၁။ လွတ်မြောက်နယ်မြေအတွင်း ပထမဆုံးကျင်းပသော ချင်းညီနောင်အစည်းအဝေးမှ ပိုမိုကျစ်လစ်ခိုင်မာသော တပ်မတော်ဖွဲ့စည်းနိုင်ရန် အခြေခံမူများ ချမှတ်

မေ ၁၁

The Kaladan Post

ချင်းညီနောင်အဖွဲ့ဝင်များသည် မြို့သိမ်းစစ်ဆင်ရေးများ ဆင်နွှဲကာ မြို့ကြီးလေးမြို့ သိမ်းပိုက်ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၆ မှ ၂၉ ရက်အထိ လွတ်မြောက်နယ်မြေတစ်နေရာတွင် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါအစည်းအဝေးသို့ အဖွဲ့ဝင်အသီးသီးမှ ကိုယ်စားလှယ် ၃၉ ဦး တက်ရောက်ခဲ့ကြပြီး အရေးကြီးသော သဘောတူညီချက် (၄) ချက် ချမှတ်နိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ သဘောတူညီချက်များတွင် ချင်းပြည်နှင့် ချင်းတမျိုးသားလုံးကို အကာအကွယ်ပေးနိုင်သည့် ပိုမိုကျစ်လစ်ခိုင်မာသော တပ်မတော်တစ်ရပ်အဖြစ် ချင်းညီနောင်အား တိုးမြှင့်ဖွဲ့စည်းနိုင်ရေး၊ ချင်းပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုသည့် ချင်းပြည်အစိုးရပေါ်ပေါက်ရေး၊ ပြည်တွင်းပြည်ပ ဆက်ဆံရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုအားကောင်းလာစေရေး တို့ပါဝင်သည်။

၂။ ရွှေကျင်မြို့နယ် ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်

—————————————————

မေ ၁၁

The Kaladan Post

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို မေလ ၈ ရက်တွင် PDF နှင့် KNU တပ်မဟာ ၃ ပူးပေါင်းသိမ်းပိုက်ခဲ့သည်။ စစ်သားအလောင်း ၃၀ တွေ့ရှိ၊ စစ်သုံ့ပန်း ၆ ဦးနှင့် မိသားစုဝင် ၇ ဦးဖမ်းဆီးရမိ၊ လက်နက်မျိုးစုံ ၈၃ လုံး၊ ဂျန်မာစက် ၃ လုံးနှင့် ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်။ စစ်ကောင်စီတပ်သား ၅၀ ခန့် ထွက်ပြေးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။