———————————————————————-
ဇွန်လ ၁၅
The Kaladan Post
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီနှင့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့တို့မှ စီစဉ်သော အခြေခံစစ် ပညာသင်တန်း (အမှတ်စဉ်-၄) ၏ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါထုတ်ပြန်ချက်နဲ့ပတ်သက်ပြီ မရာလဲန်း ကာကွယ်ရေးတပ်ဖွဲ့၏ ကာကွယ်ရေးအတွင်းရေးမှူး ကိုဓူဝံက ၎င်းအခမ်းအနားသို့ “MTC ရဲ့ ဒုတိယဥက္ကဋ္ဌ (၁)၊ အထွေထွေ အတွင်းရေးမှူးနှင့် စစ်ဦးစီးချုပ်တို့ တက်ရောက်ကြပြီးတော့ MTC ၏ ရည်မှန်းချက်များနှင့် မရာဒေသ၏ အနာဂတ်ဖွံ့ဖြိုးရေး လမ်းစဉ်များအား အလေးထားကြရန် သင်တန်းသားများအား မိန့်ခွန်းပြောကြားတယ်” လို့ The Kaladan Post သို့ ပြောဆိုသည်။ အဆိုပါသင်တန်းတွင် “ULA/AA (United League of Arakan/Arakan Army) မှ သင်တန်းအတွက် လိုအပ်သော လက်နက်ခဲယမ်းများနှင့် သင်တန်း ဆရာများကို ပံ့ပိုးပေးခဲ့ပြီး စစ်ရေးစွမ်းရည် မြှင့်တင်ရာတွင် ကူညီအားဖြည့်ပေးခဲ့ကြောင်းသိရသည်။
အခြေခံစစ်ပညာသင်တန်း၏ ရည်ရွယ်ချက်မှာ မရာနယ်မြေကို MTC/MDF မှ ထိရောက်စွာ ထိန်းချုပ်နိုင်ရန်နှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွား ဘဝ တိုးတက်ရေးအတွက် ကိုယ်ပိုင်ဆုံး ဖြတ်ပိုင်ခွင့် ရရှိရန် ဖြစ်သည်ဟု ၎င်းကဆိုသည်။ ဤသင်တန်းသည် မရာဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းရာတွင် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ပြီး မရာပြည်သူများ၏ ကိုယ်ပိုင်အုပ်ချုပ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထုတ်မှုတစ်ခုလည်း ဖြစ်သည်။ ထို့အပြင် အပတ်စဉ် (၅) သင်တန်းကို ဆက်လက်ဖွင့်လှစ်ရန် စီစဉ်ထားပြီး မရာ charter ကို လေးစားလိုက်နာသူ မည်သူမဆို လက်ခံမည် ဖြစ်ကြောင်း မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့၏ ကာကွယ်ရေးအတွင်းရေးမှူး ကို ဓူဝံက The Kaladan Post သို့ ပြောကြားခဲ့သည်။