ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံး

မေ-၁

အင်အား (၇၀) ခန့်ပါ စစ်ကောင်စီ (စကစ) စစ်ကြောင်းသည် ဧပြီလ (၂၇) ရက်၊ နံနက် (၇:၃၀) နာရီအချိန်တွင် ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ငမိုးရိပ်ကျေးရွာမှ ဇရပ်မြှောင်ကျေးရွာသို့ စစ်ကြောင်းထိုးလာစဉ် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ACDF ၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၁၀) ဦးသေဆုံးပြီး လက်နက်ငယ် (၁၁) လက်၊ ကွန်မန်ဒိုပြောင်းတို (၁) လက်နှင့် ခဲယမ်းများအပါအဝင် စစ်သုံးပစ္စည်းများကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းထားပြီး ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထောက်ကြန့်ရွာရှိ ဘုန်းကြီးကျောင်းသို့ ဆုတ်ခွာတပ်စွဲထားကြောင်း ၎င်းထုတ်ပြန်ချက်အရ သိရပါသည်။

အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ သိရှိနိုင်ရေးအတွက် The Kaladan Post မှ Telegram ဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ယခုသတင်းတင်ဆက်သည့်အချိန်ထိ ပြန်လည်ဖြေကြားခြင်းမရှိသေးသလို စစ်ကောင်စီဘက်တွင်လည်း အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးပါ။ ဤတိုက်ပွဲသည် မင်းလှမြို့နယ်အတွင်း စစ်တပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များအကြား ဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဒေသတွင်းတင်းမာမှုများ ဆက်လက်မြင့်တက်နေသည်ကို ဖော်ပြလျက်ရှိသည်။

ကင်းလှည့်နေသော စစ်ကောင်စီအဖွဲ့အား ပျောက်ကျားနည်းဗျူဟာဖြင့် တိုက်ခိုက်ခြင်းခံရ
မေ- ၁
The Kaladan Post

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံမြို့အတွင်း ကင်းပတ်လှည့်လည်နေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများအား (၃၀.၄.၂၀၂၅) ရက်နေ့ ည (၈:၀၀) နာရီအချိန်တွင် Myingyan Black Tiger (MBT) တပ်ဖွဲ့မှ ပျောက်ကျားနည်းဗျူဟာကို အသုံးပြု၍ အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ဗိုလ်တစ်ဦးအပါအဝင် ပြည်သူ့စစ် (ပျူ) နှစ်ဦး သေဆုံးကာ G3 သေနတ် (၂) လက်နှင့် ကျည် (၁၈) တောင့် ရရှိခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့မှ ထုတ်ပြန်ထားပါသည်။ ထို့အပြင် Myingyan Black Tiger (MBT) တပ်ဖွဲ့အနေဖြင့် ယခုကဲ့သို့ မြို့တွင်းစစ်ဆင်ရေးများအား အချိန်နှင့် တပြေးညီ ဖော်ဆောင်မည်ဖြစ်သည့်အတွက်ကြောင့် မိဘပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ၏ ဖြတ်သန်းသွားလာရာ နေရာများနှင့် နီးကပ်စွာသွားလာခြင်းမပြုကြရန် Myingyan Black Tiger (MBT) မှ သတိပေးထုတ်ပြန်ထားပါသည်။

အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ သိရှိနိုင်ရေးအတွက် The Kaladan Post မှ Telegram ဖြင့် ဆက်သွယ်မေးမြန်းဆောင်ရွက်လျက်ရှိပါသည်။

ရေစကြိုမြို့၊ ခလရ ၂၅၈ တပ်ရင်းမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ

မေ ၁
The Kaladan Post

၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၉) ရက်နေ့ နံနက် (၅) နာရီအချိန်ခန့်တွင် ခလရ (၂၅၈) မှ ထွက်လာသော အင်အား (၁၅၀) ခန့်ပါ စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးရဲဘော်များမှ အသင့်စောင့်ဆိုင်းတိုက်ခိုက်ကြောင်း ထုတ်ပြန်ပါသည်။ အဆိုပါတိုက်ပွဲသည် ဧပြီလ (၂၉) ရက်နေ့ တစ်နေ့ကုန်နီးပါး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များမှ အသင့်စောင့်ဆိုင်း တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၃) ဦးသေဆုံးပြီး (၁၀) ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ အဆိုပါ တိုက်ပွဲတွင် အထိနာနေသော စစ်ကောင်စီစစ်ကြောင်းအား မြို့ပေါ်ရှိ ရုံးပေါင်းစုံမှ လက်နက်ကြီးပစ်ကူများ၊ ခလရ (၂၅၈) မှ လက်နက်ကြီးပစ်ကူ ပေးခြင်းများကို စစ်ကောင်စီမှ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါသည်။

ထို့အပြင် ထိုနေ့ ဧပြီလ (၂၉) ရက်နေ့ ညနေပိုင်းတွင် ထပ်မံတိုက်ပွဲ ဖြစ်ပွားရာတွင် ရေစကြို (ပ.က.ဖ) မှ ခွဲမှူးရဲဘော်တစ်ဦး ကျည်ထိမှန်၍ ဖက်ဒရယ် ဒီမိုကရေစီ တိုက်ပွဲအတွင်း မြင့်မြတ်စွာ အသက်ပေးခဲ့ရပါကြောင်းနှင့် အထိနာသွားသော စစ်ကောင်စီစစ်ကြောင်းမှာ ထန်းဆယ်ပင်ကျေးရွာရှိ အပြစ်မဲ့ပြည်သူ့နေအိမ် (၁၁) လုံးအား မီးရှို့ဖျက်စီးသွားပြီး ညနေပိုင်းအချိန်တွင် ခလရ (၂၅၈) ထဲသို့ ပြန်ဝင်သွားကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) ၏ သတင်းထုတ်ပြန်ချက်က ဆိုသည်။ အဆိုပါတိုက်ခိုက်မှုအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (ပ.က.ဖ) နှင့်အတူ ပခုက္ကူခရိုင်တပ်ရင်းအမှတ် (၉) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရပါသည်။