—————————
၁။ နမခကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် BWM နှင့် မဟာမိတ်များတိုက်ခိုက်
———————————————————————
မေ ၂၆
The Kaladan Post
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို Brave Warriors for Myanmar (BWM)၊ No More Dictatorship (NMD) နှင့် Shadow (Monywa) အဖွဲ့တို့ ပူးပေါင်းကာ ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် မေလ ၂၅ ရက် ည ၆:၄၉ နာရီတွင် တိုက်ခိုက်ခဲ့ရာ ၆ လုံး ထိရောက်ပေါက်ကွဲခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံး မှုနှင့် ပျက်စီးမှုများ ရှိနိုင်ကြောင်း BWM တာဝန်ရှိသူက ပြောကြားခဲ့သည်။ တိုက်ခိုက်မှုအပြီး စစ်ကောင်စီဘက်မှ ချက်ချင်းတန်ပြန်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။
ဤတိုက်ခိုက်မှုတွင် Yan Gyi Aung၊ Budalin Mobile Team၊ နယ်မြေခံပကဖ၊ ရွှေတြိဂံမဟာမိတ်တပ်ရင်း၊ Justice Brothers Force အဖွဲ့များကလည်း ပံ့ပိုးကူညီခဲ့သည်။ နမခသည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်းနှင့် ချင်းပြည်နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ များကို ကွပ်ကဲသည့် အဓိကဌာနချုပ်ဖြစ်ပြီး အညာဒေသတွင် လေကြောင်းဗုံးကြဲမှုများနှင့် အရပ်သားများကို သတ်ဖြတ်မှုများအတွက် တာဝန်ရှိသည့် စစ်ဌာနချုပ်တစ်ခုလည်းဖြစ်သည်။ BWM ၏ Mission 39 အဖြစ် ဤတိုက်ခိုက်မှုကို ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း BWM က အသိပေးထားသည်။
၂။ စစ်ကောင်စီတပ်စခန်းနှင့် ကင်းလှည့်စစ်ကြောင်းများကို တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံး
——————————————————————————-
မေ ၂၆
The Kaladan Post
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆိတ်ညံရေတင်ရုံးရှိ စစ်ကောင်စီတပ်စခန်းကို ရေစကြိုတပ်ပေါင်းစု ဒရုန်းတပ်ဖွဲ့က မေလ ၂၅ ရက်တွင် ဗုံး ၉ လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။
အလားတူ၊ တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်လမ်းဆုံတွင် ဧည့်စာရင်း စစ်ဆေးနေသော စစ်ကောင်စီတပ်သားများကို မေလ ၂၃ ရက်ညပိုင်းတွင် Dawei Defense Team (DDT) က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ ဤတိုက်ခိုက်မှုသည် ရန်သူအား ထိတ်လန့်စေရန် ရည်ရွယ်ခဲ့ပြီး စစ်သားထိခိုက်သေဆုံးမှုအရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကာ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု DDT တာဝန်ရှိသူက ပြောကြားသည်။
၃။ ရာမညမွန်တပ်တော်နှင့် TNLA ပူးပေါင်း၍ စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်ရန် ကြေညာ
———————————————————————————–
မေ ၂၆
The Kaladan Post
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD နှင့် မွန်ပြည်လွတ်မြောက်ရေး တပ်တော် (MLA) တို့ပေါင်းစည်း၍ ၂၀၂၅ မေလ ၂၄ ရက်တွင် ရာမညမွန်တပ်တော် (RMA) ကို ဖွဲ့စည်းခဲ့ပြီး စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော မွန်ပြည်ထူထောင်ရေးအတွက် ရည်မှန်းထားသည်။ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF/TNLA) က RMA ၏ ဖွဲ့စည်းမှုကို ဂုဏ်ပြုကြိုဆိုကာ ၎င်းတို့ကို ဘဝတူ တော်လှန်ရေးမဟာမိတ်အဖြစ် သတ်မှတ်ပြီး တော်လှန်ရေးပန်းတိုင် အောင်မြင်ရန် ပူးပေါင်း ဆောင်ရွက်မည်ဟု မေလ ၂၆ ရက်တွင် ကြေညာခဲ့သည်။ TNLA ၏ ကြိုဆိုမှုအပေါ် RMA ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ဝမ်းသာကျေးဇူးတင်ကြောင်း ပြောကြားပြီး ဖိနှိပ်ခံ မဟာမိတ်များနှင့်အတူ တော်လှန်ရေးကို စွမ်းစွမ်းတမံဆက်လက်တိုက်ပွဲဝင်မည်ဟု ဖော်ပြခဲ့ သည်။ မွန်၊ ဝ၊ တအာင်းမျိုးနွယ်စုများသည် ၎င်းတို့၏ နယ်မြေနှင့် ပြည်သူများကို ကာကွယ်ရန် ခိုင်မာသော လက်နက်ကိုင်တပ်ဖွဲ့တစ်ရပ် ဖွဲ့စည်းရန် လိုအပ်ကြောင်း TNLA က အလေးထား ပြောကြားသည်။
၄။ အခြေခံပညာကျောင်းများ တိုးချဲ့ဖွင့်လှစ်ရန် MNDAA က CDM ဆရာ/ဆရာမ နှင့် ကျောင်းသား/သူများကို ဖိတ်ခေါ်
—————————————————————————-
မေ ၂၆
The Kaladan Post
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်အထူးဒေသ ၁ တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ထပ်မံတိုးချဲ့ဖွင့်လှစ်ရန် ကိုးကန့်တပ်မတော် (MNDAA) က CDM ဆရာ/ဆရာမများနှင့် CDM တက္ကသိုလ်ကျောင်းသား/သူများကို တာဝန်ထမ်းဆောင်ရန် တရားဝင်ဖိတ်ခေါ်သည်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးများအတွက် ကျောင်း ၂၂ ကျောင်းဖွင့်လှစ်ခဲ့ပြီး၊ ယခုနှစ်တွင် နောက်ထပ်ကျောင်းများ တိုးချဲ့ဖွင့်လှစ်ရန် စီစဉ်ထားသည်။ MNDAA သည် ကျန်းမာရေးကဏ္ဍတွင်လည်း CDM ဝန်ထမ်းများကို ခန့်အပ်ထားပြီး ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် CDM ဝန်ထမ်းများကို ခေါ်ယူခြင်းသည် တော်လှန်ရေးကို ဆက်လက်ပံ့ပိုးကြောင်း သက်သေပြသည်ဟု CDM ကျန်းမာရေး ဝန်ထမ်းတစ်ဦးက ပြောသည်။ MNDAA သည် ၁၀၂၇ စစ်ဆင်ရေးဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်အများစုကို သိမ်းပိုက်ခဲ့သော်လည်း၊ လားရှိုးမြို့ကို တရုတ်၏ စွက်ဖက်မှုကြောင့် ၂၀၂၅ ဧပြီလတွင် စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့သည်။
၅။ စစ်တပ်က လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးပြီး အရေးပေါ်စစ်သင်တန်းများပေးနေ
——————————————————————————
မေ ၂၆
The Kaladan Post
ဧရာဝတီတိုင်းရှိ အင်္ဂပူနှင့် ဘိုကလေးမြို့နယ်များတွင် အာရက္ခတပ်တော် (AA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) ၏ ဝင်ရောက်တိုက်ခိုက်မည့်သတင်းကြောင့် စစ်ကောင်စီတပ်က လူငယ်များကို အကြီးအကျယ် ပေါ်တာဆွဲဖမ်းဆီးကာ စစ်သင်တန်း များနှင့် ရက်တိုပစ်ခတ်မှုသင်တန်းများ ပေးနေသည်။
ဘိုကလေးမြို့နယ်၊ ကျွန်းညိုကြီးကျွန်းဒေသတွင်လည်း စစ်တပ်က လူငယ်များကို နေ့ညမရွေး ဖမ်းဆီးနေပြီး ထွက်ပြေးသူများ၏ မိဘများကို အကျပ်ကိုင်ကာ ပြန်ခေါ်ပေးရန် ဖိအားပေးနေသည်။ ဒေသခံတစ်ဦးက “ဧရာဝတီတိုင်းကို ဧရာဝတီတိုင်းက လူငယ်တွေနဲ့ပဲ ပြန်ကာကွယ်ဖို့ လုပ်ရမယ်ဆိုပြီး လူငယ်တွေကို လိုက်ဖမ်းနေတာ” ဟု ပြောသည်။
AA ဦးဆောင်သော တော်လှန်ရေးတပ်များသည် လေးမျက်နှာမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယခုလှုပ်ရှားမှုများကြောင့် စစ်တပ် သည် ခံစစ်ပြင်ဆင်ရန် လူငယ်များကို အဓိကထား စုဆောင်းနေခြင်းဖြစ်သည်။
၆။ NUG ပညာရေးကျောင်းများ ယာယီပိတ်ရန် ညွှန်ကြား
————————————————–
မေ ၂၆
The Kaladan Post
ကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်လာမှုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့် သက်မွေးပညာကျောင်းများအားလုံးကို ယာယီပိတ်ထားရန် NUG ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မေလ ၂၅ ရက်တွင် ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် NUG ပညာရေးဝန်ကြီးဌာနသည် ကလေးလူငယ်များ၏ ပညာသင်ကြားခွင့် မဆုံးရှုံးစေရန် ကြားကာလပညာရေးကို ဆောင်ရွက်ခဲ့သော်လည်း စစ်ကောင်စီက ကျောင်းများ၊ ဆေးရုံများနှင့် လူစုဝေးရာနေရာများကို ဗုံးကြဲတိုက်ခိုက်ခြင်း၊ စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းများဖြင့် လူသားများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိသည်။ ကလေးများ၊ ဆရာ၊ ဆရာမများနှင့် ပြည်သူများ၏ အသက်အန္တရာယ်ထိခိုက်မှုမှ ကာကွယ်ရန် ကျောင်းများကို ယာယီရပ်နားရန် ညွှန်ကြားထားပြီး ဘေးကင်းလုံခြုံသော ပညာသင်ယူမှု ဆက်လက်ရရှိရေးအတွက် NUG က မူဝါဒများနှင့် နည်းလမ်းများ ရှာဖွေလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားသည်။
၇။ နေပြည်တော်အနီး တိုက်ပွဲများပြင်းထန်
————————————
မေ ၂၆
The Kaladan Post
နေပြည်တော်အနီးရှိ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာအနီးတွင် မေလ ၁၇ ရက်မှစ၍ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။ တော်လှန်ရေးတပ်များက စစ်ကောင်စီ၏ ဂိတ်စခန်းအချို့ကို သိမ်းပိုက်ပြီး PNO စစ်သားအချို့ကို ဖမ်းဆီးရမိခဲ့သော်လည်း၊ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများနှင့် ပအိုဝ်းကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းဖြင့် အပြင်းအထန် ခုခံနေသည်။
စစ်ကောင်စီ၏ လုပ်ရပ်များကို တော်လှန်ရေးတပ်များက လုပ်ဆောင်သည်ဟု စွပ်စွဲပြီး ဒေသခံများအကြား သွေးခွဲမှုများလည်း ပြုလုပ်လျက်ရှိသည်။ ဤတိုက်ပွဲများကြောင့် ဆောင်းပြောင်းဒေသမှ ပြည်သူထောင်ချီသည် စစ်ဘေးရှောင်နေရပြီး၊ တောင်ယာစိုက်ပျိုးချိန်တွင်ပင် နေရပ်စွန့်ခွာထွက်ပြေးနေရသည်။ ပင်လောင်းမြို့နယ်သည် နေပြည်တော်သို့ ဆက်သွယ်ထားသည့် မဟာဗျူဟာမြောက် အချက်အချာကျသော နေရာဖြစ်ပြီး တော်လှန်ရေးတပ်များက နယ်မြေထိန်းချုပ်ရန် ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက သုံးသပ်သည်။