ဖေဖေါ် ၁၈
The Kaladan Post
Bangladesh တွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲအနိုင်ရ ပါတီခေါင်းဆောင် Tarique Rahman သည် ဝန်ကြီးချုပ်သစ်အဖြစ် တရားဝင် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ရာဟ်မန်ဦးဆောင်သော Bangladesh Nationalist Party (BNP) သည် ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပြီး အာဏာရှင်ဆန်ဆန် ကာလရှည်ကြာ အုပ်စိုးခဲ့သည့် ဝန်ကြီးချုပ်ဟောင်း Sheikh Hasina ၏ အုပ်ချုပ်မှုနောက်ပိုင်း ပြုလုပ်ခဲ့သော အရေးကြီး ရွေးကောက်ပွဲအဖြစ် နိုင်ငံအတွင်း စောင့်ကြည့်ခံခဲ့ရသည်။
ရာဟ်မန်သည် နိုင်ငံရေး အစဉ်အလာရှိသည့် မိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး ဖခင်မှာ သမ္မတဟောင်း Ziaur Rahman ဖြစ်ကာ မိခင်မှာ ဝန်ကြီးချုပ်ဟောင်း Khaleda Zia ဖြစ်သည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ် သမိုင်းတွင် ၃၅ နှစ်အတွင်း ပထမဆုံး အမျိုးသား ဝန်ကြီးချုပ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် မြို့တော် Dhaka ၌ ကျင်းပသည့် ကျမ်းသစ္စာကျိန်ဆိုပွဲကို သမ္မတ Mohammed Shahabuddin က ကြီးမှူးကျင်းပပေးခဲ့ပြီး ရာဟ်မန်အား ဝန်ကြီးချုပ်အဖြစ် တရားဝင် ခန့်အပ်ကြေညာခဲ့သည်။ ၎င်းသည် ၅ နှစ် သက်တမ်းအတွက် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။
ရွေးကောက်ပွဲရလဒ်အရ BNP နှင့် မိတ်ဖက်ပါတီများက လွှတ်တော် အမတ်နေရာ ၃၅၀ အနက် ၂၁၂ နေရာ ရရှိခဲ့သည်။ အခြားဘက်တွင် Jamaat-e-Islami ဦးဆောင်သည့် ပါတီ ၁၁ ခု ပူးပေါင်းဖွဲ့စည်းထားသော မဟာမိတ်အင်အားစုက အမတ်နေရာ ၇၇ နေရာ ရရှိခဲ့ပြီး အဓိက အတိုက်အခံအဖြစ် ရပ်တည်သွားမည်ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲစနစ်အရ အမတ်နေရာ ၃၀၀ ကို မဲဆန္ဒနယ်အလိုက် တိုက်ရိုက်ရွေးကောက်ပြီး ကျန် ၅၀ ကို ပါတီအလိုက် ရရှိသည့် မဲရာခိုင်နှုန်းအပေါ် မူတည်၍ ခွဲတမ်းချမှတ်ပေးသည်။
အသက် ၆၀ အရွယ် ရာဟ်မန်သည် ယခင်က London မြို့တွင် ၁၇ နှစ်ခန့် နေထိုင်ခဲ့ပြီး ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင်သာ နိုင်ငံသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ ၎င်းက လူဦးရေ သန်း ၁၇၀ ခန့်ရှိသည့် နိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်တိုးတက်ဖွံ့ဖြိုးရေးအတွက် အစွမ်းကုန် ကြိုးပမ်းသွားမည်ဟု ကတိပြုထားသည်။
Source — Associated Press (AP)
ဓာတ်ပုံ — AP