——————————————————————————————-

စက်တင် ၁၉

The Kaladan Post

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးဘူတာအနီးရှိ ကင်းပုန်းတစ်ခုအား မွန်ပြည်ဖက်ဒရယ် ကောင်စီ (MSFC) ကာကွယ်ရေးဌာနမှ တပ်ဖွဲ့များနှင့် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များက ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း MSRF က သတင်းထုတ်ပြန်ထားပါသည်။ အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး MSRF ပြော‌ရေးဆိုခွင့်ရှိသူ မိတလညဏ်က“ ကျွန်မတို့ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ သံဇရပ်ဖြူမြို့နယ် ထင်းရှူးဘူတာနားရှိ စစ်ကောင်စီ ကင်းပုန်းက တပ်အင်အား ၃၀ကျော် ထားတဲ့ ကင်းပုန်းဖြစ်ပါတယ် “ ဟု The Kaladan Post သို့ပြောဆိုသည်။ ၎င်းတိုက်ခိုက် မှုသည် ယမန်နေ့ စက်တင်ဘာလ ၁၈ ရက် နေ့လည် ၁ နာရီဝန်းကျင်တွင် ထင်းရှူး ဘူတာအနီးရှိ ကင်းပုန်းကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ မဟာမိတ်တော်လှန်ရေး တပ်ဖွဲ့များသည် ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ စစ်ဆင်ရေးပြီးမြောက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း  စကစ တပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးမှု အသေးစိတ်အခြေအနေများကို လက်ရှိတွင်  စုံစမ်း စစ်ဆေးလျက်ရှိ ကြောင်းသိရသည်။ ဤစစ်ဆင်ရေးတွင် ပူးပေါင်းပါဝင်ခဲ့သော တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များ မှာ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ ရာမညတပ်တော် (RMA)၊ KNLA တပ်ရင်း (၂၇) တပ်ခွဲ (၁)၊ ဗျူဟာ ၃၃ ဒေါန ချေမှုန်းရေးတပ်ခွဲနှင့် တပင်ရွှေထီးတပ် တို့ဖြစ်သည်။

အလားတူ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာ ဘူတာအနီးရှိ စစ်ကောင်စီကင်းပုန်းကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန မှ တပ်များဖြစ်သော မွန်ပြည်တော်လှန်ရေး တပ် (MSRF)နှင့် ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) မှ ယမန်နေ့ စက်တင်ဘာလ (၁၈) ရက် နံနက်(၁၀)  နာရီတွင် ရန်သူစစ်ကောင်စီ ကင်းပုန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် (၄) ယောက်ဆုံးခဲ့သည်။