RAIN
ဖြေဆိုသူ – ကာရီဦးစိုးနေဦး၊ Inter-Religious Institute for Peace (IRIP)
RAIN – The Kaladan Post ကို ကြည့်ရှုပေးနေကြတဲ့ မိဘပြည်သူများ အားလုံးပဲ မင်္ဂလာပါရှင်။ The Kaladan Post ရဲ့ Exclusive Interview အစီအစဉ်ကနေပြီးတော့မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ကျွန်မကတော့ Rain ပါ။ ဒီတစ်ပတ်မှာတော့ Interview အစီအစဉ်မှာ ပါဝင်ပို့ရန်အတွက် ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆရာ Sheik Soe ကို ဖိတ်ခေါ်ထားပါတယ်။ မင်္ဂလာပါဆရာ။
ကာရီဦးစိုးနေဦး – ဟုတ်ကဲ့ မင်္ဂလာပါ။
RAIN – ဟုတ်ကဲ့ပါ ဟုတ်။ အခုလိုမျိုး ကျွန်မတို့ အစီအစဉ်ကို ပါဝင်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။
ကာရီဦးစိုးနေဦး – ဟုတ်ကဲ့ပါ။ ဖိတ်ခေါ်ပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။ ဟုတ်။
RAIN – ဟုတ်ကဲ့ပါ ဆိုတော့ အရင်ဆုံးအနေနဲ့ ဆရာ လက်ရှိမှာ ပါဝင်ဦးဆောင်နေတဲ့ ဒီ ဘာသာပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ အဓိကရည်ရွယ်ချက်လေးနဲ့ အတူပေါ့နော် ဆရာလုပ်ဆောင်နေတဲ့ ဒီလှုပ်ရှားမှုလေးတွေကိုလည်း မိဘပြည်သူတွေကို အရင်းဦးဆုံး အနေနဲ့ မိတ်ဆက်ပေးပါဦးရှင့်။
ကာရီဦးစိုးနေဦး – ဟုတ်ကဲ့ပါ ဟုတ်။ ကျွန်တော်လောလောဆယ်မှာတော့ Burma Human Right Network ဆိုတဲ့ ဒီ လူ့အခွင့်အရေးအဖွဲ့မှာ ကျွန်တော် researcher အဖြစ် အလုပ်လုပ်ပါတယ်။ တစ်ခုကတော့ ဒါကတော့ ကျွန်တော့်ရဲ့ main အလုပ်ပေါ့နော်။ နောက်တစ်ခုကတော့ ဒီ ဆရာတော်သံဃာတော်တွေနဲ့ ဒီ စုံလင်ကွဲပြားတဲ့ ဘာသာအသီးသီးက ဘာသာရေး သာသနာရေး ခေါင်းဆောင်များနဲ့အတူ IRIP ပေါ့နော်။ Inter religious Institute for Peace မှာ ကျွန်တော်တို့ ပါဝင်ပြီးတော့ အစ္စလာမ်ဘာသာ ကိုယ်စားပြုပြီးတော့ ပါဝင်ပြီးတော့ တာဝန်ထမ်းဆောင်နေတာတွေ ရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့ ဒီ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး မြန်မာလိုခေါ်ရင်တော့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး institute ပေါ့နော်။ ဒီအဖွဲ့ဟာ စပြီးတော့ တည်ထောင်တဲ့ ရည်ရွယ်ချက်ကိုက ဒီ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံမှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အားလုံးက မှီတင်းနေထိုင်ကြတာပေါ့နော်။ မှီတင်းနေထိုင်ကြတော့ ကျွန်တော်တို့ ဒီ အဖွဲ့အစည်း စတင်ပြီးတော့ ဒီ သန္ဓေတည် တည်ပြီးတော့ ဖြစ်ပေါ်လာခြင်းအကြောင်းခံကိုက ဘာသာ အယူဝါဒ စုံလင်ကွဲပြားတဲ့ ညီအစ်ကိုမောင်နှမတွေ အားလုံးသည် စစ်အာဏာရှင်စနစ်ကို လုံးဝ မနှစ်သက်ဘူး။ ဘာသာပေါင်းစုံက ပုဂ္ဂိုလ်တွေက ဒါ တော်လှန်နေတယ်ဆိုတဲ့ သဘောကို ပြည်သူလူထုကို နံပါတ်တစ် ရှုမြင်စေချင်တယ်။ နောက် နောက်တစ်ခုကကျတော့ ကျွန်တော်တို့ ဒီ များသောအားဖြင့် စစ်အာဏာရှင်အဆက်အစပ်ဟာ သူတို့ရဲ့ ဒီ နိုင်ငံရေး အကျပ်အတည်းဖြစ်တိုင်း သူတို့မှာ နိုင်ငံရေးထွက်ပေါက် မရှိတိုင်း သူတို့ အမြဲတမ်း ထွက်ပေါက်အနေနဲ့ ရှာတာက ဘာသာရေး လူမျိုးရေး ပဋိပက္ခ ပြဿနာတွေပေါ့နော်။ အဲ့တော့ အဲ့ဒါတွေကို ကျွန်တော်တို့က တတ်နိုင်သလောက် ကျွန်တော်တို့တွေ အဲ ကျွန်တော်တို့ တတ်နိုင်တဲ့ ဘက်ကပေါ့နော်။ ကျွန်တော်တို့ ပါဝင်ပြီးတော့ ဒါတွေကို ကျွန်တော်တို့ ဒီ စစ်အာဏာရှင်ကို အဲ ဆန့်ကျင်တဲ့နေရာမှာ ဘာသာရေး၊ လူမျိုးရေးဆိုတာ သည် ကျွန်တော်တို့ ခွဲခြားစရာ မဟုတ်ဘူး။ တကယ်တမ်း ခွဲခြားနေတာဟာ စစ်အာဏာရှင် ဖြစ်တယ်ဆိုတာကို ပြည်သူလူထုကိုလည်း ဒီ message လေး ပေးချင်တယ်ပေါ့နော်။ နောက်တစ်ခုက ကျွန်တော်တို့ ဒီ အဖွဲ့က ကျွန်တော်တို့ ရည်ရွယ်တာက ဒီ တော်လှန်ရေး ကာလ ဒီ အတွင်းမှာရော တော်လှန်ရေးကာလ အလွန်ကာလတွေမှာအထိ ကျွန်တော်တို့ မြန်မာမှာရော၊ ကမ္ဘာမှာရောသည် ဘာသာ စုံလင်ကွဲပြားမှု အပေါ်မှာ ကျွန်တော်တို့ဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လို့ရတယ်ဆိုတဲ့ ပုံရိပ်တစ်ခုကို ပြချင်တဲ့ သဘောပါ။
RAIN – ဟုတ်ကဲ့ပါ နောက်တစ်ခုအနေနဲ့ ဒီ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေမှာ ပေါ့နော် ဒီ ဘာသာရေးခေါင်းဆောင်တွေနဲ့ ဘာသာဝင်တွေကြားထဲမှာလည်းပဲ စစ်တပ်နဲ့ ပူးပေါင်းတဲ့သူတွေရော ပြီးတော့မှ နောက်ထပ် ဒီ ပြည်သူနဲ့ ရပ်တည်တဲ့သူဆိုပြီးတော့လည်းမှ နှစ်မျိုးနှစ်စား ကွဲပြားနေတာကိုလည်း တွေ့ရှိနေရတယ်ပေါ့နော်။ ဆိုတော့ ဒီလိုမျိုး ကွဲပြား ရခြင်းရဲ့ အဓိက အကြောင်းအရင်းတွေကရော ဘာကြောင့်ဖြစ်မယ်လို့ ဆရာ့အနေနဲ့ သုံးသပ် ထားပါလဲရှင်။
ကာရီဦးစိုးနေဦး – တကယ်ပြောမယ်ဆိုရင်တော့ ဟို ဘာသာရေးခေါင်းဆောင်တွေဆိုတာက ကိုယ့်အကျိုးထက် ပြည်သူ့အကျိုးကို ပိုဦးစားပေးရတာပေါ့။ ကျွန်တော်နားလည်တဲ့ ဘာသာရေးခေါင်းဆောင်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဘာသာတရားတွေကို ဦးဆောင်တဲ့ ပုဂ္ဂိုလ်တွေသည် နိုင်ငံရေး အချိုးအကွေ့တစ်ခုခု ဖြစ်ပြီဆိုရင် နိုင်ငံရေးက ငါတို့နဲ့ မဆိုင်ဘူးဆိုပြီးတော့ ဘေးထွက်နေကြတာ များတယ်ပေါ့နော်။ တကယ်တမ်းပြောမယ် ဆိုရင်တော့ ကျန်တဲ့ သာသနာတွေကိုတော့ ကျွန်တော် နားမလည်ပေမယ့် ကျွန်တော်တို့ရဲ့ အစ္စလာမ်ဓမ္မမှာတော့ ဒီ မတရားတဲ့ မင်းစိုးမင်းညစ်တွေကို ကျွန်တော်တို့က တော်လှန် ဆန့်ကျင်တာကို အမွန်မြတ်ဆုံးသော ဂျီဟတ် လို့ ကျွန်တော်တို့ရဲ့ အစ္စလာမ်ဓမ္မက လမ်းညွှန်ဆုံးမထားတာပေါ့နော်။ အဲ့ဒီအတွက်ကြောင့် ကျွန်တော်တို့ဟာ ပြဿနာတစ်ခုခု ဖြစ်ပြီး နိုင်ငံရေးအချိုးအကွေ့ဖြစ်ပြီဆိုရင် ကျွန်တော်တို့က ရှေ့တန်းကနေ ပါဝင်ရတာ ကျွန်တော်တို့ရဲ့ တာဝန်ပဲ ဖြစ်တယ်။ နောက်တစ်ခုက ကျွန်တော်တို့ တမန်တော် မိုဟမ်မဒ် သခင်ရဲ့ ဩဝါဒတော် တစ်ပါးမှာ စကရေးသလို ကောင်းဘီခါသီးမွန် ဟုတ်တယ်။ အုပ်စုတစ်စုကို ကိုယ်က ဦးဆောင်မယ်ဆိုရင်တဲ့ အဲ့ဒီ လူအုပ်စုကို ကိုယ်က အလုပ်အကျွေး ပြုတဲ့သူ ဖြစ်ရမယ်။ ဆိုတော့ ကျွန်တော်တို့က ကောင်းတဲ့အချိန်မှာတော့ ဒကာဒကာမတွေ ကျွန်တော်တို့ရဲ့ တပည့်တပန်းတွေ ကောင်းစားတဲ့အချိန်မှာ ကျွန်တော်တို့ ဆန်စားပြီးတော့ သူတို့တွေ ဒုက္ခရောက်တဲ့အချိန်မှာ ကျွန်တော်တို့ ဘေးထွက်ထိုင်တာကို တရားတော် အရလည်း ဆန့်ကျင်သလို တကယ် လိပ်ပြာမလုံစရာ ကိစ္စဖြစ်တယ်ပေါ့နော်။ နောက်တစ်ခုက ဒီ ဘာသာရေးခေါင်းဆောင်တွေက စစ်တပ်နဲ့ သွားပေါင်းတယ်ဆိုတော့ မြန်မာနိုင်ငံမှာ သိတဲ့အတိုင်း ကျွန်တော်တို့ ငယ်ငယ်ကဆို နိုင်ငံရေးဆိုတဲ့အကြောင်းတော့ မပြောရဘူး ပေါ့နော်။ ကျွန်တော်တို့ထက် အသက်အရွယ်ကြီးရင့်တဲ့ ကျွန်တော်တို့ထက် စီနီယာကျတဲ့ ဆရာတော်ကြီးတွေ ဘာတွေဆိုရင် နိုင်ငံရေးဆိုတာ သိပ်ပြီးတော့ ကြောက်ကြတာ။ ဒါက ပြဿနာမရှိဘူး။ တော်လှန်ရေးဆိုတာ ကျွန်တော်တို့က ပရဟိတပဲ။ ပါချင်လည်းရတယ်၊ မပါချင်လည်းရတယ်။ သို့သော် တစ်ဖက်မှာ ရှေ့မှာ ဆရာမမေးသလို တစ်ဖက်က အဲ စစ်ကောင်စီနဲ့ သွားပြီး ပူးပေါင်းပြီးတော့ ပြည်သူ့မျက်နှာကို ကျွန်တော်တို့ မျက်ကွယ်ပြုတာက ကျတော့ အင်မတန် အကျည်းတန်တဲ့ လုပ်ရပ်ဖြစ်တယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ မပါဝင်တာ ပြဿနာမရှိဘူး။ မပါဝင်လို့ ကျွန်တော်တို့ အပြစ်ပြောပိုင်ခွင့်လည်း တော်လှန်ရေးဆိုတာ ကျွန်တော်လုပ်ချင်လည်း လုပ်မယ်။ ဆရာမလုပ်ချင်လည်း လုပ်မယ်။ တခြားထဲကလူတွေ မလုပ်ချင်လည်း မလုပ်လို့ရတယ်။ သို့သော် တော်လှန်ဆန့်ကျင်ရမယ့် ဒီလူတွေဟာ မတရားဘူးဆိုတာ သိသိကြီးနဲ့ ဒီလူတွေနဲ့ သွားပေါင်းတာကတော့ ဟို ဘာသာတရားရဲ့ လမ်းညွှန်ဆုံးမမှုတွေကိုလည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ရာရောက်သလို ပြည်သူလူထုကိုလည်း မျက်ကွယ်ပြုရာရောက်တယ်။ ပြီးတော့ကျတော့ ဒါ ကိုယ့်သမိုင်းကိုယ် ရေးတာပေါ့နော်။ ဒါက သမိုင်းမှာကျရင် ဒီလူတွေဟာ ဒီလို မတရားတဲ့ မင်းစိုးမင်းညစ်တွေနဲ့ ပူးပေါင်းခဲ့တာဖြစ်တဲ့အတွက် သူတို့ ဒီ လောကီမှာလည်း သိက္ခာမဲ့မှာဖြစ်သလို တမလွန်မှာ လည်း ဘုရားသခင်ရှေ့မှာ ပြန်ပြီးသူတို့ ရှင်းရှင်းကြရမှာပေါ့နော်။ ဆိုတော့ လူအမျိုးမျိုး စိတ်အဖုံဖုံဖြစ်တဲ့အတွက် တချို့ကတော့ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်တယ်။ တချို့က ကျတော့လည်း ကိုယ်ကျိုးစီးပွားထက် ပြည်သူ့အကျိုးကို ရှေ့တန်းတင်တယ်။ ဒီလိုလူတွေ ကတော့ ဘာသာတိုင်း၊ လူမျိုးတိုင်း၊ ဘာသာရေးခေါင်းဆောင်တိုင်းမှာ ရှိတာဖြစ်တဲ့အတွက် အဲ ဒါတွေကတော့ ကျွန်တော်တို့ သူတို့ရဲ့ ရပ်တည်ချက်၊ သူတို့ရဲ့ ခံယူချက်တွေအပေါ်မှာ မေးခွန်းမထုတ်လိုဘူး။ သို့သော် ကျွန်တော်တို့သည် ဘာသာတရားရဲ့ ဆိုဆုံးမမှုတွေ ပြည်သူ လူထုရဲ့ ဒုက္ခတွေကို ကျွန်တော်တို့ ဘယ်လို မျှဝေခံစားပြီးတော့ ဘယ်လို သူတို့ဘက်ကနေ ကျွန်တော်တို့ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ပြီးတော့ ကျွန်တော်တို့ ဖေးမလို့ရမလဲဆိုတာ ဒါလေးကတော့ ပိုအရေးကြီးတယ်လို့ ဒီ ဒီ ဒီ မေးခွန်းလေးကို ဖြေချင်ပါတယ်။ ဟုတ်။
RAIN – ဟုတ်ကဲ့ပါ ဆိုတော့ လက်ရှိအချိန်မှာ ဒီ ဘာသာရေးကိုပဲ အသုံးချပြီးတော့မှ ပြည်သူအချင်းချင်း သွေးခွဲနေမှုတွေရော ပြီးတော့ ပဋိပက္ခတွေ ဖန်တီးနေမှုတွေကြောင့်မို့လို့ ဒီ ရခိုင်ပြည်နယ်အပါအဝင် ဒီ နိုင်ငံအနှံ့မှာ စိုးရိမ်စရာ အခြေအနေတွေ ဖြစ်ပေါ်နေတာကို လည်းပဲ တွေ့ရှိနေရတယ်ပေါ့နော်။ ဆိုတော့ ဒီလိုအခြေအနေမျိုးမှာ ပြည်သူတွေအနေနဲ့ရော ဘယ်လိုမျိုး သတိထားဆင်ခြင်ပြီးတော့ နေထိုင်သင့်တယ်လို့ ဆရာ့အနေနဲ့ အကြံပြုလို ပါလဲရှင့်။
ကာရီဦးစိုးနေဦး – ဒါလည်း အင်မတန်အရေးကြီးတဲ့ ဟို အချက်ပဲပေါ့နော်။ အဲ ကျွန်တော်တို့ မြန်မာနိုင်ငံမှာက ဒီ ကိုလိုနီစနစ်မတိုင်ခင်မှာ ကျွန်တော်တို့ ပြည်သူလူထုကြားထဲမှာ ကျွန်တော်တို့တွေ ဘာသာအယူဝါဒ စုံလင်ကွဲပြားတဲ့ ညီအစ်ကိုမောင်နှမတွေ ကြားထဲမှာ ဒီ ဘာသာရေး လူမျိုးရေး ပြဿနာဆိုတာ မရှိခဲ့ဘူး။ ဒီ ကိုလိုနီစနစ်က ၁၃၀၀ ပြည့် အရေးတော်ပုံပေါ့နော် ဖြစ်လာတဲ့အချိန်မှာ ဒီ ဆရာစံရဲ့ ဒီ တောင်သူလယ်သမားသပိတ်ကို ဒီ ပုံရိပ်မှုန်ဝါးသွားပြီးတော့ ဘာသာရေး၊ လူမျိုးရေးဆိုတဲ့ ခေါင်းစဉ်ဘက်ကို ရောက်သွားအောင် လို့ သူတို့တွေဟာ ပုံဖော်ခဲ့တယ်၊ ပြုလုပ်ခဲ့တယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ ဒီ ဘာသာရေး၊ လူမျိုးရေးဆိုတဲ့ အစွဲတွေဟာ အဲ့ဒီမှာ စပြီးတော့ သန္ဓေတည်တယ်လို့ ပြောရမှာပေါ့နော်။ အရင်တုန်းက ကျွန်တော်တို့ ဒီ ပဒေသရာဇ်စနစ်ပေါ့နော်။ ဘုရင်တွေခေတ်မှာတုန်းကဆိုရင် ဒီ ကိုလိုနီမတိုင်ခင်ကဆို ကျွန်တော်တို့ဟာ သဟဇာတဖြစ်တဲ့ လူအဖွဲ့အစည်းဖြစ်ခဲ့တာ ကျွန်တော်တို့ မြန်မာ့သမိုင်းမှာလေ။ ဆိုတော့ ဆိုလိုချင်တာက မသမာတဲ့ နိုင်ငံရေးသမားတွေ နော် နောက်တစ်ခုက ဒီ စစ်အာဏာရှင်ပေါ့နော်။ စစ်အာဏာရှင်စနစ်ဟာ ဒီ ကိုလိုနီရဲ့ အမွေဆိုးဖြစ်တဲ့ သူတို့ရဲ့ နိုင်ငံရေး အကျပ်အတည်းဖြစ်တိုင်း သူတို့နိုင်ငံရေးအချိုးအကွေ့တိုင်း မှာ သူတို့ မသမာတဲ့ လုပ်ငန်း ဥပမာ ရခိုင်ပြည်နယ်မှာ အဲ ကျောက်ဖြူရေနက်ဆိပ်ကမ်း ဖြစ်တော့မယ်ဆိုတဲ့အချိန်မှာ ကျွန်တော်တို့ ဘာသာရေးပဋိပက္ခ လူမျိုးရေးပဋိပက္ခဖြစ်တာ နော်။ ကျန်တဲ့နေရာတွေမှာလည်း ကျွန်တော်တို့ ၁၉၉၇ ခုနှစ်မှာဆိုရင် ကျွန်တော် မန္တလေးသားပေါ့နော်။ မန္တလေးက ကျွန်တော်တို့ မန္တလေးမှာရှိတဲ့ မဟာမြတ်မုနိ ဘုရားကြီးကို ပတ္တမြားမြတ်ရှင်ရှိတယ်ဆို ဘယ်သူက ဂျင်းထည့်လိုက်မှန်းမသိဘဲနဲ့ အဲ့ဒါကို ဗိုက်လာဖောက် တယ်။ ဌာပနာလာဖောက်တယ်။ ဆိုတော့ လေးပြင်လေးရပ်က ဆရာတော်တွေက အဲ့ဒါကို ဝိုင်းပြီး ကန့်ကွက်တဲ့အချိန်မှာ အဲ မွတ်စလင်တစ်ယောက်က ဗုဒ္ဓဘာသာအမျိုးသမီး တစ်ယောက်၊ ဗုဒ္ဓဘာသာအမျိုးသမီးကလည်း ဘယ်တော့ ပဋိပက္ခပဲ ဖြစ်လိုက်ဖြစ်လိုက် ကြည့်ရင် ဘုန်းကြီးတူမတွေပဲ။ ဘုန်းကြီးတွေကလည်း တူမတွေ ပေါ်လိုက်တာ နော်။ အဲ့ဒီလိုမျိုး သူတို့ အမြဲတမ်း ဖန်တီးတယ်။ ဒါရှင်းပါတယ်။ စစ်အာဏာရှင်တွေက ဘာသာရေး၊ လူမျိုးရေးအစွဲဆိုတာက စစ်အာဏာရှင်က ကျွန်တော်တို့ရင်ထဲ ထည့်ပေးထားတာ။ ဆိုတော့ ဆိုလိုချင်တာ တချို့တွေက ဘာမှန်းမသိဘဲ ဘာကြောင့် ကြောက်နေရသလဲဆိုတော့ စစ်အာဏာရှင်အောက်မှာ ကျွန်တော်တို့က နှစ်ပေါင်း ၆၀ ကျော် ၇၀ လောက် ကျွန်တော်တို့ နေခဲ့ရတာကိုး။ နေခဲ့ရတော့ ဒီအစွဲတွေဟာ ကျွန်တော့်မှာလည်း ရှိတယ်။ တခြား တခြားသော သူတွေမှာလည်း အနည်းနဲ့အများရှိကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သတိထားရမှာ စစ်အာဏာရှင်ကို တော်လှန်ရင်းနဲ့ နော်။ ဒီလက်ရှိ ရှေ့က စစ်အာဏာရှင်တွေပဲ ကျွန်တော်တို့ ပြုတ်ကျသွားတာ ဟုတ်ဆိုတာထက် ပိုပြီးတော့ ထိရောက် ပိုပြီးတော့ အရေးကြီးတာက စစ်အာဏာရှင်ရဲ့ ဗျူရိုကရေစီ အဲ့ဒီ ယန္တရားတစ်ခုလုံးကို ကျွန်တော်တို့ တော်လှန်ဆန့်ကျင် ရမှာ။ ဥပမာ ကျွန်တော်တို့ လူမျိုးရေး၊ ဘာသာရေး ဘယ်သူက လုပ်တာတုန်း စစ်အာဏာရှင် က လုပ်တာ။ ဘယ်ကလေးကို လက်တို့ မေးမေး သိတယ်။ ဒါကို ဖင်ပိတ်ပြီး ငြင်းနေတာက ဘယ်သူပဲရှိတုန်းဆိုတော့ စစ်အာဏာရှင် ပိုက်ဆံပေးထားတဲ့ စစ်အာဏာရှင်ရဲ့ ဒေါက်တိုင် တွေ၊ စစ်အာဏာရှင်ရဲ့ ခါးပိုက်ဆောင်တွေပဲ ရှိတယ်။ တကယ်တမ်းရိုးသားတဲ့ ပြည်သူလူထုက ဒီ ပဋိပက္ခတွေ ဘယ်ကလာသလဲဆိုတာ သိတယ်။ ဆိုတော့ ပြည်သူလူထုအနေနဲ့ ကျွန်တော် တို့ ဒီနေရာမှာ မေတ္တာရပ်ခံတာပေါ့နော်။ အကြံပြုချင်တာက ဘာလဲဆိုရင် ဒီ ဘာသာရေး၊ လူမျိုးရေးဆိုတဲ့ အစွဲတွေဟာ ကိုလိုနီကနေပြီးတော့ မျိုးစေ့ချပြီး စစ်အာဏာရှင်က ဒါကို ထဲထဲ ဝင်ဝင် အကောင်အထည်ဖော်ပြီးတော့ သူတို့အာဏာ တည်မြဲရေးအတွက် သူတို့အသက်ရှူ ချောင်ရေးအတွက် သူတို့နိုင်ငံရေးထွက်ပေါက်အတွက် အသုံးချနေတယ်ဆိုတာကို ကျွန်တော်တို့ သိမြင်ပြီးတော့ အဲ့ဒီလို ပြဿနာတွေ ဖြစ်တိုင်း၊ အဲ့ဒီလို ဗီဒီယိုတွေ၊ အဲ့ဒီလို narrativeတွေ အဲ့ဒါမှမဟုတ် ပုံစံမျိုးတွေ မြင်တိုင်း ကျွန်တော်တို့ skip လုပ်လိုက်ပါ။ အဲ့ဒီထဲမှာ မပါဝင်ပါနဲ့။ အဲ့ဒီ နာကျင်မှုတွေထဲမှာ ကျွန်တော်တို့ နောက်ထပ် ပါဝင်ဖို့ မလိုတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်လုပ်လို့ ကျွန်တော်တို့ရဲ့ ကြားထဲမှာ ရှိတဲ့ ချစ်ခြင်းမေတ္တာတွေ၊ တစ်ယောက်နဲ့တစ်ယောက် လူလူချင်း တန်ဖိုးထားမှု တွေ တော်တော် နည်းခဲ့ကြပြီ။ ဒါကြောင့်မို့ စစ်အာဏာရှင် စနစ်ကို ကျွန်တော်တို့ ဖြိုချမယ် ဆိုရင် သူ့ရဲ့ ဗျူရိုကရေစီ ယန္တရားကိုပါ တစ်ပါတည်း ကျွန်တော်တို့ ဖြိုချဖို့ လိုပါတယ်လို့ ဒါလေးကို အကြံပြုချင်ပါတယ်။
RAIN – ဟုတ်ကဲ့ပါ ခုနက ဆရာ ဆွေးနွေးသွားတဲ့အထဲမှာလည်းပဲ ဒါ နှစ်ပေါင်းများစွာ ဒီ ဘာသာရေးကို အသုံးချပြီးတော့မှ ဒီသွေးခွဲမှုတွေ အ နှစ်ပေါင်းကြာရှည်စွာ ပြည်သူလူထုတွေနဲ့ ခံစားခဲ့ရတာဖြစ်တယ်ပေါ့နော်။ ဆိုတော့ ဒါကြောင့်မို့လည်းပဲ ဒီ အနာဂတ်မှာလည်းပဲ ဒီလိုမျိုး ဘာသာရေးကို အသုံးချပြီး သွေးခွဲမှုတွေ ဖြစ်ပေါ်လာဦးမှာကိုလည်းပဲ မိဘပြည်သူတွေ ကြားမှာ စိုးရိမ်မှု အလွန် မြင့်မားနေတာကိုလည်းပဲ တွေ့ရှိရတယ်။ ဆိုတော့ ဒီလို စိတ်ခံစားမှု တွေကို ကျော်လွှားပြီးတော့မှ နောင်အနာဂတ်မှာ ဒီ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ တန်းတူညီမျှစွာနဲ့ အတူယှဉ်တွဲနေထိုင်နိုင်မယ့် ဒီ Federal Democracy ပြည်ထောင်စုသစ်ကို ထူထောင်နိုင်ဖို့အတွက်ဆိုလို့ရှိရင် လက်ရှိနဲ့ ဒီ အနာဂတ်ခေါင်းဆောင်တွေကိုရော ဆရာ့အနေ နဲ့ ဟို ဘာများ အကြံပြုလိုပါလဲရှင့်။
ကာရီဦးစိုးနေဦး – ရှေ့မှာပြောတဲ့ စကားလုံး စကားနဲ့ ဆက်စပ်ပြီးတော့ ပြောရမှာပေါ့နော် ဆရာမ။ ကျွန်တော်တို့ တကယ်ပြောမယ်ဆိုရင် ဟို ခေါင်းဆောင်ပဲဖြစ်ဖြစ်၊ နောက်လိုက်တွေပဲဖြစ်ဖြစ်၊ ရိုးသားတဲ့ ပြည်သူလူထုပဲဆိုဆို ကျွန်တော်တို့သည် ဒီ အဲ လူမျိုးရေး၊ ဘာသာရေးဆိုတဲ့ အရာတစ်ခုကို ရှေ့တန်းတင်လိုက်ရင် ကျွန်တော်တို့နိုင်ငံရှေ့သွားဖို့အတွက်က တစ်လှမ်း နောက်ဆုတ်သွားသလိုဖြစ်သွားတယ်။ ဆိုတော့ ကျွန်တော်တို့က ဘာသာရေး၊ လူမျိုးရေးကို ရှေ့တန်းတင်တိုင်း ကိုယ့်အတ္တတွေကို ရှေ့တန်းတင်တိုင်းက ကျွန်တော်တို့ကို နောက်လိုက် နေတဲ့ ကျွန်တော်တို့ကို ထောက်ခံနေတဲ့ ကျွန်တော်တို့ကို အမြဲတမ်း ဘာတွေများ လုပ်နေလဲ လို့ မျှော်လင့်နေတဲ့ ပြည်သူလူထုအတွက် ကျွန်တော်တို့ ရှေ့ဆက်ဖို့ တစ်လှမ်းမတိုးနိုင်ဘဲ နောက်ကို တစ်လှမ်းတစ်လှမ်း ဆုတ်သွားရတာ။ ဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကို အေးချမ်းချင်တယ်၊ သာယာချင်တယ်၊ Federal Democracy ဆိုတဲ့ စနစ်ကိုသွားချင်တယ် ဆိုရင် Federal ကိုသွားချင်ရင် Federal စိတ်ဓာတ်တွေမွေးရမှာပေါ့။ Federal စိတ်ဓာတ် ဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ဆိုပြီးတော့ ပြောရင် စစ်အာဏာရှင်ကလည်း ဘာသာပေါင်းစုံလုပ်တာ။ အဲ စစ်အာဏာရှင် မဟုတ်တဲ့ တခြားသော ဟို မရိုးသားတဲ့ နိုင်ငံရေးသမားတွေကလည်း ဘာသာပေါင်းစုံလုပ်တာပဲ။ ဒါ ဘာသာပေါင်းစုံဆို တာက တကယ်တမ်းကျတော့ ထူးပြီး လုပ်စရာမလိုပါဘူး။ တစ်ခုပဲ။ ကျွန်တော်တို့ကြားထဲမှာ လိုအပ်နေတာက ကျွန်တော်တို့ ဘာသာပေါင်းစုံဆို အားလုံးက မြင်ကြတာက ငါတို့တွေက ဟိုဟာတူတယ်၊ ဒီဟာတူတယ်၊ မေတ္တာတရားချင်းတူတယ် ဘာ အဲ့ဒါတွေ မဟုတ်ဘူး။ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အရှည် အတူယှဉ်တွဲ နေထိုင်ဖို့အတွက် အဓိကကျတဲ့ သော့ချက် က ဘာလဲဆိုတော့ မတူကွဲပြားမှု၊ စုံလင်ကွဲပြားမှုကို ကျွန်တော်တို့က ကြည်ကြည်ဖြူဖြူ လက်ခံပေးလိုက်ပါ။ ကြည်ကြည်ဖြူဖြူ လက်ခံပေးလိုက်ခြင်းအားဖြင့် ဘာဖြစ်မလဲဆိုတော့ ကျွန်တော်တို့နိုင်ငံ အရွေ့အတွက် အများကြီးအကျိုးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံက ရှေ့ကို ရွေ့တော့မယ်ဆိုတိုင်း ဒီ လူမျိုးရေး၊ ဘာသာရေးဆိုတဲ့ ဒီ အစွဲတွေကပဲ ကျွန်တော်တို့နိုင်ငံကို ချောက်ထဲပြန်ပြန်ချတယ်။ ပြီးတော့ ချောက်ထဲကျ ရင်လည်း မကျခင် ငါတို့က ကယ်ရပါတယ်ဆိုတဲ့ အုပ်စုကလည်း အမြဲတမ်း ကယ် ကယ်ဖို့ အတွက် ချောင်းနေတာပေါ့နော်။ ကယ်ချင်အောင်ဆောင်တဲ့အုပ်စုပေါ့နော်။ ချောင်းနေကြ တယ်။ ဆိုတော့ နောက်တစ်ခုက ဒီ တချို့သောသူတွေက ဒီ စစ်အာဏာရှင်တွေကို အမျိုး ဘာသာသာသနာ သူတို့က စောင့်ရှောက်တယ်လို့ ထင်ကြတာပေါ့။ တကယ်တမ်းကျတော့ တွက်ကြည့်လိုက်ရင် စစ်အာဏာရှင်တွေဟာ အခု ဒီ မအလက ဒီ မာရဝိဇယကို တည်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ မန္တလေးတိုင်းမှာ၊ စစ်ကိုင်းတိုင်းမှာ စစ်အာဏာရှင်က ဖြိုဖျက်ခြင်းကို အများဆုံးခံရတာက ဗုဒ္ဓဘာသာရဲ့ သာသနိကအဆောက်အဦးတွေနဲ့ ဘုန်းတော်ကြီးကျောင်း တွေပါ။ ဆိုတော့ တစ်ဖက်မှာ သူတို့က စောင့်ရှောက်ချင်အောင်ဆောင်ပြီး တစ်ဖက်မှာတော့ ဖျက်ဆီးနေတာ ကျွန်တော်တို့သိဖို့လိုပါတယ်။ ဒီခေတ်က မီဒီယာခေတ်ဗျာနော်။ ကျွန်တော်တို့ ဒီ ၂၁ ရာစု ရောက်လာပြီဗျာ။ အင်မတန် တိုးတက်တဲ့ နည်းပညာခေတ်။ ကျွန်တော်တို့ ချတ်ဂျီပီဒီမှာ မေးမေး၊ Google မှာပဲ ရှာရှာ သတင်းဌာနတွေမှာပဲ ဖတ်ဖတ် သူတို့ ဘာတွေလုပ်နေလဲဆိုတာ ကျွန်တော်တို့က မျက်ခြေမပြတ်ဖို့လိုတယ်။ ဆိုတော့ ပြည်သူ လူထုကလည်း မျက်ခြေမပြတ်ဖို့လိုသလို ပြည်သူလူထုက အားကိုးအားထားပြုရတဲ့ ခေါင်းဆောင်တွေက ပိုတောင်မှ မျက်ခြေမပြတ်ဖို့ လိုပါသေးတယ်။ ဒါကြောင့်မို့ ခေါင်းဆောင် တွေကိုလည်း ဒီနေရာကနေပြီးတော့ မေတ္တာရပ်ခံချင်တယ် အကြံပြုချင်တာက ကျွန်တော်တို့ ရင်ထဲမှာ ရှိတဲ့ ကျွန်တော်တို့ ဖြစ်ချင်တာထက် ဖြစ်သင့်တာတွေကို ဦးစားပေးဖို့ လိုတယ်။ နောက်တစ်ခုက ကျွန်တော်တို့ တော်လှန်ရေးပဲလုပ်တာပဲဖြစ်ဖြစ် နိုင်ငံ့ရဲ့ ဒီ အလှည့်အပြောင်း ပေါ့နော်။ အချိုးအကွေ့တွေမှာ ကျွန်တော်တို့ ပါဝင်တာပဲဖြစ်ဖြစ် ခံစားချက်နဲ့ မလုပ်ဘဲနဲ့ ခံယူချက်နဲ့ လုပ်ကြဖို့လိုတယ်လို့ ဒီနေရာမှာ အကြံပြုလိုပါတယ်။
RAIN – ဟုတ်ကဲ့ပါ ဆိုတော့ ဒီ အဲ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့မှပေါ့နော် ဒီ နိုင်ငံတကာရဲ့ ဟို ကူညီဆောင်ရွက်မှုတွေအပေါ်မှာရော ဆရာ့အနေနဲ့ ကျေနပ်အားရမှု ဟို ဘယ်လောက်ထိရှိလဲဆိုတာလည်း သိချင်ပါတယ်။ ပြီးတော့ ဒီ မြန်မာ့အရေးကို အမှန်တကယ် ဖြေရှင်းနိုင်ဖို့အတွက် အာ ဒီ နိုင်ငံတကာခေါင်းဆောင်တွေကိုရော ဆရာ့အနေနဲ့ ဘယ်လိုများ အကြံပြုတိုက်တွန်းလိုပါလဲရှင့်။
ကာရီဦးစိုးနေဦး – မြန်မာ့အရေးနဲ့ ပတ်သက်ရင်တော့ နိုင်ငံတကာရဲ့ အဲ ကူညီမှုကတော့ ဟို အားရ လားဆိုရင်တော့ အားရမှု မရှိဘူးပေါ့။ ဆိုတော့ အားရမှု မရှိတဲ့နေရာမှာ နှစ်ပိုင်းရှိတာပေါ့နော်။ နံပါတ်တစ် အချက်က မြန်မာ့အရေးထက် တခြားသော ကမ္ဘာမှာ ရှိတဲ့ အရေးတွေကလည်း ဒီ ပါလက်စတိုင်းနဲ့ အစ္စရေးအရေးတွေ၊ ယူကရိန်းနဲ့ ဒီ ရုရှားအရေးတွေပေါ့နော်။ နိုင်ငံတကာ မှာလည်း ဒီလို ကျူးကျော်စစ်အရေးတွေကလည်း မြောက်များစွာရှိနေသလို အဲ နောက်တစ်ခု က မြန်မာနိုင်ငံမှာ ရှိတဲ့ ပုဂ္ဂိုလ်တွေကလည်း နိုင်ငံတကာမှာ ရှိတဲ့ ဥပဒေသတွေကို ကျွန်တော်တို့က လေ့လာထားဖို့လိုတယ်ပေါ့နော်။ ဆိုတော့ တစ်ခါတစ်လေ ကျွန်တော်တို့က လုပ်ချင်ပေမယ့် နိုင်ငံတကာရဲ့ ဥပဒေသတွေကို နားမလည်ရင် နိုင်ငံတကာရဲ့ ပါဝင်မှုကလည်း အားနည်းလာနိုင်တယ်ပေါ့နော်။ နောက်တစ်ခုက နိုင်ငံတကာရဲ့ သဘောတရားကလည်း ဘယ်လိုတုန်းဆိုတော့ သူတို့က ကျွန်တော်တို့ ငလျင်ကိစ္စကိုပဲကြည့်။ သူတို့ ပိုက်ဆံတွေ လှူလိုက်တယ်။ လှူလိုက်တော့ ဘာဖြစ်လဲဆိုတော့ စကစက တစ်နိုင်ငံလုံး ဗုံးကြဲတာ ပေါ့နော်။ သူတို့ကလည်း သူတို့ရဲ့ စာအုပ်ကြီးအတိုင်းပဲ လုပ်ကြတာပဲနော် နိုင်ငံတကာမှာ ရှိတဲ့ ပုဂ္ဂိုလ်တွေကလည်း သူတို့ရဲ့ စာအုပ်ကြီးမှာ ရှိတဲ့အတိုင်း နော် ဒီ legitimacy ဘယ်သူ့မှာ ရှိတုန်း။ နော်။ အဲ အဲ့ဒီရှိတဲ့သူကိုပဲ ပေးမယ်ဆိုတော့ legitimacy ဆိုတာ ပြည်သူလူထုက ပေးတဲ့ legitimacy ရှိတဲ့အုပ်စုကတော့ သပ်သပ်ရှိတယ်။ သို့သော်ညားလည်း နိုင်ငံတကာရဲ့ စည်းမျဉ်းဥပဒေသတွေကလည်း သူတို့က ဟို ဘယ်လိုပြောမလဲ တရားသေ သူတို့ဆုပ်ကိုင် ထားတဲ့အပေါ်မှာ အကူအညီတွေ မြောင်း သိပ်ပြီးတော့ မရောက်နိုင်ဘူးပေါ့နော်။ နိုင်ငံတကာရဲ့ ကူညီဆောင်မမှု ကို ပြောရင်တော့ အားရစရာရှိလားဆိုရင် အားရစရာတော့ မရှိဘူး။ ဒါပေမဲ့ တစ်ခုရှိတာက ကျွန်တော်တို့ ကိစ္စတစ်ခုခု ဖြစ်တိုင်း နိုင်ငံတကာကို ကျွန်တော်တို့ကလည်း မြန်မာနိုင်ငံက လူတွေကလည်း ဟို ကျွန်တော်တို့ ဒုက္ခရောက်ရင်တော့ အကူအညီတောင်းတယ်။ ဥပမာ ရိုဟင်ဂျာအရေးမှာဆိုရင် နိုင်ငံတကာ ဘယ်သူမှ မပါတော့နဲ့ဆိုတဲ့ သဘောမျိုးတွေ ရှိတာကိုးနော်။ ဆိုတော့ အဲ့ဒီလိုမျိုး ကိစ္စတွေမှာလည်း ကျွန်တော်တို့က ဆင်ခြင်သင့်တာပေါ့။ နော်။ ကျွန်တော်တို့ လူကိုလူလိုမြင်ပြီးတော့ လူ့အခွင့်အရေး အပြည့်အဝပေးမယ်ဆို ဘယ်လူမျိုး၊ ဘယ်ဘာသာ၊ ဘယ်အသားအရောင် ပဲဖြစ်ဖြစ် ကျွန်တော်တို့ အပြည့်အဝပေးမယ်ဆိုတဲ့ သဘောမျိုး ကျွန်တော်တို့ ထားဖို့လိုတယ်။ အခုဆိုရင် ကျွန်တော်တို့ ဒုတိယအကြိမ် ပြန်လည် ခေါင်းမော့လာတဲ့ အမျိုးသားရေးပေါ့နော်။ အမျိုးသားရေးဝါဒ။ ဒီ ကမ္ဘာမှာ ဒီမိုကရေစီ ဘိုးအေကြီးလို့ ပြောတဲ့ နိုင်ငံတွေကအစ အဲ လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် ဟို လျစ်လျူရှုလာတာတွေရှိတယ်။ ချောင်ထိုးလာ တာတွေရှိတယ်။ အဲ့ဒီအပေါ်မှာ တချို့က အဲ့ဒါကို အားယူပြီးတော့ ဟေ့ နိုင်ငံတကာ ဂရုစိုက်စရာမလိုဘူး။ ငါတို့က နိုင်ငံတကာမရှိလည်း ငါတို့က ငါတို့ရပ်တည်နိုင်တယ်။ ကျွန်တော်တို့ ကမ္ဘာကြီးက ရွာကြီးဖြစ်သွားပြီတဲ့နော်။ ကျွန်တော်တို့ တစ်အိမ်တည်းမှာ ပြဿနာဖြစ်နေတယ်။ ပထမတစ်ကြိမ် ဥပမာဗျာ ကျွန်တော့်အိမ်မှာ ဟုတ်လား ကျွန်တော့် အိမ်ဘေးက မိသားစုတစ်စုမှာ အမျိုးသမီးကို အမျိုးသားတစ်ယောက်က အိမ်တွင်းအကြမ်း ဖက်မှုလုပ်တယ်။ ကျွန်တော်က သွားတာတဲ့အချိန်မှာ အမျိုးသမီးက ပြောမယ် ငါတို့ အိမ်တွင်း ငါတို့က ငါတို့ ရှင်းမယ်ဆိုရင် နောက်ထပ် ကျွန်တော်သွားတာလို့ မရတော့ဘူး။ အဲ့တော့ အဲ့ဒီလို အနေအထားတွေလည်း ရှိတာပေါ့နော်။ ကျွန်တော်တို့က ဘယ်အရေးကိုပဲ လုပ်လုပ်။ ကျွန်တော် ဒါ မေတ္တာရပ်ခံတာပါ။ ဘယ်ဘာသာတွေ၊ ဘယ်လူမျိုးတွေကိုမှ ထည့်မတွက်ဘဲနဲ့ လူကိုလူလိုမြင်ပြီးတော့ ငါတို့သည် လူ့အခွင့်အရေးပြည့်အဝ ငါတို့ကိုယ်တိုင် ရချင်ရင် တခြားသူတွေလည်းပေးမယ်။ ပြီးပြီဆိုရင် နိုင်ငံတကာက ပူးပေါင်းပါဝင်ချင်ရင် ငါတို့ နိုင်ငံတကာရဲ့ စံချိန်စံညွှန်းတွေနဲ့ အတူတူ ငါတို့ နိုင်ငံကသူတွေလည်း ဟုတ်လား ရှုမြင်နိုင်ဖို့၊ သုံးသပ်နိုင်ဖို့၊ အဲ့ဒီအတိုင်း ကျွန်တော်တို့ လျှောက်လှမ်းနိုင်ဖို့လည်း လိုအပ်ပါတယ်နော်။ ဆိုတော့ အဲ ဒီမေးခွန်းကို နောက်ဆုံး အချုပ်အနေနဲ့ ပြောရရင် နိုင်ငံတကာမှာ ရှိတဲ့ အဲ နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့လည်း တကယ်တမ်းကျတော့ အခုဆိုရင် ကျွန်တော်တို့ ဒါပေါ့ ဟို စကားရပ်အနေနဲ့ပေါ့နော်။ အဲ ဒီ ဥရောပမှာ ရှိတဲ့ တချို့သော အသိတွေဆို ပြောတယ်။ မြန်မာနိုင်ငံမှာ အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ နားမလည်တဲ့ နိုင်ငံတကာက ပုဂ္ဂိုလ်တွေက ဘာပြောလဲဆိုတော့ သူတို့က ပျော်နေကြတယ်။ မြန်မာပြည်မှာ ဒီ ရွေးကောက်ပွဲ လုပ်လိုက်ရင် ငြိမ်းချမ်းသွားမယ်လို့ သူတို့စိတ်ထဲ ထင်တာ။ အမှန်ကတော့ ဒါက အတုအယောင်ရွေးကောက်ပွဲ။ ဒါက ထွက်ပေါက်မဟုတ်ဘူး။ ဒါ ထောင်ချောက်ဆိုတာ ဒါ တော်လှန်ရေးအဖွဲ့ အစုအဖွဲ့တွေလည်း ကျယ်ကျယ်လောင်လောင် အများကြီးပြောနေ ကြတာလေ နော်။ ပြောမယ်ဆိုရင် ဒါ ဒီ အကြမ်းဖက် စစ်အုပ်စုကို ကျွန်တော်တို့က လူသတ်ခွင့် တရားဝင်ပေးမယ့် ကိစ္စကြီးဖြစ်နေတာ။ ဒါပေမဲ့ နိုင်ငံတကာက သူက ပြည်တွင်း အခြေအနေမသိတဲ့အပေါ်မှာ ဒါကြီးကို ကောင်းတယ်လို့ သူတို့စိတ်ထဲမှာ ထင်နေတာပေါ့နော်။ ဆိုတော့ အဲ့ဒါတွေကလည်း ကျွန်တော်တို့ နိုင်ငံတကာက ပုဂ္ဂိုလ်တွေအနေနဲ့လည်း အကယ်၍ ကျွန်တော်တို့ နိုင်ငံရဲ့အကြောင်းကို သိချင်ရင် တကယ့်နိုင်ငံထဲမှာ အလုပ်လုပ်နေတဲ့ ဒီ နိုင်ငံရဲ့ တကယ့် ဟို မြေပြင်အခြေအနေနဲ့ ပကတိအရှိတရားနဲ့ ထိစပ်နေတဲ့ ပုဂ္ဂိုလ်တွေဆီက နေပြီးတော့ သတင်းစကားတွေ ယူသင့်တယ်လို့ ဒါ ကျွန်တော် အကြံပြုချင်တာပေါ့နော်။ ဆိုတော့ နောက်တစ်ခုက ကမ္ဘာကြီးဟာ ကျွန်တော်တို့ ရွာကြီးဖြစ်သွားတာဖြစ်တဲ့အတွက် ကိုယ့်ရွာဘေးမှာ မငြိမ်းချမ်းမှုဖြစ်နေပြီဆိုရင် အဲ့ဒီရွာရဲ့ မငြိမ်းချမ်းမှုက တစ်ဖက်မှာလည်း ပြန်ပြီးတော့ ကူးစက်နိုင်တယ်ပေါ့နော်။ ဒါကြောင့်မို့ ဘယ်နေရာမှာပဲ ဘယ်လူသားတွေပဲ ဘယ်အခြေအနေမှာပဲ ဘယ်ဘာသာဝင်တွေပဲ ဒုက္ခရောက်နေရောက်နေ ကျွန်တော်တို့ လက်ကမ်းပြီးတော့ ကူညီကြဖို့ လိုအပ်ပါတယ်လို့ ကျွန်တော်က ဒါလေးကို ပြောချင်ပါတယ်။
RAIN – ဟုတ်ကဲ့ပါ ဆိုတော့ နောက်ဆုံးအနေနဲ့ ဆရာ့အနေနဲ့ပေါ့နော် မိဘပြည်သူများကို ဘာများ ဖြည့်စွက်ပြီးတော့မှ မှာကြားလိုပါလဲရှင်။
ကာရီဦးစိုးနေဦး – ဟုတ် ဟုတ်။ ကျွန်တော် မှာကြားတယ်ဆိုတာထက် အကြံပြုတာပေါ့နော်။ မေတ္တာရပ်ခံချင်တာပါ။ အဲ့ဒါက ဘာလဲဆိုတော့ ခုဏက ကျွန်တော်ပြောခဲ့တဲ့ အရာတွေကိုပဲ အနှစ်ချုပ်ပြီးပြောရမယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာမှာ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ အတူတကွ ယှဉ်တွဲပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲပြီး နေထိုင်ကြတယ်။ ဆိုတော့ အဲ့ဒီ နေထိုင်မှုကို ပျက်စီးစေတာ အဲ့ဒီ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မှုကို အကျည်းတန်စေတာဟာ မသမာတဲ့ နိုင်ငံရေးသမားတွေနဲ့ နော် တရားမျှတမှုကို လျစ်လျူရှုတဲ့ ပုဂ္ဂိုလ်တွေ။ ပြီးရင် လူကိုလူလိုမမြင်ဘဲနဲ့ လူတစ်ဦးတစ်ယောက်ကို နော် သူ့ရဲ့ ဘာသာ၊ သူ့ရဲ့ အသားအရောင်၊ သူ့ရဲ့ အတွေးအခေါ်တွေပေါ်မူတည်ပြီး ကျွန်တော်တို့ ရှုမြင်သုံးသပ်တဲ့ ပြဿနာတွေက ကျွန်တော်တို့ ဒီ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဆိုတဲ့ အင်မတန် လှပထားတဲ့ ဘုရားသခင် အသီးသီးက လမ်းညွှန်ထားတဲ့ ဒီ လမ်းညွှန်ချက်တွေကို ကျွန်တော် တို့ လျစ်လျူရှု မိမှန်းမသိအောင် ဖြစ်နေကြတယ်ပေါ့နော်။ ဒါကြောင့်မို့ ကျွန်တော်တို့ အဲ့ဒီ ငြိမ်းချမ်းအောင် ဘာလုပ်ဖို့လိုလဲဆိုတော့ လွယ်လွယ်လေးပါ။ ကျွန်တော်တို့ ဘာသာအသီးသီး က ရှိတဲ့ ဘာသာရေး နော် ကျွန်တော်တို့ရဲ့ ဒီ သခင်ကြီးဇပ်ပဲပြောပြော မြတ်ဗုဒ္ဓပဲဆိုဆို၊ ခရစ်ရှဏားပဲပြောပြော၊ တမန်တော် မိုဟမ်မဒ်ပဲပြောပြော။ အဲ့ဒီ ဘာသာရေးခေါင်းဆောင် တွေက လမ်းညွှန်ထားတဲ့ တကယ့် ဓမ္မစစ်ပေါ့နော်။ ဓမ္မစစ်တွေကို လိုက်နာကျင့်သုံးဖို့ လိုတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ဒီလို ဝတ်စုံအပြည့်ဝတ်ထားတိုင်း ဘာသာရေး ခေါင်းဆောင်လို့ ခေါ်လို့မရပါဘူး။ နော်။ သူ့ရဲ့ နှလုံးသားထဲမှာ တကယ့် ဘာသာတရားရဲ့ အနှစ်သာရတွေကို လိုက်နာကျင့်သုံးတဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ ဩဝါဒတွေကိုပဲ ကျွန်တော်တို့က ဦးလည်မသုန် လိုက်နာကျင့်သုံးကြဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာရော ကမ္ဘာဝှမ်းမှာရှိတဲ့ ညီအစ်ကိုမောင်နှမအားလုံးရော နော် ဘာသာ၊ အယူဝါဒ၊ အသားအရောင်တွေ မခွဲခြားဘဲနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်တဲ့ အေးချမ်းတဲ့နော် သာယာဖွံ့ဖြိုးတဲ့ လူအဖွဲ့အစည်းတစ်ရပ် တည်ဆောက်နိုင်ကြပါစေ။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ အမိမြန်မာနိုင်ငံမှာပေါ့နော်။ အမိမြန်မာနိုင်ငံမှာ အတွင်းမှာရှိတဲ့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ အသွင်အပြင်ပေါင်းစုံက ညီအစ်ကိုမောင်နှမတွေ အနာဂတ်မှာ ကျွန်တော်တို့ ငြိမ်းချမ်းတဲ့ ခေတ်မီတဲ့ တိုးတက်တဲ့ ကျွန်တော်တို့ရဲ့ အနာဂတ် လူငယ်တွေကို အဲ့ဒီ အမွေကောင်းလေးတွေ ပေးကြရအောင်ပါ။ ကျွန်တော်တို့ ရင်ထဲမှာ ရှိတဲ့ အစွဲတွေ နော် အမုန်းစိတ်တွေ ကျွန်တော်တို့ ရင်ထဲမှာ ရှိတဲ့ ဒဏ်ရာတွေကို ကျွန်တော်တို့ မည်ပြီဘူး ကာချပြီးတော့ ကျွန်တော်တို့ရဲ့ အနာဂတ်ကလေးငယ်လေးတွေကို ငြိမ်းချမ်းတဲ့ လူ့အဖွဲ့ အစည်းတစ်ရပ် တည်ဆောက်ပေးကြဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်ဆိုတာလေးကို တင်ပြရင်း နိဂုံးချုပ်ပါတယ် ဆရာမရေ။
RAIN – အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။
ကာရီဦးစိုးနေဦး – ဟုတ်ကဲ့ပါ