စက်တင် ၂၄
The Kaladan Post
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃ရက်နေ့တွင် မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်စစ်ကောင်စီ ဂိတ်မှ ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များပါဝင်သည့် ဒိုင်နာ (၆) ဘီးကားတစ်စီးအား အောင်မြင်စွာ မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း People’s Defence Force – South Monywa က သတင်းထုတ်ပြန်ထားပါသည်။
အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး People’s Defence Force- South Monywa တပ်ဖွဲ့ရဲတာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီကားမှာ တပ်အင်အား ၄၀ခန့်ပါတယ်ခင်ဗျ ၎င်း စစ်ကောင်စီတပ်တွေက နတ်ရေကန်ကနေပြီးတော့ မြင်းမူးဘက်ကို ဦးတည်သွားတာဖြစ်တယ် ယခုစစ်ကောင်စီတွေက ဂွေးပင်တော့မှာ တပ်အင်အား (၇၀)နှင့် (၈၀) ပါတ်ချာလည်နေသလို နတ်ရေကန်မှာ အထိုင်ချတဲ့ စစ်ကောင်စီအင်အား ( ၆၀) ဝန်းကျင်လည်းဘဲ ဘယ်မှမသွားနိုင်ဘဲ ပတ်ချာလည်နေကြပါတယ်” ဟု The Kaladan Post သို့ ပြောဆိုသည်။ ဤတိုက်ခိုက်မှုကို မုံရွာခရိုင်စစ်ဌာန၊ ဗျူဟာအမှတ် (၆၄)၊ မုံရွာခရိုင်အမှတ် (၁၁) တပ်ရင်းနှင့် People’s Defence Force – South Monywaတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်၊ ညနေ ၅ နာရီ ၄၇ မိနစ်တွင် ချောင်းဦးမြို့နယ်၊ နတ်ရေကန်နှင့် ရေပိုးစားရွာကြားရှိ နေလကျောက်ခွဲစက်အနီးတွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဤစစ်ဆင်ရေးတွင် ပဒေသာမိုင်း (၃) လုံးနှင့် (၁) ပွိုင့်တို့ဖြင့် အောင်မြင်စွာ မိုင်းဆွဲတိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု အရေအတွက်ကိုမူ လက်ရှိတွင် အတိအကျ မသိရှိရသေးပါ။ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ရန်သူဘက်မှ ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်။