ဖေဖေါ် ၆
The Kaladan Post
အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် အီရန်နိုင်ငံတို့အပေါ် ဖိအားပေးပိတ်ဆို့ရေး ယူမှုများကို ပိုမိုတင်းကြပ်စွာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘဲဆင့် (Scott Bessent) က ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ပြုလုပ်သည့် လွှတ်တော်ကြားနာပွဲအတွင်း ထုတ်ဖော်ပြောကြားလိုက်သည်။
အဆိုပါ ကြားနာပွဲတွင် ဝန်ကြီးဘဲဆင့်က မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ရေးယူမှုများ ထပ်မံချမှတ်နိုင်ရေးအတွက် လိုအပ်သည့် အချက်အလက်များ ရှိနေဆဲဖြစ်ပြီး ပိုမိုထိရောက် သော ဖိအားပေးမှုများ ပြုလုပ်နိုင်ရန် အခြားအစိုးရဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် မြန်မာနှင့် အီရန်တို့အပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့ရေးယူမှုများမှာ အမေရိကန်၏ အမျိုးသားလုံခြုံရေးအတွက် အရေးပါသည့် မဟာဗျူဟာတစ်ရပ်ဖြစ်ကြောင်း လည်း ဝန်ကြီးဘဲဆင့်က အလေးထားပြောဆိုခဲ့သည်။
လက်ရှိ ထရမ့်အစိုးရလက်ထက်တွင် အီရန်အပေါ် “အပြင်းထန်ဆုံး ဖိအားပေးရေး” မူဝါဒကို ဆက်လက်ကျင့်သုံးနေပြီး ယင်းမူဝါဒ၏ အကျိုးဆက်ကြောင့် အီရန်၏ စီးပွားရေးအခြေအနေ မှာ ပြိုလဲလုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း ဝန်ကြီးဘဲဆင့်က ပြောကြားခဲ့သည်။
“သမ္မတ ထရမ့် တာဝန်ယူခဲ့ချိန်မှစ၍ အီရန်ကို အစွမ်းကုန် ဖိအားပေးရန် ညွှန်ကြားထားပြီး ဒီရလဒ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ အထင်ရှားဆုံး မြင်တွေ့ခဲ့ရပါပြီ” ဟုလည်း ၎င်းက ဆိုသည်။
အီရန်နိုင်ငံတွင် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ဘဏ်ကြီးတစ်ခု ပြိုလဲခဲ့ပြီးနောက် ဗဟိုဘဏ်မှ ဝင်ရောက်ကယ်ဆယ်ခဲ့ရသလို ယင်းအခြေအနေကြောင့် ငွေကြေးဖောင်းပွမှု မြင့်တက်ကာ ပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကြောင်းလည်း လွှတ်တော်သို့ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ကြားနာပွဲအတွင်း အမေရိကန် လွှတ်တော်ရှိ နှစ်ပါတီစလုံးမှ အမတ်များကလည်း မြန်မာစစ်ကောင်စီ၏ လုပ်ရပ်များကြောင့် ဒေသတွင်း မတည်ငြိမ်မှုများ ပိုမိုမြင့်တက် လာနိုင်ခြေကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
ထို့အပြင် အီရန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ဂျက်လေယာဉ်ဆီများ တင်ပို့နေကြောင်း သတင်းများ ထွက်ပေါ်လာမှုကြောင့် မြန်မာစစ်အုပ်စုအပေါ် ပိုမိုပြင်းထန်သည့် အရေးယူမှုများ လုပ်ဆောင်သင့်ကြောင်းလည်း အမတ်များက တိုက်တွန်းခဲ့သည်။
လန်ဒန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ဖြစ်သည့် Amnesty International ၏ ထုတ်ပြန်ချက်အရ အကြမ်းဖက် မြန်မာစစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်မှုများအတွက် လိုအပ်သည့် လေယာဉ်ဆီများကို အီရန်နိုင်ငံမှ တည်နေရာအမှားပြသည့် “Ghost Ships” သင်္ဘောများ အသုံးပြုပြီး မြန်မာနိုင်ငံသို့ သယ်ယူပို့ဆောင်နေကြောင်း သိရသည်။
အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်အရ စီးပွားရေးပိတ်ဆို့ခံထားရသည့် မြန်မာနိုင်ငံသည် လေယာဉ်ဆီ တင်သွင်းရာ လမ်းကြောင်းများကို ဖုံးကွယ်နိုင်ရန် အီရန်အပါအဝင် ရုရှား၊ မြောက်ကိုရီးယားတို့ကဲ့သို့ ပိတ်ဆို့မှုရှောင်လွဲနေသော နိုင်ငံများ၏ နည်းဗျူဟာများကို အသုံးပြုနေကြောင်းလည်း ဖော်ပြထားသည်။
📌 သတင်းရင်းမြစ် (Source)
- အမေရိကန် လွှတ်တော် ကြားနာပွဲ ထုတ်ပြန်ချက်
- Amnesty International (လန်ဒန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့)