရာရ
ဖေဖော် ၄
The Kalaldan Post
မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ဇန်နဝါရီလ နောက်ပိုင်းတွင် အင်အား ၃၀၀ ခန့် စစ်တပ်စစ်ကြောင်း နှင့် ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရှိရသည်။ ယင်းတိုက်ပွဲများတွင် စစ်တပ်ဘက်မှ စုစုပေါင်း ၉ ဦး ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးဘက်မှ ရဲဘော် ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဇန်နဝါရီ ၂၂ ရက်နေ့တွင် တပ်ကုန်း ပျူရွာမှ ထွက်လာသော စစ်ကြောင်းနှင့် ထန်းတောလည်ကျေးရွာအနီး ပထမအကြိမ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ တိုက်ပွဲ ၅ နာရီကြာ ဆက်လက်ဖြစ်ပွားခဲ့သည်။ စစ်တပ်ဘက်မှ ၅ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး PDF ရဲဘော် ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဇန်နဝါရီ ၂၃ ရက်တွင် စစ်ကြောင်း သည် ထန်းတောလည်ကျေးရွာအတွင်း ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်ကာ တပ်ကုန်းပျူရွာသို့ ပြန်လည်ဆုတ်ခွာခဲ့သည်။ ထို့အပြင် ဇန်နဝါရီ ၂၆ ရက်တွင် တပ်ကုန်းပျူရွာမှ သဲတောယာတောင်စု ကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာချိန် တော်လှန်ရေးတပ်ဖွဲ့များက အသင့်စောင့်ဆိုင်းတိုက်ခိုက် ခဲ့ရာ တိုက်ပွဲ ၂ နာရီကြာ ဖြစ်ပွားခဲ့သည်။ စစ်တပ်ဘက်မှ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ တိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပေါက်-ပကဖ၊ မြိုင်-ပကဖ၊ ပခုက္ကူခရိုင် အမှတ် ၁၊ ၅၊ ၁၁၊ ၁၂၊ ၁၈ တပ်ရင်းများနှင့် Young Revolution Front အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အထက်မင်းလှတွင် စစ်တပ်စစ်ကြောင်း ၃ ကြောင်း ချေမှုန်းခံရပြီး ရန်သူ ၃၀ခန့် သေဆုံး
ဖေဖော် ၄
The Kalaldan Post
မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စု၏ စစ်ကြောင်းနှင့် ယာဉ်များကို USBA တပ်ဖွဲ့ဝင်များက အသင့်စောင့်ကြိုပြီး လက်ဦးမှုယူ အနီးကပ်တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နိုင်ခဲ့ကြောင်း ၎င်းတိုက်မှုများအတွင်း စုစုပေါင်း ရန်သူ (၃၀) ခန့် ကျဆုံး အဆိုပါအဖွဲ့က ထုတ်ပြန်သည်။ဖြစ်စဥ်မှာ ဇန်နဝါရီ ၂၉ ရက် ည ၇ နာရီဝန်းကျင်၌ ရေနံမ ရခ စခန်းကို လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်မှ ထိခိုက်ဒဏ်ရာရရှိသူများစွာ ဆေးရုံပို့ရသည်အထိ ရှိခဲ့သော်လည်း အရေအတွက် အတိအကျ မသိရသေးကြောင်းနှင့် ဖေဖော်ဝါရီ ၃ ရက် ညနေ ၃ နာရီ ဝန်းကျင်၌ သရက်-မင်းလှ လမ်းပေါ် ဇီးတောကျေးရွာ နှင့် မင်းဂံကျေးရွာကြား ဘွဲ့ကျေးရွာလမ်းပေါက် တွင် ရပ်နားနေသော လင်းကယ်တိုက်နယ်တဝိုက်ရှိ စစ်ကြောင်း (ကား ၃ စီး၊ အင်အား ၉၀ ဝန်းကျင်) ကို မီတာ ၇၀ ဝန်းကျင်မှ ချဉ်းကပ်တိုက်ခိုက်ခဲ့ရာ မိနစ်အနည်းငယ်အတွင်း အသာစီးရယူနိုင်ခဲ့ပြီး စစ်အုပ်စုဘက်မှ ၅ ဦး ကျဆုံး၊ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု USBA တပ်ဖွဲ့က ပြောဆို သည်။ ထို့အပြင် ဖေဖော်ဝါရီ ၄ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ဝန်းကျင်၌ ဒဟတ်ပင် ရေနံမြေအတွင်း ကွန်းသွန်းရွာ လမ်းပေါက်တွင် ယမန်နေ့က တိုက်ခိုက်ခဲ့သော စစ်ကြောင်း (ကား ၃ စီး) ကို အသင့် စောင့်ကြိုပြီး မီတာ ၅၀ ဝန်းကျင်မှ စီးနင်းတိုက်ခိုက်ခဲ့ရာ နောက်ဆုံးကား ၁ စီး လုံး ပစ်ကွင်းထဲ ထိုးရပ်သွားကာ ပြန်လည်ပစ်ခတ်နိုင်ခြင်း မရှိတော့ဘဲ ချေမှုန်းနိုင်ခဲ့ကြောင်းသိရသည်။ ရှေ့ကားများမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်ပစ်ကူလာသောကြောင့် လက်နက်ခဲယမ်း သိမ်းဆည်းနိုင်ခြင်း မရှိသော်လည်း စစ်အုပ်စုဘက်မှ အနည်းဆုံး ၁၅ ဦးထက်မနည်း ထိခိုက်ကျဆုံးခဲ့ကြောင်း သိရသည်။ တိုက်ပွဲအပြီး စစ်အုပ်စုက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တစ်ဖက်သတ် ပစ်ခတ်ခဲ့ပြီး အလောင်းများနှင့် ဒဏ်ရာရသူများကို တင်ဆောင်ကာ မင်းလှမြို့ဘက်သို့ ဆက်ရွေ့လျားနေသည်။ ဤတိုက်ခိုက်မှုများအားလုံး အသင့်စောင့်ကြိုပြီး လက်ဦးမှုယူ ဆောင်ရွက်ခဲ့သော ပြောက်ကျား စစ်ဆင်ရေးများဖြစ်သဖြင့် USBA တပ်ဖွဲ့ဝင်များ အထိခိုက်မရှိ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။

စစ်တပ်၏ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေသည် စစ်အာဏာရှင်စနစ် ရာသက်ပန်း ကြီးစိုးရေး ဦးတည်ဟု BLC ပြော
ဖေဖော် ၄
The Kalaldan Post
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) က ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေ (ဥပဒေအမှတ် ၃/၂၀၂၆) ကို ထုတ်ပြန်ခဲ့ပြီး ယင်းဥပဒေအရ နိုင်ငံတော်သမ္မတအား ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းရန် ညွှန်ကြားထားပြီး ကောင်စီသည် ပြည်ထောင်စု၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းရေး၊ ဥပဒေပြ ဌာန်းရေး ဆိုင်ရာ ကိစ္စရပ်များတွင် အကြံပေးခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်း ပြုလုပ်နိုင်ခွင့် ရရှိထား ကြောင်းသိရသည်။ “ညှိနှိုင်းဆောင်ရွက်ခြင်း” ဟူသော စကားရပ်သည် ဥပဒေပြု၊ အုပ်ချုပ်၊ တရားစီရင် ရေး ဆိုင်ရာ ကိစ္စရပ်များတွင် အတိုင်းအဆမဲ့ ဝင်ရောက်စွက်ဖက်ခွင့် ခွင့်ပြုထားသည်ဟု ယူဆရပြီး ယင်းဥပဒေသည် နိုင်ငံသားအားလုံး၏ အချုပ်အခြာ အာဏာကို စစ်တပ်အပါအဝင် တစ်ဦး/တစ်ဖွဲ့ ထံ အပြီးအပိုင် အပ်နှံလိုက်သည့် ရာသက်ပန်း စစ်အာဏာရှင်စနစ် ကြီးစိုးရေးကို ဦးတည်သည့် လုပ်ရပ် ဖြစ်သည်ဟု Burma Lawyer’s Council က ပြောဆိုသည်။ ထို့အပြင် ရွေးကောက်ပွဲမှ ပေါ်ပေါက်မည့် လွှတ်တော်များ၊ အစိုးရများ၊ တရားစီရင်ရေး အဖွဲ့အစည်းများကို ကောင်စီက ဝင်ရောက်စွက်ဖက်၊ လွှမ်းမိုး၊ ထိန်းချုပ်ခွင့် ရယူလိုက်ခြင်းဖြစ်ပြီး တိုင်းရင်းသားအားလုံး၏ အချုပ်အခြာ အာဏာကို စစ်အုပ်ချုပ်ရေး စနစ်၏ စည်းမျဉ်းခံ အဆင့်သို့ ရောက်ရှိသွားကာ ဖက်ဒရယ်ဒီမိုကရေစီ ရှင်သန်ကြီးထွားမှု မရှိတော့ဘဲ နောင်ခေတ်အဆက်ဆက် အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် အစီအမံ လုပ်ရပ်ဖြစ်ကြောင်း Burma Lawyer’s Council က ဝေဖန် ထောက်ပြထားသည်။

ချောင်းဦးမြို့နယ် ရှမ်းထူးရွာတွင် စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ညီအစ်မ ၂ ဦး သေဆုံး
ဖေဖော် ၄
The Kalaldan Post
ဖေဖော်ဝါရီ ၃ ရက် ည ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ချောင်းဦးမြို့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ အထိုင်ချ တပ်စွဲထားသော စစ်တပ်က ရှမ်းထူးကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ စာသင်ကျောင်းအနီး နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။ ထိုသို့ ပစ်ခတ် မှုကြောင့် အသက် ၅၅ နှစ်အရွယ် ဒေါ်သိန်းမြ နှင့် အသက် ၅၀ အရွယ် ဒေါ်ထွေးထွေး ညီအစ်မ ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုကသည်။ရှမ်းထူးကျေးရွာသည် ချောင်းဦးမြို့ အနီးတွင် တည်ရှိပြီး အိမ်ခြေ ၁၀၀ ကျော်ရှိသော ကျေးရွာတစ်ရွာ ဖြစ်ပြီး စစ်တပ်က ချောင်းဦးမြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများကို လက်နက်ကြီးများ ဖြင့် မကြာခဏ ပစ်ခတ်နေမှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း သတင်းရင်းမြစ် က ဆိုသည်။

မင်းတုန်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းက အရပ်သား ၃ ဦး သတ်ဖြတ်ခဲ့ပြီး နေအိမ်များမီးရှို့
ဖေဖော် ၄
The Kalaldan Post
ဇန်နဝါရီ ၂၁ ရက်မှ ၂၈ ရက်အထိ မင်းတုန်းမြို့နယ်အနောက်ခြမ်းသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) လက်အောက်ခံ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာ အရပ်သားပြည်သူများကို ဖမ်းဆီး၊ နှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ သတ်ဖြတ်ခံရသူများမှာ သီးပင်ကုန်းကျေးရွာမှ အသက် ၄၄ နှစ်အရွယ် ကိုမှင်၊ အမှတ်(၃) ရပ်ကွက်မှ ဖိုးသား (ခ) ချစ်မင်းထိုက် နှင့် အတည်ပြုမရ သေးသော အမျိုးသား ၁ ဦး ရှိနေသေးကြောင်း သိရသည်။ စစ်ကြောင်းဝင်ရောက်ချိန် တွေ့ရှိသည့် အရပ်သားများကို ဖမ်းဆီး၊ တုတ်ဖြင့် မသေမချင်း ရိုက်နှက်နှိပ်စက်၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ် ခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။ ထို့အပြင် လူသားဒိုင်းအဖြစ် ဖမ်းဆီးထားပြီး စစ်ကြောင်း ဆုတ်ခွာချိန်တွင် တခါတည်း သတ်ဖြတ်ခဲ့သည့် ပုံစံဖြစ်ကြောင်း ရုပ်အလောင်းတွေ့ရှိသူက ပြောကြားခဲ့ သည်။ ၎င်း စစ်ကြောင်းသည် ထန်းလေးပင်၊ ပြောင်း၊ သီးပင်ကုန်း၊ တမာ ကျေးရွာများရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပစ္စည်းများကို ဖောက်ထွင်း ယူဆောင်သွားခဲ့ကြောင်း သိရသည်။ အဆိုပါ စစ်ကြောင်း သည် ဖေဖော်ဝါရီ ၂ ရက်တွင် မင်းတုန်းမြို့နယ်မှ ဆုတ်ခွာခဲ့ပြီး အောင်လံမြို့နယ်ဘက်သို့ ရောက်ရှိနေ ကြောင်း မကွေးတိုင်း စစ်ရေးသတင်းရင်းမြစ်များက အတည်ပြုထားသည်။

မြတ်ထားဝယ်ခရိုင် ကရင်အမျိုးသမီးအစည်းအရုံး (၉)ကြိမ်မြောက် ကွန်ကရက် အောင်မြင်စွာ ကျင်းပပြီးစီး
ဖေဖော် ၄
The Kalaldan Post
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ကေအဲန်ယူ – မြိတ်ထားဝယ်ခရိုင်အတွင်း ကျင်းပခဲ့သော မြတ်ထားဝယ်ခရိုင် ကရင်အမျိုးသမီးအစည်းအရုံး၏ (၉)ကြိမ်မြောက် ကွန်ကရက်သို့ ခရိုင်အတွင်းရှိ မြို့နယ်နှင့် ကျေးရွာအုပ်စု အဆင့် ကရင်အမျိုးသမီးအစည်းအရုံး ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ အမျိုးသမီး ကိုယ်စားလှယ်များ စုစုပေါင်း ၅၃ ဦး တက်ရောက်ခဲ့ ကြောင်း ကေအဲန်ယူက ထုတ်ပြန်သည်။ ကွန်ကရက်တွင် ယခင် (၃)နှစ်တာ ကာလအတွင်း လုပ်ငန်း ဆောင်ရွက်ချက်များနှင့် အစီရင်ခံစာများကို ပြန်လည်သုံးသပ် အတည်ပြုခဲ့ပြီး ဗဟိုကရင်အမျိုးသမီး အစည်းအရုံး ခေါင်းဆောင် များ၊ ခရိုင်ဥက္ကဋ္ဌ ပဒိုစောဖလို့စိုးဝင်း နှင့် ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နား တို့မှ ကိုယ်တိုင် တက်ရောက် အကြံပေး ပံ့ပိုးခဲ့ကြသည်ဟု ကေအဲန်ယူက ဆိုသည်။ ထို့အပြင် ကွန်ကရက်တွင် ကိုယ်စားလှယ် ၅၃ ဦး ပါဝင်ရွေးချယ်မှုဖြင့် ခရိုင်အဆင့် ကရင်အမျိုးသမီး အစည်းအရုံး ခေါင်းဆောင်အသစ် (၄)ဦး ကို ရွေးချယ် တင်မြှောက်နိုင်ခဲ့ကြောင်း သိရှိရသည်။

ရွာငံမြို့အဝင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေဆုံး
ဖေဖော် ၄
The Kalaldan Post
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရှမ်းပြည်နယ် ရွာငံမြို့ဝင်ရှိ စစ်တပ်စစ်ဆေးဂိတ်ကို တော်လှန် ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Ye -U Freedom Comrades – YFC ထုတ်ပြန်သည်။ ထို့အပြင် ဒဏ်ရာရရှိသူများကိုလည်း စစ်တပ်က ရွာငံမြို့ပေါ်ရှိ ဆေးရုံသို့ သယ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။အဆိုပါ စစ်ဆေးဂိတ်သည် ကားများ သွားလာချိန်တွင် ငွေကြေး အလွန်အမင်း ကောက်ခံလေ့ရှိသော နေရာတစ်ခုဖြစ်ပြီး တိုက်ခိုက်မှုအပြီး စစ်တပ်ဘက်မှ ထိခိုက်မှုများ ရှိခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။ ထို့ပြင် စစ်ကိုင်းတိုင်း ရေဦးမြို့ပေါ်တွင်လည်း ယင်းနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်က စစ်တပ်တပ်စွဲထားသော တိုင်းရင်းဆေးရုံကို ဒရုန်းဖြင့် ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ည ၇ နာရီခန့်တွင် ကြာဖူးအဝိုင်း စစ်ဆေးရေးဂိတ်ကို Drop Bomb ဖြင့် ၃ ကြိမ် ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း YE-U Freedom Comrades – YFC မှ တာဝန်ရှိသူက ပြောဆိုသည်။ ဤတိုက်ခိုက်မှုများတွင် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိခဲ့သော်လည်း အရေအတွက်အတိအကျ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ တိုင်းရင်းဆေးရုံတွင် စစ်သားအင်အား ပုံမှန်မရှိတော့သလို ကြာဖူးအဝိုင်းဂိတ်တွင် စစ်သား ၂၀ မှ ၃၀ ကြား ရှိနေကြောင်း ဖော်ပြထားသည်။ ဤစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေး အဖွဲ့ ရေဦးမြို့နှင့် ပြည်သူ့ကာကွယ်ရေး Drone အဖွဲ့ (ရွှေဘိုခရိုင်) တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

မုံရွာမြို့ TTC အနီး စစ်တပ်ပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးသူများကို စစ်တပ်က PDF ဟု သတင်းဖြန့်
ဖေဖော် ၄
The Kalaldan Post
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက် မနက်ပိုင်း ၉ နာရီခန့်အတွင် စစ်ကိုင်းတိုင်း မုံရွာမြို့၊ သာစည်လမ်း ပညာရေးတက္ကသိုလ် (TTC) အနီး လမ်းပေါ်တွင် အိမ်စီးကားတစ်စီးကို စစ်ကောင်စီတပ်ဖွဲ့များက လိုက်လံ ပစ်ခတ်ခဲ့ရာ ကားပေါ်ပါလူများနှင့် လမ်းဘေးပြည်သူများ အပါအဝင် ၄ ဦး ကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ ပစ်ခတ်မှုကြောင့် ကားသမားနှင့် ဆိုက်တွဲ သမား သေဆုံးခဲ့ပြီး ကားက မီးပွိုင့်တွင် ဆိုက်တွဲနှင့် တိုက်မိ၍ ရပ်တန့်သွားပြီး စစ်တပ်က ကားပေါ်မှ တစ်ဦးကို ဆွဲထုတ် ကာ ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။ ထို့အပြင် TTC အမှိုက်ပုံ အနီး လမ်းသွားနေသော အမှိုက်ကောက်ကလေး တစ်ဦး၊ သုံးဘီးသမား တစ်ဦး အပါအဝင် သားအဖ ၃ ဦးနှင့် အခြားပြည်သူ ၁ ဦး စုစုပေါင်း ၄ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ စစ်တပ်ဘက်က သေဆုံးသူများကို PDF အဖွဲ့ဝင်များဟု စွပ်စွဲ သတင်းထုတ်ပြန်ထားသော်လည်း PDF အဖွဲ့ဝင်များဖြစ်ကြောင်း အထောက်အထားများကိုပါ စစ်တပ်က ထုတ်ပြန်နိုင်ခြင်းမရှိဘဲ သည့်အပြင် ဤတော်လှန်ရေးတပ်များနှင့် ပြန်ပစ်ခတ်မှု မရှိခြင်းကြောင့် တစ်ဖက်သတ် ပစ်ခတ်မှုသာဖြစ်ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။ ဖြစ်စဉ်အပြီး စစ်တပ်က ရုပ်အလောင်းများကို ပစ်ထားခဲ့ပြီး လမ်းကို ပိတ်ဆို့ ထားသဖြင့် သေဆုံးအရေအတွက် အတိအကျ အတည်မပြုနိုင်သေး ကြောင်း သိရသည်။ ထို့ပြင် မုံရွာမြို့တွင် ရှေ့နေ တစ်ဦးနှင့် အခြားပြည်သူ တစ်ဦး ပြန်ပေးဆွဲခံရမှု ဖြစ်ပွားခဲ့သော်လည်း ဆက်စပ်မှု မသိရသေးပေ။ စစ်တပ်သည် မုံရွာမြို့ပေါ်တွင် မကြာခဏ ရမ်းကားပစ်ခတ်မှုများ ပြုလုပ်နေပြီး အိမ်စီးကားများကို ပတ်ကာ ပေါ်တာဆွဲ ဖမ်းဆီးလေ့ ရှိကြောင်း ဒေသခံများက ဆိုသည်။
