အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၇,၃၃၇ ဦး လွတ်ငြိမ်းခွင့်ရရှိ

မတ် ၂
The Kaladan Post
ပြည်ထောင်စုသမ္မတမြန်မာနိုင်ံတော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ် မတ်လ ၂ ရက် တောင်သူလယ်သမားနေ့ အခါသမယတွင် လွတ်ငြိမ်းခွင့် အမိန့် ၅ ရပ် ထုတ်ပြန်သည်။ ထိုအမိန့်များတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) (အကြမ်းဖက်အဖွဲ့အစည်းများသို့ ငွေကြေးထောက်ပံ့မှု ပုဒ်မ) နှင့် ပုဒ်မ ၅၂(က) (အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ပေးမှု ပုဒ်မ) ဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/အကျဉ်းသူ ၇,၃၃၇ ဦးကို ခံဝန်ချက်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလုပ်ခဲ့ပြီး၊ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယခင်ပြစ်ဒဏ်များကို စုပေါင်းကျခံရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။အဆိုပါပုဒ်မများဖြင့် တရားစွဲဆိုထားသူ၊ ထွက်ပြေးတိမ်းရှောင်နေသူ စုစုပေါင်း ၁၂,၄၈၇ ဦးကိုလည်း အမှုရုပ်သိမ်းပြီး လွတ်ငြိမ်းခွင့် ပေးအပ်ခဲ့ကြောင်းလည်း ၎င်းထုတ်ပြန် ချက်တွင် ပါဝင်သည်။ အပြင်အဆင်အဖြစ် အခြားပြစ်မှုများဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/ အကျဉ်းသူ ၂,၈၂၅ ဦး၊ နိုင်ငံခြားသား ၁၀ ဦးကိုလည်း ခံဝန်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး၊ ကျန်အကျဉ်း သားများအား ပြစ်ဒဏ်၏ ၆ ပုံ၁ပုံ လျှော့ချပေးမည်ဟု ကြေညာထားသည်။

ဖလမ်းမြို့နယ် လုမ်းဘန်ကျေးရွာကို စစ်တပ်၏ လေကြောင်း ဗုံးကြဲမှုကြောင့် နေအိမ်များပျက်စီး

မတ် ၂
The Kaladan Post
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ လုမ်းဘန်ကျေးရွာကို ယမန်နေ့ မတ်လ ၁ ရက် မွန်းလွဲပိုင်း မွန်းလွဲ ၁၂ နာရီကျော်အချိန်တွင် စစ်ကောင်စီ လေတပ်က ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ တိုက်လေယာဉ်များက သိုင်းငင်း-ဖလမ်း ကားလမ်းမပေါ်တည်ရှိသော လုမ်းဘန်ကျေးရွာကို ဗုံး ၃ လုံးခန့် ကြဲချ တိုက်ခိုက်ခဲ့ပြီး အရပ်သားများ ထိခိုက်သေဆုံးမှု မရှိသော်လည်း နေအိမ်အချို့ ပျက်စီးဆုံးရှုံးမှု ရှိခဲ့ကြောင်း သိရသည်။ ယင်းကျေးရွာ ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်နေ့ကလည်း စစ်ကောင်စီ လေတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အရပ် သား ၁ ဦး ဒဏ်ရာရရှိပြီး နေအိမ်များ ပျက်စီးခဲ့သေးသည်။ ဖလမ်းမြို့နယ်အတွင်း ချင်းတော်လှန်ရေး တပ်ဖွဲ့များနှင့် စစ်ကောင်စီ တပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက် ပြင်းထန်နေသည့်အချိန်တွင် လေကြောင်း တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး ဒေသခံ အရပ်သားများ ထိခိုက်မှုနှင့် အိုးအိမ်ပျက်စီးမှုများ ဆက်ရှိနေဆဲ ဖြစ်ကြောင်း သိရှိရသည်။


SSPP/SSA ဌာနချုပ်တွင် လီဆူ ရိုးရာနှစ်သစ်ကူးပွဲတော်နှင့် တွေ့ဆုံဂါရဝပြုပွဲ စည်ကားစွာ ကျင်းပ

မတ် ၂
The Kaladan Post
ရှမ်းပြည်နယ်တောင်ပိုင်း ဝမ်ဟိုင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် ရှမ်းပြည်တပ်မတော် (SSA) ဌာနချုပ်တွင် ယမန်နေ့ မတ်လ ၁ ရက် နေ့လည် ၁၂ နာရီအချိန်တွင် လီဆူ ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးပွဲတော်နှင့် တွေ့ဆုံဂါရဝပြုပွဲ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။ အခမ်းအနားတွင် လီဆူတိုင်းရင်းသားများကိုယ်စား ထိပ်တန်း ခေါင်းဆောင် တစ်ဦးက လီဆူနှစ်သစ်ကူး ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် ရိုးရာယဉ်ကျေးမှု သမိုင်းကြောင်းများကို ရှင်းလင်း ပြောကြားခဲ့ပြီး၊ လူကြီးမင်းများအား လီဆူ လူငယ်များက ကန်တော့ ဂါရဝပြု ရေဆေး လှူဒါန်းခဲ့ကြသည်။ ထို့ပြင် SSPP/SSA ဒုဥက္ကဋ္ဌ (၃) ဒုတိယ ဗိုလ်ချုပ်ကြီး စဝ်ဆေပိုင်ဖက လီဆူ တိုင်းရင်း သားများအား ကျေးဇူးတင်ရှိကြောင်း မင်္ဂလာစကားများ ပြန်လည် ပြောကြားပေးခဲ့သည်။ ပွဲတော်အတွင်း တစ်နှစ်တာအတွင်း စုဆောင်းရရှိခဲ့သော ဆန်၊ စပါး၊ ကောက်ပဲသီးနှံများကို စုပေါင်း လှူဒါန်းကာ ပါဝင်သူများက ရိုးရာ အထိမ်းအမှတ် အကများ၊ တေးသီချင်းများဖြင့် ရှမ်း၊ လီဆူ စုပေါင်း ပျော်ရွှင်စွာ ဝိုင်းက ခဲ့ကြသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း နှင့် တောင်ပိုင်းမှ လီဆူ တိုင်းရင်းသားများ စုစုပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့ပြီး ယခင်နှစ်များကလည်း SSPP/SSA ဌာနချုပ်တွင် ဤပွဲတော် ကို ဆက်လက် ကျင်းပလေ့ရှိကြောင်း သိရသည်။

ငြိမ်းချမ်းသာယာသော ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး လက်တွဲ ဆက်လက်ချီတက်ရန် NUG တိုက်တွန်း

မတ် ၂
The Kaladan Post
၂၀၂၆ ခုနှစ် မတ်လ ၂ ရက်တွင် ကျရောက်သည့် (၇၇) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ (ဒဲဉ်သီးလာဗွေ) အခါသမယတွင် ပအိုဝ်းတိုင်းရင်းသားများသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ ခန့်က သထုံဒေသတွင် အခြေချနေထိုင်ခဲ့သော ရှေးကျဌာနေတိုင်းရင်းသားများဖြစ်ကာ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို သမိုင်းတစ်လျှောက် ကြံ့ကြံ့ခံ ထိန်းသိမ်းလာခဲ့သည်ကို NUG က ဂုဏ်ပြုပြောဆို သည်။ သထုံဘုရင် သူရိယစန္ဒာမင်း၏ ကျေးဇူးတော်ကို အောက်မေ့ရန် ထိုမင်း၏ မွေးနေ့ဖြစ်သော တပေါင်းလပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပလာခဲ့ပြီး ယခု (၇၇) ကြိမ်မြောက် သို့ ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း ၁၉၄၈ ခုနှစ်မှ စတင်ခဲ့သော ပအိုဝ်းလယ်သမားထု၏ တောင်းဆိုမှုများနှင့် အမျိုးသားအမည်ကို “ပအိုဝ်း” ဟု ခိုင်မာစွာ ဖော်ထုတ်ခဲ့မှုများသည် စည်းလုံးညီညွတ်မှု၊ အမျိုးဂုဏ်နှင့် ဇာတိဂုဏ်ကို ထင်ရှားစေကြောင်း ဆိုထားသည်။ထို့အပြင် လွတ်လပ်ရေး ကြိုးပမ်းမှု၊ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အာဏာရှင်စနစ် တိုက်ဖျက်ရေးတွင် အခြားတိုင်းရင်းသားညီနောင်များနှင့်အတူ ရဲဝံ့စွာ ပါဝင်ခဲ့ကြသည့်အပြင် နွေဦးတော်လှန်ရေးခရီးလမ်းတွင်လည်း ပအိုဝ်းအမျိုးသားဖက်ဒရယ် ကောင်စီ (PNFC) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ ပူးပေါင်းဆောင်ရွက် မှုဖြင့် နိုင်ငံရေး၊ စစ်ရေး ဦးဆောင်နေမှုကို NUG က အထူးဂုဏ်ယူ လေးစားကြောင်း ဖော်ပြထားသည်။ ပအိုဝ်းတိုင်းရင်းသားများ စည်းလုံးညီညွတ်စွာ လက်တွဲ ဆောင်ရွက်ခြင်းဖြင့် အာဏာရှင်စနစ် အမြန်ဆုံး ချုပ်ငြိမ်းပြီး ငြိမ်းချမ်းသာယာသော ပအိုဝ်းဒေသနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက် နိုင်ရန်နှင့် တရားသောစစ်သည် အောင်မြင်မည်ဟု တိုက်တွန်းထားသည်။

အကြမ်းဖက်ပုဒ်မဖြင့် ပြစ်ဒဏ်ကျခံပြီးလွတ်လာသူထဲမှာ နိုင်ငံရေးအကျဉ်းသား/သူ (၃၂၄) ဦး ပါဝင်

မတ် ၂
The Kaladan Post
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ် မတ်လ ၂ ရက် တောင်သူလယ်သမားနေ့ အခါသမယတွင် လွတ်ငြိမ်းခွင့် အမိန့် ၅ ရပ် ထုတ်ပြန်ခဲ့သည်။ ထိုအမိန့်များအရ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) (အကြမ်းဖက်အဖွဲ့အစည်းများသို့ ငွေကြေးထောက်ပံ့မှု) နှင့် ပုဒ်မ ၅၂(က) (အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ပေးမှု) ဖြင့် ပြစ်ဒဏ်ကျခံ နေရသော အကျဉ်းသား/အကျဉ်းသူ ၇,၃၃၇ ဦးကို ခံဝန်ချက်ဖြင့် လွတ်ငြိမ်းခွင့် ပြုလုပ်ခဲ့ပြီး ၎င်းတို့ထဲမှ နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူ စုစုပေါင်း ၃၂၄ ဦး ရှိပြီး အကျဉ်းထောင် ၁၀ ခုမှ ပါဝင်ကြောင်း သိရသည်။ ထို့ပြင် အဆိုပါ ပုဒ်မများဖြင့် တရားစွဲဆိုထားသူ၊ ထွက်ပြေးတိမ်းရှောင်နေသူ စုစုပေါင်း ၁၂,၄၈၇ ဦးကိုလည်း အမှုရုပ်သိမ်းပေးသည့် အပြင် ဤလွတ်ငြိမ်းခွင့်သည် စုစုပေါင်း အကျဉ်းသား ၁၀,၀၀၀ ကျော်ကို ပါဝင်စေခဲ့ပြီး အခြားပြစ်ဒဏ်ကျခံနေရသူများအတွက် ပြစ်ဒဏ် တစ်ဆယ့်ခြောက်ပုံ တစ်ပုံ လျှော့ချပေးမည်ဟုလည်း ကြေညာထားသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) မှ စုံစမ်းကနဦး နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူ စုစုပေါင်း ၃၂၄ ဦး ရှိပြီး အကျဉ်းထောင် ၁၀ ခုမှ ပါဝင်ကြောင်း သိရသည်။ အတည်ပြုထားသည့်အချက်အလက်များအရ ယနေ့ လွတ်မြောက်လာသော အသေးစိတ်အနေဖြင့် –
(၁) ပေါင်းတည်အကျဉ်းထောင်မှ ကျား(၆)ဦး နှင့် မ(၃)ဦး
(၂ ) သာယာဝတီအကျဉ်းထောင်မှ ကျား (၁၈ )ဦးနှင့် မ( ၁၃ )ဦး
(၃) ဒိုက်ဦးအကျဉ်းထောင်မှ ကျား(၁၀)ဦး နှင့် မ(၁၆)ဦး
(၄) မအူပင်အကျဉ်းထောင်မှ ကျား(၃၈)ဦး နှင့် မ(၈)ဦး
(၅) ကော့သောင်းအကျဉ်းထောင်မှ ကျား၊မ စိစစ်ဆဲ (၆)ဦး
(၆) ပခုက္ကူအကျဉ်းထောင်မှ ကျား၊မ စိစစ်ဆဲ (၈၀)ဦး
(၇ ) ကလေးအကျဉ်းထောင်မှ ကျား(၄)ဦး နှင့် မ(၈)ဦး
(၈) ပြည်အကျဉ်းထောင်မှ ကျား၊မ စိစစ်ဆဲ (၂၄)ဦး
(၉) သထုံအကျဉ်းထောင်မှ ကျား(၆၁)ဦး
(၁၀) မြိတ်အကျဉ်းထောင်မှ ကျား(၁၆)ဦးနှင့် မ(၁၃)ဦး
PPNM က အရေအတွက်အသေးစိတ်နှင့် တိကျခိုင်မာမှု ရရှိရေး ဆက်လက် ကြိုးပမ်းနေပြီး နောက်ဆုံး အချက်အလက်များကို ထပ်မံ ထုတ်ပြန်သွားမည်ဟု ဆိုထားသည်။
ဤလွတ်ငြိမ်းခွင့်သည် လွန်ခဲ့သော နှစ်များက အလားတူ အခါသမယများတွင် ပြုလုပ်ခဲ့သည့် လွတ်ငြိမ်းခွင့်များနှင့် ဆင်တူသော်လည်း အကြမ်းဖက်ပုဒ်မများပါဝင်မှုက ပထမဆုံး အကြိမ်အဖြစ် မှတ်တမ်းတင်ရသည်။ သို့သော် လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားအရေအတွက်မှာ စုစုပေါင်း လွတ်ငြိမ်းခွင့်ရရှိသူ အရေအတွက်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်သာ ပါဝင်နေဆဲ ဖြစ်ကြောင်း သိရသည်။

ပခုက္ကူ တပ်မ ၁၀၁ မှ ရိက္ခာယာဉ်တန်း ထွက်ခွာရန် ဆိပ်ဖြူမြို့နယ်တွင် စစ်ကြောင်းထိုး လမ်းရှင်းလင်းနေ

မတ် ၂
The Kaladan Post
မကွေးတိုင်း၊ ပခုက္ကူမြို့နယ် တပ်မ ၁၀၁ မှ ရိက္ခာတင် ယာဉ်တန်းများ ထွက်ခွာနိုင်ရန် စစ်တပ်က ဆိပ်ဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုး လမ်းပိုင်းရှင်းလင်းရေး လုပ်ဆောင်နေကြောင်း ဆိပ်ဖြူပြောက် ကျား တကိုယ်တော် ကျားဇိုး ပြည်သူ့ကာကွယ်ရေး LDF မှ ကိုကျားဇိုးက ပြောဆိုသည်။ မတ်လ ၁ ရက် မှ စတင်ကာ ပခုက္ကူမှ ထွက်လာသော စစ်ကား ၂၇ စီးပါ ယာဉ်တန်းသည် ဆိပ်ဖြူမြို့နယ်သို့ ရောက်ရှိ ပြီး မတ်လ ၂ ရက်တွင် ပေါက်-ပခုက္ကူ နှင့် ဆိပ်ဖြူ-ပေါက် လမ်းပိုင်းများကို တပ်ဖြန့်ကာ ရှင်းလင်းရေး ဆောင်ရွက်နေကြောင်း သိရသည်။ စစ်တပ်အင်အား ခန့်မှန်း ၃၀၀ ခန့်ရှိပြီး လက်ရှိတွင်လည်း လှုပ်ရှား နေဆဲ ဖြစ်ကာ ရိက္ခာယာဉ်တန်း မရောက်ရှိသေးကြောင်း ကိုကျားဇိုးက ဆိုသည်။ ထို့ကြောင့် တော်လှန် ရေးတပ်ဖွဲ့များက ပေါက်-ပခုက္ကူ နှင့် ဆိပ်ဖြူ-ပေါက် လမ်းပိုင်းများတွင် မိုင်းကွင်းများ ချထားပြီး ပြည်သူများ လုံးဝ မသွားလာရန် သတိပေးထားသည်။ ကန့်သတ်နယ်မြေများသို့ အသိမပေး ဘဲ ဝင်ရောက်ပါက အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ စစ်တပ်ကားအစီး ၉၀ ကျော်ပါ ရိက္ခာယာဉ်တန်းကို ပခုက္ကူတွင် ဆက်လက်စောင့်ကြည့်နေပြီး ထွက်ခွာလာပါက ပေါက်မြို့ နယ် ကပစ ၂၄ သို့ ဦးတည်နိုင်ကာ ကျေးရွာများအပေါ် လေကြောင်း တိုက်ခိုက်မှုများ ဖြစ်နိုင်သော ကြောင့် ပြည်သူများ အထူးသတိထားနေထိုင်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက အသိပေး ထုတ်ပြန်ထားသည်။ ဆိပ်ဖြူနယ်မြေအတွင်း စစ်ကြောင်းများ လှုပ်ရှားမှုရှိနေသဖြင့် ပြည်သူများ လုံခြုံရေး အလေးထားရန် လိုအပ်ကြောင်း ကိုကျားဇိုးက ဆက်လက်မီးမောင်းထိုးပြ သတိပေးထားသည်။

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးတွင် ဆက်လက်ပူးပေါင်းမည်ဟု PNFC နှင့် PNLO/PNLA တို့ ပြောဆို

မတ် ၂
The Kaladan Post
ယနေ့ မတ်လ ၂ ရက်၊ ၂၀၂၆ ခုနှစ်တွင် ကျရောက်သော ၇၇ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်း အနားတွင် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO/PNLA) တို့က ပူးတွဲ ထုတ်ပြန်ထားသည်။ ၎င်းထုတ်ပြန်ချက်တွင် ပြည်သူလူထုကို ရန်သူအဖြစ် သတ်မှတ်ကာ အနိုင်ကျင့် ဗိုလ်ကျ ဖိနှိပ်နေသော စစ်အုပ်စုနှင့် စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်တော်လှန်ရေး လူထုနွေဦးတော်လှန်ရေးတွင် ဆက်လက် ပူးပေါင်း ဆင်နွှဲသွားမည်ဟု ဖော်ပြ ထားသည်။ ထို့အပြင် တော်လှန်ရေးတစ်ရပ်လုံး ကိုယ်စားပြုနိုင်သော ခိုင်မာ ကျယ်ပြန့်သည့် ဦးဆောင်မှု ပေါ်ပေါက်ရေးတွင် ပွင့်လင်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မည်၊ စစ်အုပ်စုမှ ဖွဲ့စည်းမည့် အတုအယောင် အစိုးရ၊ လွှတ်တော်နှင့် NCA အမည်ခံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာဆီယံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်အတူ ပူးပေါင်း ဆန့်ကျင် တိုက်ပွဲဝင်မည်ဟု ပါရှိသည်။ ပအိုဝ်းအမျိုးသားနေ့ကို ဂုဏ်သိက္ခာရှိစွာ ကျင်းပရန်၊ အပျော်အပါး၊ လောင်းကစား၊ မူးယစ်ဆေးဝါး စသည့် ဆိုးကျိုးများကို ရှောင်ရှားကာ အမျိုးသားလက္ခဏာများ မြှင့်တင်ရန်လည်း တိုက်တွန်းထားသည်။ PNO/PNA အနေဖြင့် စစ်အုပ်စု၏ အမိန့်ကို နာခံ၍ ပအိုဝ်းပြည်သူများကို အတင်းအကြပ် စစ်မှုထမ်းစေ၊ တော်လှန်ရေး ဒေသများသို့ နှောက်ယှက်တိုက်ခိုက်၊ ရပ်ရွာများကို မီးရှို့ဖျက်ဆီး၊ အရပ်သားများကို တရားမဲ့ သတ်ဖြတ်မှုများကို ချက်ချင်း ရပ်တန့်ရန်နှင့် စစ်အာဏာရှင်စနစ်ဆိုးကို ပြည်သူနှင့်အတူ ပူးပေါင်း ဆန့်ကျင်တော်လှန်ရန် တောင်းဆိုထားသည်။ PNFC နှင့် PNLO/PNLA တို့သည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးနှင့် ပအိုဝ်းအမျိုးသားရေး ရည်မှန်းချက်များ အောင်မြင်ရေးအတွက် စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုများအားလုံးနှင့် ပူးပေါင်း တိုက်ပွဲဝင်သွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။