ဖေဖေါ် ၁၆
The Kaladan Post
Bangladesh တွင် ကျင်းပခဲ့သော နောက်ဆုံး ရွေးကောက်ပွဲအပြီး အရေးနိမ့်ခဲ့သည့် အတိုက်အခံ မဟာမိတ်အင်အားစုများက မဲဆန္ဒနယ် ၃၀ ကျော်၏ ရလဒ်များအပေါ် မကျေနပ်ကြောင်း ထုတ်ဖော်ပြောကြားကာ ရွေးကောက်ပွဲကော်မရှင်ထံ တရားဝင် တိုင်ကြားထားသည်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျင်းပခဲ့သည့် အဆိုပါ ရွေးကောက်ပွဲသည် ဝန်ကြီးချုပ်ဟောင်း Sheikh Hasina အစိုးရ ပြုတ်ကျပြီးနောက်ပိုင်း ပထမဆုံး ကျင်းပသည့် ရွေးကောက်ပွဲဖြစ်သည်။ ရလဒ်များအရ Bangladesh Nationalist Party (BNP) ဦးဆောင်သည့် မဟာမိတ်အဖွဲ့က အမတ်နေရာ ၂၁၂ နေရာ ရရှိကာ အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ BNP ကို ဦးဆောင်သူမှာ တာရစ် ရာမန် ဖြစ်ပြီး ၎င်းသည် နိုင်ငံရေး ဩဇာအကြီးဆုံး မိသားစုတစ်ခုမှ ဆင်းသက်လာသူဖြစ်သည်။
အပြိုင်အင်အားစုအဖြစ် ရပ်တည်ခဲ့သည့် Bangladesh Jamaat-e-Islami ဦးဆောင်သော အဖွဲ့ကတော့ အမတ်နေရာ ၇၇ နေရာသာ ရရှိခဲ့သည်။ ပါတီအကြီးအကဲ ရှဖစ်ကာ ရာမန်က ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ရလဒ်ကို လက်ခံကြောင်း ပြောကြားခဲ့သော်လည်း လွှတ်တော်အတွင်း စည်းကမ်းရှိသည့် အတိုက်အခံအဖြစ် ဆက်လက်ရပ်တည်သွားမည်ဟု ဆိုခဲ့သည်။
သို့ရာတွင် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ဂျမတ်ပါတီ တာဝန်ရှိသူများက မဲဆန္ဒနယ် ၃၂ ခုတွင် ပါတီကိုယ်စားလှယ်များ မမျှတသည့် အခြေအနေများကြောင့် ရှုံးနိမ့်ခဲ့ကြောင်း ဆိုကာ ရလဒ်များကို ပြန်လည် စစ်ဆေးပေးရန် ရွေးကောက်ပွဲကော်မရှင် (EC) ထံ တောင်းဆိုခဲ့သည်။ ပါတီ ပြောရေးဆိုခွင့်ရသူ ဟာမီဒူရာ ရာမန်အာဇက်က မဲအတုထည့်ခြင်း၊ လာဘ်ထိုးမဲဝယ်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် အကြမ်းဖက်မှုများကြောင့် မဲပေးမှု လုပ်ငန်းစဉ်အပေါ် သက်ရောက်မှုရှိခဲ့ကြောင်း စွပ်စွဲထားသည်။
ရွေးကောက်ပွဲတွင် အနိုင်ရရှိသူများသည် ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ကျမ်းသစ္စာ ကျိန်ဆိုမည်ဖြစ်ပြီး၊ ထို့နောက် တာရစ် ရာမန်သည် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နိုင်မည်ဟု ခန့်မှန်းရသည်။
ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ မဲဆွယ်ကာလအတွင်း နိုင်ငံရေးပဋိပက္ခများကြောင့် လူ ၅ ဦး သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ သို့သော် ရွေးကောက်ပွဲနေ့တွင် ကြီးမားသည့် အကြမ်းဖက်ဖြစ်စဉ်များ မရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားသည်။ ရွေးကောက်ပွဲနေ့နောက်ပိုင်းတွင်လည်း နိုင်ငံရေးဆိုင်ရာ ပဋိပက္ခများကြောင့် လူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် ကျောင်းသားလှုပ်ရှားမှုများမှ ထူထောင်ထားသည့် National Citizen Party (NCP) ကလည်း ၎င်းတို့ကို ထောက်ခံသူများ ပစ်မှတ်ထား တိုက်ခိုက်ခံရမှုများ ရှိခဲ့ကြောင်း ပြောကြားထားသည်။
EC ၏ ထုတ်ပြန်ချက်အရ မဲဆန္ဒနယ် ၃၀၀ အနက် ၂၉၉ နေရာတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပြီး မဲပေးခွင့်ရှိသူစုစုပေါင်း၏ ၅၉ ရာခိုင်နှုန်း မဲလာပေးခဲ့ကြောင်း သိရသည်။ တိုက်ရိုက်ရွေးကောက်တင်မြှောက်ခံရသူများအနက် အမျိုးသမီးအမတ် ၇ ဦးသာ ပါဝင်ခဲ့ပြီး၊ ပါတီအလိုက် မဲရရှိမှုအပေါ် အခြေခံကာ ခွဲတမ်းဖြင့် ဖြည့်စွက်ပေးမည့် အမျိုးသမီးအမတ် နေရာ ၅၀ ကို သီးသန့် သတ်မှတ်ထားသည်။
လူနည်းစုအသိုက်အဝန်းများမှ အမတ် ၄ ဦး အနိုင်ရရှိခဲ့ပြီး၊ ထိုအထဲတွင် နိုင်ငံလူဦးရေရဲ့ ၇ ရာခိုင်နှုန်းခန့်သာ ရှိသည့် ဟိန္ဒူဘာသာဝင်များမှ ၂ ဦး ပါဝင်ခဲ့ကြောင်း သိရသည်။
Source: AFP
Photo: Reuters