—————————–
၁။ UWSA မှတပ်သားသစ် ၂၀၀၀ စီ စုဆောင်းကာ စစ်သင်တန်းဆင်းပွဲများ ကျင်းပ
————————————————————————-
မေ ၃၁
The Kaladan Post
ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) သည် တောင်ပိုင်းနှင့်မြောက်ပိုင်းတွင် တပ်သားသစ် ၂၀၀၀ စီ စုဆောင်းရန် ပြင်ဆင်နေသည်။ ၂၀၂၅ ခုနှစ် ဧပြီလ ၃ ရက်တွင် တောင်ပိုင်း ၁၇၁ စစ်ဒေသ၊ တပ်မဟာ ၇၇၈ မှ ဗိုလ်လောင်း ၂၀၀ ကျော်နှင့် တပ်သားသစ်များ၏ စစ်ရေးပြသင်တန်းဆင်းပွဲကို ကျင်းပခဲ့သည်။ ထို့အတူ မတ်လ ၉ ရက်တွင် မြောက်ပိုင်း တပ်မဟာ ၃၁၈ မှ ကချင်၊ လားဟူ၊ ရှမ်း၊ “ဝ”၊ အာခါ၊ လီဆူ စသည့် တိုင်းရင်းသားများပါဝင်သည့် ဆောင်းတွင်းစစ်သင်တန်းဆင်းပွဲကို ဟိုပန်ခရိုင်၊ အာဟန်းကျေးရွာတွင် ကျင်းပခဲ့သည်။ UWSA ၏ ဤလှုပ်ရှားမှုသည် ၎င်းတို့၏ စစ်ရေးစွမ်းရည်တိုးမြှင့်ရန် ရည်ရွယ်ထားကြောင်း Wa News Land က ဖော်ပြသည်။
၂။ စကစ က ပြည်သူ ၆၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီး
——————————————————
မေ ၃၁
The Kaladan Post
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အနောက်ခြမ်းရှိ ညောင်ကုန်း၊ ကျောင်းတော်ကြီး၊ အနောက်တာ၊ ဒေါင်းမ၊ ဆင်မြေနှင့် သလွန်ဖြူရွာများမှ ပြည်သူ ၆၀ ကျော်ကို အကြမ်းဖက်စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ပြီး စစ်ကြောင်းထိုးနေသည်။ မေလ ၃၀ ရက်နံနက်မှစတင်ကာ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ ပူးပေါင်း၍ အင်အား ၂၅၀ ကျော်ဖြင့် ကျေးရွာများကို ဝင်ရောက်စီးနင်းခဲ့သည်။ ညောင်ကုန်းရွာတွင် ၄၀ ကျော်၊ ကျောင်းတော်ကြီးရွာတွင် ၂၀ ကျော်ဖမ်းဆီးခံရပြီး ဒေါင်းမ၊ ဆင်မြေနှင့် သလွန်ဖြူရွာများတွင်လည်း ထပ်တိုးဖမ်းဆီးမှုများရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးပေ။ ဤဖြစ်စဉ်ကြောင့် ဒေသခံ ၁၅၀၀ ခန့်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ဖမ်းဆီးခံရသူများကို ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း ပြည်သူ့ဘက်တော်သားအဖွဲ့ထံမှ သိရသည်။
၃။ ကျောက်တူးဖော်ရေးကုမ္ပဏီဝင်းကို စကစ ဝင်ရောက်မီးရှို့ဖျက်ဆီး
———————————————————-
မေ ၃၁
The Kaladan Post
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်း၊ မှော်စီဇာရှိ အကြီးဆုံးကျောက်တူးဖော်ရေး ကုမ္ပဏီဝင်း အတွင်းသို့ စစ်ကောင်စီတပ်က မေ ၃၁ ရက် နံနက် ၁၁ နာရီခန့်တွင် ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောကြားသည်။ စစ်တပ်သည် အင်အား ၆၀၀ ကျော်ဖြင့် စစ်ကြောင်းနှစ်ခုခွဲ၍ ဖားကန့်သို့ ထိုးစစ်ဆင်လာပြီး လုံးခင်းဒေသတွင် KIA နှင့် PDF ပူးပေါင်းတပ်များနှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။ စစ်တပ်က လမ်းတစ်လျှောက် အရပ်သား ၅ ဦးထက်မနည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ဘုရားကုန်း အနီးရှိ စစ်ကြောင်းက ကုမ္ပဏီဝင်းကို မီးရှို့ဖျက်ဆီးနေသည်။ ဖျက်ဆီးမှုများသည် ကုမ္ပဏီစာရင်းများကို ပစ်မှတ်ထားခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ယူဆထားသည်။
၄။ စစ်ကောင်စီက ကျေးရွာ ၅ ရွာကို မီးရှို့ဖျက်ဆီး
——————————————
မေ ၃၁
The Kaladan Post
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က မေလ ၂၈ ရက်မှစတင်ကာ သိုက်ချောင်း၊ အိုင်ဇောက်ကွမ်းအုံစု၊ သဖန်းကိုင်း၊ မြေနနီးကျောနှင့် တောင်ကံကလေးရွာတို့ကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့သည်။ စစ်ကြောင်းထိုးနေသည့် တပ်ဖွဲ့သည် ပြည်သူပိုင်နေအိမ်များကို စီးနင်းဖျက်ဆီးပြီး ထောင်နှင့်ချီသော ဒေသခံများကို ဘေးလွတ်ရာသို့ ထွက်ပြေးစေခဲ့သည်။ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ထွက်ပြေးနေရသူများသည် သောက်ရေ၊ စားနပ်ရိက္ခာနှင့် အမိုးအကာ အရေးပေါ်လိုအပ်လျက်ရှိသည်။ လက်ရှိတွင် စစ်ကြောင်းဆက်လက်ရှိနေသဖြင့် ပျက်စီးဆုံးရှုံးမှု အတိအကျကို မသိရသေးဟု ဒေသခံများက ပြောသည်။
၅။ KNDF စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က တော်လှန်ရေးအလွဲသုံးစားမပြုရန် သတိပေး
—————————————————–
မေ ၃၁
The Kaladan Post
ကရင်နီပြည်အမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ ၄ နှစ်ပြည့်အခမ်းအနားတွင် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က တော်လှန်ရေးတပ်ဖွဲ့ဝင်များအား ပြည်သူလူထုနှင့် တစ်သားတည်း ရပ်တည်ရန်၊ ရာထူးနှင့်အထောက်အပံ့များကို အလွဲသုံးစားမပြုရန်နှင့် တော်လှန်ရေးကို မလုပ်စားရန် သတိပေးခဲ့သည်။ KNDF သည် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး နိုင်ငံရေးအဖွဲ့ မဟုတ်ကြောင်း၊ စစ်မြေပြင်ကျင့်ဝတ်နှင့် ဥပဒေစည်းကမ်းများကို လိုက်နာရန်၊ ဘိန်းစိုက်ပျိုးမှုကို တားမြစ်ရန်နှင့် ပြည်သူလူထု၊ ကလေးသူငယ်နှင့် အမျိုးသမီးအရေးကို ဦးစားပေးရန် တိုက်တွန်းခဲ့သည်။ ၄ နှစ်အတွင်း ဆုံးရှုံးမှုများရှိခဲ့သော်လည်း ကရင်နီအမျိုးသားများနှင့် မြန်မာနိုင်ငံသားများ၏ လွတ်မြောက်ရေးအတွက် တော်လှန်ရေးခရီးဆက်လက်ချီတက်ရန် တိုက်တွန်းခဲ့သည်။
၆။ PDF က စစ်ကူရိက္ခာကား ၂ စီးကိုကြားဖြတ်တိုက်ခိုက် စစ်သားအလောင်း ၂ လောင်းနှင့် လက်နက်များ သိမ်းဆည်းရရှိ
—————————————————————–
မေ ၃၁
The Kaladan Post
မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် မေလ ၂၇ ရက်ည ၉ နာရီခန့်က စစ်ကောင်စီတပ်၏ စစ်ကူနှင့် ရိက္ခာပို့ဆောင်ရေးကား ၂ စီးကို တောင်သာ-ဝဲလောင်လမ်းပိုင်းတွင် တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုအတွင်း စစ်သားအလောင်း ၂ လောင်း၊ စစ်သုံ့ပန်း ၁ ဦး (ဧရာဝတီတိုင်းသား၊ မှော်ဘီရဲတပ်ရင်း ၅)၊ ၁၀ ပေတိုကား ၁ စီး၊ G4 သေနတ် ၁ လက်၊ ၅.၅၆ မမ ကျည် ၃၂၈ တောင့်၊ ၆၃ မမ ကျည် ၄၆၈ တောင့်၊ ၆၀ မမ ဗုံးသီး ၆ လုံး၊ လက်ပစ်ဗုံး ၂ လုံး၊ Icon စက် ၁ လုံး၊ ကျည်ဘောက် ၈ ဘောက်နှင့် R7 အဖူး ၁ ဖူးတို့ကို PDF က သိမ်းဆည်းရမိခဲ့သည်။ တိုက်ပွဲတွင် PDF တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။
၇။ ဒုဗိုလ်မှူးကြီး ကျော်လင်းကြိုင်အပါအဝင် စစ်သုံ့ပန်းများ AA ဖမ်းဆီး
—————————————————————
မေ ၃၁
The Kaladan Post
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မင်းတက်တောင်အနီး မေလ ၃၀ ရက်က ဖြစ်ပွားခဲ့သော စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) အကြား တိုက်ပွဲတွင် တိုင်းစစ်ဦးစီးမှူး (G1) ဒုဗိုလ်မှူးကြီး ကျော်လင်းကြိုင်နှင့် စစ်သုံ့ပန်းများစွာကို AA က လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ စိတ်ဓာတ်ပြိုလဲကာ အလံဖြူထောင်၍ အလင်းဝင်သူများ များပြားလျက်ရှိပြီး ထွက်ပြေးသူများကိုလည်း AA က ဖမ်းဆီးရမိနေသည်။ စစ်ကောင်စီတပ်တွင် ဗျူဟာမှူးများ မလုံလောက်သဖြင့် G1 အဆင့်အရာရှိများပါ ရှေ့တန်းသို့ ထွက်ခဲ့ရသည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောကြားသည်။