—————————————————————————————————
စက်တင် ၁၅
The Kaladan Post
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့၊ ည ၈ နာရီ ၅၀ မိနစ်အချိန်တွင် စစ်ကောင်စီရဲတပ်ဖွဲ့၏ ဆိုင်ကယ်ယာဉ်တန်းတစ်ခုအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း မြေအောက် ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက် ပြီး မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို့ရဲ့ တာဝန်ရှိသူက “ ကျွန်တော်တို့ တိုက်ခိုက်ခဲ့တဲ့ မင်းလှ မြို့မရဲစခန်းမှ ထွက်လာတဲ့ ရဲတပ်ဖွဲ့တွေက ဆိုင်ကယ် ၄စီးဗျ တပ်အင်အားက ၈ယောက်ဖြစ်ပါတယ် ကျွန်တော်တို့ဘက်က စောင့်ကြိုပြီးတော့ မိုင်းဆွဲတိုက်ခိုက်တာကြောင့် သူတို့က ကစဥ်က လျားထွက်ပြေးကြတယ် ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီရဲတပ်ဖွဲ့တွေဘက်က ၃ဦး ဒဏ်ရာရရှိထား တယ်”ဟု The Kaladan Post သို့ပြောဆိုသည်။
ဖြစ်စဉ်မှာ မင်းလှမြို့မရဲစခန်းမှ ကင်းလှည့်ရန်ထွက်ခွာလာသည့် ရဲတပ်ဖွဲ့၏ ဆိုင်ကယ်ယာဉ်တန်း အား တိုင်တရာဗလီနှင့် နေဠုန်ဝန်ဘုန်းကြီးကျောင်းကြားရှိ ရေကန်ဘေးလမ်းမပေါ်တွင် သာယာ ဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) နှင့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိဘဲ ဘေးကင်းလုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က ထုတ်ပြန်ချက်တွင် ပြည်သူများနှင့် တော်လှန်ရေး တပ်ဖွဲ့များကို ဒုက္ခပေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပျူများနှင့် ၎င်းတို့၏ အုပ်ချုပ်ရေးထောက်တိုင်များအား ပြင်းပြင်းထန်ထန် ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ အုပ်ချုပ် ရေးဆိုင်ရာ နေရာများအနီးတွင် သွားလာနေထိုင်ခြင်းများ လုံးဝမပြုလုပ်ရန် မြေအောက်ပြောက် ကျားတပ်ဖွဲ့က အသိပေးထားသည်။ ဤဖြစ်စဉ်သည် မင်းလှမြို့နယ်အတွင်း စစ်ကောင်စီ၏ လှုပ်ရှား မှုများကို တော်လှန်ရေးတပ်ဖွဲ့များက ဆက်လက်ထိန်းချုပ်ရန် ကြိုးပမ်းနေမှုတစ်ခုဖြစ်ပြီး၊ ဒေသခံ ပြည်သူများ၏ လုံခြုံရေးအတွက် သတိပေးချက်များကို လိုက်နာရန် လိုအပ်ကြောင်း သိရသည်။