စစ်ကိုင်းတိုင်းတွင် စစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား တိုက်ခိုက်မှုဖြစ်ပွားပြီး စစ်သား ၂၀ ဦး သေဆုံး
ဖေဖော် ၉
The Kaladan Post
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ကျေးရွာများကို ဆက်တိုက်မီးရှို့နေသော စစ်တပ် စစ်ကြောင်းကို ဒီဇင်ဘာ ၈ ရက်နေ့က The Phoenix Army (MTG)၊ မုံရွာခရိုင်တပ်ရင်းများနှင့် ပကဖ မဟာမိတ်အဖွဲ့များ က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဦး သေဆုံးခဲ့ကာ MA-4 သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့ ကြောင်း သိရှိရသည်။ အဆိုပါ စစ်ကြောင်းသည် အရှေ့ကျီးကုန်းနှင့် အနောက်ကျီးကုန်း အပါအဝင် ကျေးရွာ ၄ ရွာမှ နေအိမ်ရာချီ မီးရှို့ဖျက်ဆီးပြီးနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်အတွင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ထို့အပြင် ဖေဖော်ဝါရီ ၇ ရက်နေ့က ယင်းမာပင်မြို့ပေါ်ရှိ မြို့မ ရဲစခန်းကို ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့၊ တော်လှန်ပြောက်ကျားတပ်ဖွဲ့၊ မျိုးဆက်သစ်လူငယ်တပ်ဖွဲ့နှင့် ဇာနည်ဘွားပြောက်ကျားတပ်ဖွဲ့တို့က ၄၀ မမ၊ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း ပွဲတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့ တာဝန်ခံ ကိုဖြိုးက ပြောဆိုသည်။ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးသော်လည်း စစ်သား တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကြားသိရပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းက ကျေးရွာ ၂ ရွာ ဆက်တိုက်မီးရှို့
ဖေဖော် ၉
The Kaladan Post
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် ဖလမ်းမြို့ကို ဦးတည်စစ်ကြောင်းထိုးလာသော စစ်တပ် စစ်ကြောင်း သည် တိုက်ပွဲများအတွင်း အထိနာခဲ့ပြီး တူဖေးကျေးရွာနှင့် လုံဟော့ခ်ကျေးရွာတို့ကို ဆက်တိုက်မီးရှို့ ဖျက်ဆီးနေကြောင်း ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။ ဖေဖော်ဝါရီ ၆ ရက်နေ့က တူဖေးကျေး ရွာအတွင်း ဝင်ရောက်စီးနင်းခဲ့သော စစ်ကြောင်းက နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။ ယနေ့ ဖေဖော်ဝါရီ ၈ ရက်တွင်လည်း တူဖေးရွာအနီး လုံဟော့ခ် ကျေးရွာကို ထပ်မံဝင်ရောက်စီးနင်းပြီး နေအိမ်များကို ဆက်လက်မီးရှို့နေဆဲဖြစ်ကာ ပျက်စီးသွားသော နေအိမ်အရေအတွက်ကို အတိအကျ အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။ ထို့အပြင် ဖေဖော်ဝါရီ ၃ ရက်နေ့က ဖလမ်းမြို့ကို စစ်ကြောင်းထိုးရန် ရောက်ရှိလာသော စစ်ကြောင်း ၃ ကြောင်းကို CNA အပါ အဝင် ချင်းတော်လှန်ရေး စုပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ စစ်သား ၃၀ ဦး သေဆုံး၊ ထိခိုက်ဒဏ်ရာရသူ ၂၀ ကျော်ရှိခဲ့ကာ လက်နက်မျိုးစုံ ၃၀ နီးပါး၊ ကျည်ဘောက်များနှင့် ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ အလားတူ ချင်းပြည်နယ်၊ မင်းတပ် မြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို ယနေ့ ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲပိုင်းတွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ ဗုံးကျဲမှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှု မရှိခဲ့သော်လည်း ပျက်စီးမှု အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

ဖာပွန်ခရိုင်၌ ဇန်နဝါရီလအတွင်း အကြမ်းဖက် စစ်သား ၃၄ ဦး ရှင်းလင်းခဲ့ဟု KNU ပြောဆို
ဖေဖော် ၉
The Kaladan Post
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် (မူတြော်ခရိုင်) တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၃၁ ရက်အထိ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ နှင့် စစ်ကောင်စီ တပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲ စုစုပေါင်း ၁၂၆ ကြိမ် ဖြစ်ပွားခဲ့ကြောင်း KNU မူတြော်ခရိုင်က ထုတ်ပြန်ထားသည်။ အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ စစ်သား ၃၄ ဦး သေဆုံး၊ ၅၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ လက်နက် ၂ လက် သိမ်းဆည်းရမိပြီး ၁၂၀ မမ လက်နက်ကြီး ၁ လက်ကို ဖျက်ဆီးနိုင် ခဲ့ကြောင်း သိရသည်။ KNLA ဘက်တွင်လည်း ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီက ပြည်သူနေထိုင်ရာ ကျေးရွာများကို ပစ်မှတ်ထား၍ ဂျက်ဖိုက်တာဖြင့် ၂၉ ကြိမ်၊ ဒရုန်းဖြင့် ၄ ကြိမ်၊ လက်နက်ကြီးများဖြင့် ၂၀ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိ၊ နေအိမ် ၃ လုံးနှင့် အဆောက်အဦ ၁ လုံး ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။ ထို့အပြင် ၂၀၂၅ ခုနှစ် တစ်နှစ်လုံး (ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ) ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်း တိုက်ပွဲပေါင်း ၁၁၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၈၄ ဦး သေဆုံး၊ ၄၅၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ သေဆုံးသူများတွင် G-3 အဆင့် ၁ ဦး၊ တပ်ရင်းမှူး ၁ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦး၊ ဒုတပ်ကြပ် ၁ ဦး ပါဝင်ကာ ထိခိုက်ဒဏ်ရာရသူများတွင် ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၂ ဦး၊ ဗိုလ် ၂ ဦး၊ ဒုဗိုလ် ၁ ဦး၊ ဆေးတပ်တာဝန်ခံ ၁ ဦး၊ ဒုတပ်ကြပ် ၁ ဦး ပါဝင်ခဲ့သည်။ စစ်ကောင်စီ၏ အဆောက်အဦ ၁၆ လုံးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း KNU ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NUG ကာကွယ်ရေး လက်အောက်ခံ PDF တပ်မှူးကြီးများ ထိုးစစ်အတွက် တပ်တည်ဆောက်ရေးနှင့် စစ်ရေးပြင်ဆင်မှုများ ဆွေးနွေး
ဖေဖော် ၉
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ၏ တပ်မှူးကြီးများအစည်းအဝေးကို ဖေဖော်ဝါရီလအတွင်း ၅ ရက်ကြာ ကျင်းပခဲ့ ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၈ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ အဆိုပါ အစည်းအဝေးသို့ PDF စစ်ဦးစီးချုပ်၊ ဒုစစ်ဦးစီးချုပ်၊ စစ်ရုံးချုပ်တာဝန်ရှိသူများ၊ အမှတ်(၁) စစ်ဒေသမှူး၊ တိုင်းစစ်ဌာန ၁၀ ခု၊ MOD တာဝန်ရှိသူများနှင့် ပကဖ ရုံးချုပ်တာဝန်ရှိသူများ စုစုပေါင်း ၁၀၀ ကျော် တက် ရောက်ခဲ့ကြောင်း သိရသည်။ အစည်းအဝေးတွင် စစ်အခြေခံသဘောတရား ၈ ချက်၊ စစ်ရေး သုံးသပ်ချက်များနှင့် ၂၀၂၆ ခုနှစ် ရည်မှန်းချက် ၃ ချက်တို့ကို အလေးပေး ဆွေးနွေးခဲ့ပြီး လွန်ခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း ရရှိခဲ့သော စစ်ရေးအောင်ပွဲများ၊ အားသာချက်များ၊ အားနည်းချက်များပါဝင်သော စစ်ရေးသုံးသပ်ချက်နှင့် ၂၀၂၆ ခုနှစ်အတွက် ဆောင်ရွက်ရမည့် စစ်ရေးရည်မှန်းချက်များ၊ အစီအစဉ်များ ကို အသေးစိတ် ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၏ စစ်ဘက်ခေါင်းဆောင်များ လက်တွေ့ လိုက်နာကျင့်သုံးရမည့် အခြေခံမူ ၁၁ ချက်ကို လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။၎င်း အစည်းအဝေးတွင် စစ်ဦးစီးချုပ်က တပ်မှူးကြီးများအနေဖြင့် တပ်တည်ဆောက်ရေး လုပ်ငန်းများကို အားစိုက်ထုတ်ဆောင်ရွက်ရန်နှင့် တော်လှန်ရေး အောင်ပွဲကို အမြန်ဆုံး ရောက်ရှိစေမည့် အဆုံးအဖြတ်ထိုးစစ်ကို တက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် ထပ်မံ မှာကြားခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတကာ စင်မြင့်ဆုံးရှုံးရခြင်းသည် သံအမတ်ကြီး သစ္စာဖောက်မှုကြောင့်ဟု မင်းအောင်လှိုင် ပြော
ဖေဖော် ၉
The Kaladan Post
မြန်မာ့စစ်တပ်က အာဏာသိမ်းပြီးနောက် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှု စွဲချက်နှင့် ပတ်သက်ပြီး ကိုကိုလှိုင်နှင့် အဖွဲ့ကို ဂုဏ်ပြုပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်ပြီး၊ ကုလသမဂ္ဂနှင့် လက်အောက်ခံ အဖွဲ့အစည်းများက မြန်မာ စစ်အစိုးရကို တရားဝင် အသိအမှတ်မပြုခဲ့ မှုနှင့် မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်း၏ သစ္စာဖောက်မှုကြောင့် အထွေထွေ ညီလာခံ စင်မြင့်တွင် ပြောဆိုခွင့် ဆုံးရှုံးနေရမှုကိုပါ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြား ခဲ့သည်။ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင် ICJ မှ ဆက်သွယ်လာခဲ့ပြီး၊ အမှုကို ဆက်ခံ ဆောင်ရွက်ရန် စစ်တပ်က ဆုံးဖြတ်ခဲ့ကြောင်း မင်းအောင်လှိုင်က ဆိုသည်။ ထိုအချိန်က ပြည်တွင်း၌ ကိုဗစ်-၁၉ ကပ်ရောဂါ ပြင်းထန်နေချိန်တွင် မင်းမဲ့ ဆူပူမှုများ ကျယ်ပြန့်နေခဲ့ပြီး၊ ပြည်ပတွင်လည်း ကုလသမဂ္ဂ၊ အာဆီယံ စသည့် အဖွဲ့အစည်းများက မြန်မာ စစ်အစိုးရကို နိုင်ငံရေး ဘေးဖယ်ထားခဲ့မှုကြောင့် ဖိအား များ များပြားနေခဲ့သည်ဟု ပြောဆိုသည်။ အမှုကို မဆောင်ရွက်ပါက တစ်ဖက်သတ် စစ်ဆေးမှုများ ဖြစ်လာနိုင်ပြီး၊ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ ဆုံးရှုံးနိုင်ကြောင်း၊ နောက်ဆက်တွဲ မလိုလားအပ်သည့် ကိစ္စများ ဖြစ်လာနိုင်ကြောင်း မင်းအောင်လှိုင်က ထည့်သွင်း ရှင်းပြခဲ့သည်။ ဂမ်ဘီယာနိုင်ငံက ၂၀၁၉ ခုနှစ်တွင် စွဲဆိုခဲ့သော ယင်း အမှုမှာ ယခုအခါ နှစ်နိုင်ငံ၏ အပြီးသတ် လျှောက်လှဲချက်များ ပြီးဆုံးခဲ့ပြီး၊ ဇန်နဝါရီ ၂၉ ရက်နေ့ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့၌ ကြားနာမှုများ ပြုလုပ်ခဲ့ပြီးနောက် ICJ တရားရုံး က လူမျိုးတုံး သတ်ဖြတ်မှု ရှိ၊ မရှိ ဆုံးဖြတ်ရမည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ လက်ရှိ အချိန်တွင် အမှုကို တရားသူကြီးများအကြား ဆွေးနွေးဆုံးဖြတ်မှု အဆင့်သို့ ပို့ဆောင်ထားပြီး၊ နိုင်ငံရေး ဖိအားများကြားတွင် မြန်မာ စစ်အစိုးရ၏ ဆုံးဖြတ်ချက်များက နိုင်ငံ၏ ဂုဏ်ရည်ကို ကာကွယ်ရန် ရည်ရွယ်ခဲ့သည်ဟု မင်းအောင်လှိုင်က ထုတ်ဖော်ခဲ့သည်။

အတုအယောင်ရွေးကောက်ပွဲအပြီး စစ်တပ်ကိုယ်စားလှယ် ၁၁၀ ဦး စာရင်း ထုတ်ပြန်
ဖေဖော် ၉
The Kaladan Post
စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က အတု ရွေးကောက်ပွဲ အပြီး ပြည်သူ့လွှတ်တော်တက်ရောက်မည့် စစ်တပ်ကိုယ်စားလှယ် ၁၁၀ ဦး၏ အမည်စာရင်းကို ဖေဖော်ဝါရီ ၇ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး လာမည့် မတ်လ တတိယပတ်တွင် ပြည်သူ့လွှတ်တော်ကို ခေါ်ယူကာ အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးမည်ဟု မင်းအောင်လှိုင်က ပြောကြားခဲ့သည်။ စာရင်း တွင် ဗိုလ်ချုပ် ရဲကျော်သူ ဦးဆောင်ပြီး ဗိုလ်မှူးချုပ် ၁၀ ဦး၊ ဗိုလ်မှူးကြီး ၁၈ ဦး၊ ဒုတိယ ဗိုလ်မှူးကြီး ၄၂ ဦး၊ ဗိုလ်မှူး ၂၇ ဦး၊ ဗိုလ်ကြီး ၁၂ ဦး ပါဝင်ကြောင်း သိရသည်။ ဤစာရင်းသည် ဒီဇင်ဘာ ၂၈ ရက်မှ စတင်ကျင်းပခဲ့သော အပိုင်း ၃ ပိုင်း ရွေးကောက်ပွဲ အပြီး မင်းအောင်လှိုင်က ပေးပို့ထားသော နာမည် များဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်တွင် စစ်တပ်ကိုယ်စားလှယ် ၂၅% အပြင် ကျန်နေရာအများစုကို ကြံ့ခိုင်ရေးပါတီက ယူဆောင်မည်ဖြစ်ရာ စစ်အုပ်စုက ဆက်လက် ခြယ်လှယ်နိုင် မည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက သုံးသပ်ထားသည်။ မကြာခင်တွင် အမျိုးသားလွှတ်တော် အတွက် စစ်တပ်ကိုယ်စားလှယ် ၅၆ ဦး စာရင်း ထပ်မံ ထုတ်ပြန်ရန် ရှိနေကြောင်း သိရသည်။ ဖေဖော် ဝါရီ ၇ ရက်က ရုပ်ရှင်ထူးချွန်ဆု ပေးပွဲတွင် မင်းအောင်လှိုင်က ၂၀၀၈ ဖွဲ့စည်းပုံကို ဒီမိုကရေစီ ကူးပြောင်းရေး၏ အသက်ခန္ဓာ အဖြစ် အလေးပေး ပြောကြားခဲ့သည်။ ဤ လုပ်ငန်းစဉ်များသည် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပြည်တွင်း အတိုက်အခံများက အတုအယောင်ဟု ယူဆနေသော စစ်ကောင်စီ၏ နိုင်ငံရေး လုပ်ငန်းစဉ်ကို ဆက်လက် ထင်ဟပ်နေသည်။

စစ်တပ် လက်နက်ကြီး လေကြောင်း တိုက်ခိုက်မှုများကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှု ဆက်လက် ဖြစ်ပွား
ဖေဖော် ၉
The Kaladan Post
စစ်ကောင်စီ တပ်ဖွဲ့များ၏ လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုများ ဆက်ရှိနေဆဲ ဖြစ်ကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းများက ထုတ်ပြန်ခဲ့သည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်နယ်မြေ တောင်ငူခရိုင်၊ သံတောင် မြို့နယ် ဖိုးဝါးချောင်းကျေးရွာတွင် ဖေဖော်ဝါရီ ၃ ရက် နံနက် ၉ နာရီခွဲခန့်က ထို့ဘိုကြီးစစ်စခန်းမှ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ကလေး ၂ ဦး၏ မိခင် အသက် ၃၈ နှစ်အရွယ် နော်နီကမွီး ထိမှန်ပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ ထို့အတူ ဖေဖော်ဝါရီ ၄ ရက် နံနက် ၉ နာရီခန့်တွင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ဟိန္ဒားကျေးရွာသို့ စစ်တပ်က ဂျက်ဖိုက်တာ လေယာဉ်ဖြင့် ပေါင် ၃၀၀ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ သံဃာ ၁ ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဘုန်းကြီးကျောင်း ပျက်စီးခဲ့ကြောင်း သိရသည်။ နောက်ဆက်တွဲ ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ခန့်တွင် ရခိုင်ပြည်နယ် သံတွဲမြို့၊ အမှတ် ၃ ရပ်ကွက်သို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အသက် ၅၀ အရွယ် ဦးအောင်သန်းလင်း နှင့် ဦးသက်အောင် တို့ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၉ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

၂၀၂၆ နှစ်ကုန်အထိ မြန်မာပြည်သူအသံ ကုလစင်မြင့်ပေါ်မှာ ဆက်ရှိမည်ဟု သံအမတ်ကြီး ပြောဆို
ဖေဖော် ၉
The Kaladan Post
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အမျိုးသား ညီ ညွတ်ရေးအစိုးရ (NUG) က ကုလသမဂ္ဂသို့ နှစ်စဉ်ထည့်ဝင်ရမည့် အဖွဲ့ဝင်ကြေး (အမေရိကန်ဒေါ်လာ ၃ သိန်းကျော်) ကို ဆက်လက်ပေးသွင်းနေကြောင်း PVTV သတင်းဌာနသို့ ပြောကြားခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ၂၀၂၅ ခုနှစ်အထိ မဲပေးခွင့် မဆုံးရှုံးစေရန် ကုလသမဂ္ဂထံ သုံးကြိမ်ပေး သွင်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ပထမတစ်ကြိမ်ကို မြန်မာကိုယ်စားလှယ်အဖွဲ့ရုံး ရန်ပုံငွေမှ ပေးသွင်းခဲ့ပြီး ၂၀၂၄ နှင့် ၂၀၂၅ နှစ်နှစ်စာကိုမူ NUG မှ တဆင့် ပြည်သူလှူဒါန်းငွေများဖြင့် နယူးယောက်ရှိ မြန်မာအဖွဲ့ရုံးအကောင့်မှ ကုလသမဂ္ဂထံ ပေးသွင်းခဲ့ကြောင်း သံအမတ်ကြီးက ရှင်းပြသည်။ ဤကြေး ငွေ ထည့်ဝင်မှုကြောင့် ကုလသမဂ္ဂ စည်းဝေးပွဲများတွင် မြန်မာကိုယ်စားလှယ်အဖွဲ့၏ မဲပေးခွင့်ကို ၂၀၂၆ ခုနှစ်ကုန်အထိ ဆက်လက်ရရှိနေမည်ဖြစ်ကြောင်း ဦးကျော်မိုးထွန်းက အတည်ပြုပြောကြားခဲ့သည်။ ကုလသမဂ္ဂ စည်းမျဉ်းအရ နှစ်နှစ်ဆက်တိုက် အနည်းဆုံးကြေးငွေ မပေးသွင်းပါက မဲပေးခွင့် ဆုံးရှုံးနိုင် သောကြောင့် ဤလုပ်ဆောင်ချက်သည် တော်လှန်ရေးအတွက် အရေးပါသော အထောက်အကူ ဖြစ်စေ ခဲ့သည်ဟု ဆိုသည်။ ထို့အပြင် မြန်မာကိုယ်စားလှယ်ရုံး၏ တည်ရှိမှုက စစ်အုပ်စု၏ သတင်းမှားများကို ကာကွယ်နိုင်ပြီး မြန်မာပြည်သူများ၏ အသံကို ကမ္ဘာ့စင်မြင့်တွင် ဆက်လက်တင်ပြနိုင်ရန် အထောက် အကူ ဖြစ်စေကြောင်း သံအမတ်ကြီးက ဆက်လက်ပြောဆိုသည်။ လက်ရှိတွင် ရုံးအသုံးစရိတ်များကို လျှော့ချအသုံးပြုနေပြီး မြန်မာ့အရေးကို ဆက်လက်မြှင့်တင်နေကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂ ရက် မှ ၁၀ ရက်အထိ ကျင်းပခဲ့သော ကုလသမဂ္ဂ လူမှုဖွံ့ဖြိုးတိုးတက်ရေး ကော်မရှင် (CSocD) အစည်းဝေး တွင်လည်း ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအနေဖြင့် မြန်မာပြည်သူများအပေါ် ဆက်လက်ပံ့ပိုးကူညီ ရန်နှင့် အရေးယူဆောင်ရွက်မှုများ ပိုမိုပြတ်သားစွာ လုပ်ဆောင်ပေးရန် တောင်းဆိုခဲ့သည်။ စစ်အာဏာ သိမ်းမှု နောက်ပိုင်း NUG နှင့် စစ်ကောင်စီ နှစ်ဖက်စလုံးက ကုလသမဂ္ဂတွင် ကိုယ်စားပြုခွင့် ရယူရန် ကြိုးပမ်းခဲ့သော်လည်း ကုလ၏ ကိုယ်စားလှယ်အရည်အချင်း စိစစ်ရေးကော်မတီက ယတိပြတ် မဆုံးဖြတ်ခဲ့သဖြင့် NLD အစိုးရလက်ထက်က ခန့်အပ်ခံရသည့် ဦးကျော်မိုးထွန်း ဦးဆောင်သော အဖွဲ့သာ ဆက်လက် တက်ရောက်ခွင့် ရရှိနေဆဲ ဖြစ်သည်။
