၁။ အိန္ဒိယဝန်ကြီးချုပ်၏ ၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်နေ့ မိန့်ခွန်း ကောက်နုတ်ချက်

————————————————————————

မေ ၁၃

The Kaladan Post

အိန္ဒိယဝန်ကြီးချုပ်က နိုင်ငံသားများသို့ မိန့်ခွန်းတွင် အိန္ဒိယ၏ စစ်တပ်နှင့် ထောက်လှမ်းရေး အဖွဲ့များ၏ ရဲရင့်မှုကို ချီးကျူးပြီး “Operation Sindoor” ၏ အောင်မြင်မှုကို ဂုဏ်ပြုခဲ့သည်။ ၂၀၂၅ ခုနှစ် ဧပြီလ ၂၂ ရက်က ပါဟာဂမ်တွင် အကြမ်းဖက်သမားများ၏ ရက်စက်သတ်ဖြတ် မှုသည် နိုင်ငံ၏ စည်းလုံးညီညွတ်မှုကို ဖျက်ဆီးရန် ကြိုးပမ်းမှုဖြစ်သည်ဟု ဆိုကာ ထိခိုက်နစ်နာသူများအတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။

မေလ ၆-၇ ရက်တွင် အိန္ဒိယတပ်ဖွဲ့များသည် ပါကစ္စတန်ရှိ အကြမ်းဖက်အဖွဲ့များ၏ ခိုအောင်းစခန်းများနှင့် လေ့ကျင့်ရေးစခန်းများကို ဒုံးကျည်များနှင့် ဒရုန်းများဖြင့် တိကျစွာ တိုက်ခိုက်ဖျက်ဆီးခဲ့သည်။ အကြမ်းဖက်သမား ၁၀၀ ကျော် သေဆုံးပြီး ထိပ်တန်းခေါင်းဆောင်များလည်း ပါဝင်ခဲ့သည်။

ပါကစ္စတန်၏ တုံ့ပြန်မှု: ပါကစ္စတန်က အိန္ဒိယ၏ အရပ်သားနေရာများနှင့် စစ်စခန်းများကို ဒရုန်းနှင့် ဒုံးကျည်များဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သော်လည်း အိန္ဒိယ၏ လေကြောင်းရန်ကာစနစ်က ၎င်းတို့ကို အောင်မြင်စွာ ဖျက်ဆီးခဲ့သည်။ အိန္ဒိယက ပါကစ္စတန်၏ လေတပ်စခန်းများအပါအဝင် အဓိကပစ်မှတ်များကို ထပ်မံတိုက်ခိုက်ခဲ့သည်။

-ပါကစ္စတန်၏ အဆုံးသတ်: ဆုံးရှုံးမှုများကြောင့် ပါကစ္စတန်စစ်တပ်က မေလ ၁၀ ရက်တွင် အိန္ဒိယထံ ဆက်သွယ်ကာ အကြမ်းဖက်လှုပ်ရှားမှုများ ထပ်မံမလုပ်ဆောင်တော့ဟု ကတိပြုခဲ့သည်။ အိန္ဒိယက ၎င်းကို လက်ခံသော်လည်း ပါကစ္စတန်၏ နောက်ဆက်တွဲလှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်မည်ဟု ဆိုသည်။

အိန္ဒိယ၏ မူဝါဒနှင့် ရပ်တည်ချက်

၁။ အကြမ်းဖက်တိုက်ခိုက်မှုများကို ပြင်းထန်စွာ တုံ့ပြန်မည်ဖြစ်ပြီး ၎င်းတို့၏ အရင်းအမြစ်များကို ဖျက်ဆီးမည်။

၂။ နျူကလီးယားအန္တရာယ်အောက်တွင် အကြမ်းဖက်လှုပ်ရှားမှုများကို တိကျစွာ တိုက်ဖျက်မည်။

၃။ အကြမ်းဖက်မှုကို ပံ့ပိုးသည့် အစိုးရများနှင့် အကြမ်းဖက်သမားများကို တန်းတူအရေးယူမည်။

“Made in India” လက်နက်များ၏ ထိရောက်မှုကို သက်သေပြခဲ့ပြီး အိန္ဒိယ၏ ခေတ်မီစစ်ရေးစွမ်းရည်ကို ပြသခဲ့ကြောင်းနှင့် အကြမ်းဖက်ဝါဒကို ဆန့်ကျင်ရာတွင် နိုင်ငံသားများ၏ စည်းလုံးညီညွတ်မှုကို အဓိကအင်အားအဖြစ် မီးမောင်းထိုးပြခဲ့သည်။

အကြမ်းဖက်ဝါဒကို ဆက်လက်ထောက်ခံပါက ပါကစ္စတန်၏ ပျက်စီးမှုကို ဖြစ်ပေါ်စေမည်ဟု သတိပေးခဲ့သည်။ အိန္ဒိယ၏ မူဝါဒမှာ ပါကစ္စတန်နှင့် ဆွေးနွေးမှုများသည် အကြမ်းဖက်ဝါဒနှင့် ပါကစ္စတန်သိမ်းပိုက်ထားသော ကက်ရှ်မီးယား (PoK) ကိစ္စများသာ ဖြစ်ရမည်ဟု ရှင်းလင်းဖော်ပြခဲ့သည်။

ဗုဒ္ဓပူဇနိယနေ့တွင် မြတ်စွာဘုရား၏ ငြိမ်းချမ်းရေးသွန်သင်ချက်ကို အမှတ်ရပြီး အိန္ဒိယသည် ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အင်အားပြည့်ဝသော နိုင်ငံတစ်ခု ဖြစ်လာရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ အိန္ဒိယတပ်မတော်နှင့် နိုင်ငံသားများ၏ သတ္တိ၊ စည်းလုံးမှုကို ထပ်မံဂုဏ်ပြုကာ အကြမ်းဖက်ဝါဒကို လုံးဝသည်းမခံဘဲ “Viksit Bharat” (ဖွံ့ဖြိုးပြီးအိန္ဒိယ) အိပ်မက်ကို အကောင်အထည်ဖော်ရန် ကတိပြုခဲ့သည်။

၂။ စစ်ကောင်စီရဲ့ အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံး

—————————————————

မေ ၁၃

The Kaladan Post

ယနေ့ မေလ ၁၃ ရက်နေ့တွင် စစ်ကောင်စီက ဝက်လက်မြို့နယ်၊ အရှေ့မြောက်ခြမ်းရှိ စခန်းသာကျေးရွာနှင့် ရွှေဘိုနယ် အရှေ့တောင်ခြမ်း ငါးပိအိုးရွာကျေးရွာတို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာ စခန်းသာရွာရှိ ပြည်သူ ၂ဦး သေဆုံး ကြောင်း Wetlet Info ၏ထုတ်ပြန်ချက်အရသိရသည်။

တံတားဦးမှတက်တက်လာသော ဂျက်ဖိုက်တာ ၁ စီးဖြင့် ယနေ့ မေလ ၁၃ ရက်နေ့ မွန်းလွဲ ၃း၅၉ မိနစ်နှင့် ၄း၀၁ မိနစ် အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု ၂ကြိမ် ပြုခဲ့ရာ ပြည်သူ ၂ဦး သေဆုံးသည့် အပြင် နေအိမ် တချို့ပျက်စီးခဲ့ရပြီး နွား ၂ကောင်လည်း သေဆုံးခဲ့ကြောင်းသိရသည်။

၃။ ဆောထိမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ(၂)ဦးထိခိုက်ဒဏ်ရာရရှိပြီး အဆောက်အဦများ ပျက်စီးဆုံးရှုံး

—————————————————————–

မေ ၁၃

The Kaladan Post

၂၀၂၅ ခုနှစ် မေလ ၈ မှ ၁၁ ရက်အတွင်း အာဏာသိမ်းစစ်ကောင်စီသည် ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ဆောထိမြို့နယ်ရှိ အရပ်သားနေရာများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ဂျက်ဖိုက်တာများ၊ ဒရုန်းများနှင့် Y-12 လေယာဉ်များဖြင့် ပေါင် ၃၀၀ နှင့် ၅၀၀ ဗုံးများ၊ ဗုံးသီးပေါင်း ၁၄၀ ခန့်ကို သိုက်တူးကုန်း၊ ဝိုင်းကျွန်၊ ကွင်းဆိပ်စသည့် ကျေးရွာများတွင် ကြဲချခဲ့ရာ ကိုသန်းဝင်း (၃၉ နှစ်) နှင့် ဒေါ်မေပလဲ (၅၄ နှစ်) အရပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး သိုက်တူးကုန်းကျေးရွာတွင် နေအိမ် ၅ လုံးနှင့် စာသင်ကျောင်း ၁ ကျောင်း ပျက်စီးခဲ့သည်။

၎င်းကျေးရွာများမှ အိမ်ထောင်စု ၃၈၃ စုမှ လူဦးရေ ၁၇၁၂ ဦး ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရပြီး လူသားချင်းစာနာထောက်ထားမှု အရေးပေါ်လိုအပ် လျက်ရှိကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။

၄။ ပျူစောထီးစခန်း တိုက်ခိုက်ခံရပြီး ၅ဦး သေဆုံး

——————————————-

မေ ၁၃

The Kaladan Post

၂၀၂၅ခုနှစ်၊ မေလ ၁၀ရက်နေ့ နေ့လယ် ၁၂နာရီ၃၀ မိနစ် အချိန်ခန့်က မြင်းခြံမြို့နယ် အတွင်းရှိ ပျူစောထီးများ စုဝေးရာ ဆုံရွာကို မြင်းခြံမြောက်ပိုင်းသားများ ပြောက်ကျားအဖွဲ့ (MNGF) နှင့် မဟာမိတ်တပ်ပေါင်းစုက ၈၀မမ၊ ၆၀မမ၊ fixed wing drone များဖြင့် ဗုံးသီးများပစ်ခတ်/ကြဲချ တိုက်ခိုက်ခဲ့ကြောင်း Myingyan Northerners Guerrillia Force ထုတ်ပြန်ထားသည်။ အဆိုပါတိုက်ခိုက်မှုတွင် ပျူစောထီး ၅ ယောက် ‌‌သေဆုံးခဲ့ကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Myingyan Northerners Guerrillia Force အဖွဲ့နှင့် မဟာမိတ်ဖြစ်သော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

၎င်းတိုက်ပွဲသည် မြင်းခြံမြောက်ပိုင်းသားများ ပြောက်ကျားအဖွဲ့ (MNGF) နှင့်အတူ မြောင်မြို့နယ်‌‌တော်လှန်ရေးတပ် (MRA )၊ TGYR-ပြောက်ကျားတပ်ဖွဲ့ (TGYR-Drone Teams) ဧရာဝတီမင်းသားပြောက်ကျားတပ်၊ ရွှေဂျိုးဖြူပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (MGN)၊ SMK Group၊ Aung San’s Blood Civilians Defense Force (ABCDF) နယ်စည်းမခြားလက်နက်ကြီးတပ်ဖွဲ့ (ငါန်းဇွန် ဇင်ယော်နီပြောက် ကျားတပ်ဖွဲ့) ၊ Revolu -tionary Air Force (Myaung) ၊ M.D.F Drone ကျားခင်စိန် တပ်ဖွဲ့ ( Myaung )၊ ငါန်းဇွန် အားမာန်သစ် တပ်ဖွဲ့ ၊ ဧရာမြွေပွေး တပ်ဖွဲ့ (ငါန်းဇွန်) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

၅။ မုံရွာမြို့တိုက်ခိုက်မှုတွင် နတ်ဆိုးတပ်ရင်းမှ ရဲဘော် ၃ ဦး ကျဆုံး

—————————————————–

မေ ၁၃

The Kaladan Post

၂၀၂၅ ခုနှစ်၊ မေလ ၁၁ ရက် စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်၊ မအူဂိတ်အနီး CR 7 ကွမ်းယာဆိုင် တွင် ဆက်ကြေးကောက်ခံ၍ ပြည်သူများကို နှောင့်ယှက်နေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို နတ်ဆိုးတပ်ရင်း (မုံရွာခရိုင် အမှတ် ၂၂) မှ ရဲဘော်များက တိုက်ခိုက်ခဲ့ရာ ရဲဘော် ၃ ဦး ကျဆုံးခဲ့သည်။

မအူဂိတ်အနီး CR 7 ကွမ်းယာဆိုင်နှင့် မထသဂိတ်တွင် ရှိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို ရဲဘော်များက ဆိုင်ကယ် ၅ စီးဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့သည်။ ကွမ်းယာဆိုင်ရှိ စစ်သား ၂ ဦး သေဆုံးခဲ့ပြီး လက်နက်သိမ်းယူရန် ကြိုးစားစဉ် အနီးဂိတ်မှ စစ်သား ၁ ဦး၏ ပစ်ခတ်မှုကြောင့် ရဲဘော် လှမျိုးအောင်၊ ညိမ်းမင်းဇော် နှင့် ချစ်ထူးခန့် ရဲဘော် ၃ ဦး ကျဆုံးခဲ့ပြီး ကျန်ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

နတ်ဆိုးတပ်ရင်းက ကျဆုံးသူများ၏ စွန့်လွှတ်မှုကို ဂုဏ်ပြုကာ စစ်အာဏာရှင်ကို အဆုံးထိ တိုက်ထုတ်ရန် ကတိပြုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

၆။ နိုင်ငံတစ်နိုင်ငံ၏ အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုမျိုးကို အမျိုးသားညီညွတ်ရေးအစိုးရ လက်မခံ

—————————————————————————–

မေ ၁၃

The Kaladan Post

အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က နိုင်ငံတစ်နိုင်ငံ၏ ဖိအားပေးမှုဖြင့် အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုမျိုးကို လက်ခံမည်မဟုတ်ကြောင်း ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ် (၁၀/၂၀၂၅)တွင် ထုတ်ပြန်ပြောဆိုသည်။ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံများ၏ စုစည်းညီညွတ်သော ကြိုးပမ်းမှုမျိုးကိုသာ လက်ခံလိုကြောင်း ၎င်းကဆိုသည်။ နိုင်ငံတစ်နိုင်ငံ၏ ဖိအားပေးမှုနှင့် အတင်းအဓမ္မ ညှိနှိုင်းမှုများသည် အကျိုးမရှိဘဲ တိုင်းရင်းသားအင်အားစုများအကြား သွေးကွဲမှုနှင့် တင်းမာမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း ရှင်းလင်းပြောဆိုသည်။

မြန်မာနိုင်ငံအတွင်း စစ်မှန်သော အပစ်အခတ်ရပ်စဲရေးသည် နိုင်ငံတကာ စောင့်ကြည့်လေ့လာမှုနှင့် ကျင့်ဝတ်စည်းကမ်းများ လိုအပ်ကြောင်း၊ ၎င်းတို့အပေါ် ချိုးဖောက်သူများရှိပါက အရေးယူမှုများ ပါဝင်သင့်ကြောင်း ဦးနေဘုန်းလတ်က ထည့်သွင်းပြောဆိုသည်။ စစ်အုပ်စုသည် ဟန်ပြအပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း ၎င်းတို့ကိုယ်တိုင် ချိုးဖောက်လျက်ရှိကြောင်းဆိုသည်။ထိုပြင် စစ်ကောင်စီသည် နိုင်ငံတကာအသိုင်းအဝိုင်းတွင် မျက်နှာပန်းလှစေရန် ဟန်ပြထုတ်ပြန်ချက်များထုတ်ပြန်နေသော်လည်း လက်တွေ့တွင် ပြည်သူလူထုကို ဦးတည်ကာ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သည့်အပြင် လက်နက်ကြီးများဖြင့်လည်း နေ့စဉ်တိုက်ခိုက်နေပြီး ပြည်သူပိုင်များကိုပါ မီးရှို့ဖျက်ဆီးနေကြောင်းဆိုသည်။

၇။ ကျောက်ဖြူနှင့် ရသေ့တောင်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

———————————————————

မေ ၁၃

The Kaladan Post

ယနေ့ ၂၀၂၅ မေလ ၁၃ နံနက်တွင် ရခိုင်ပြည် ကျောက်ဖြူနှင့် ရသေ့တောင်မြို့နယ်ရှိ လိပ်ခမော်နှင့် ထွန်းရဝေကျေးရွာများကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ကျောက်ဖြူတွင် ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ဘုန်းတော်ကြီးကျောင်း မီးလောင်ပျက်စီးပြီး၊ ရသေ့တောင်တွင် ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦးသေဆုံးကာ ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။