ဖေဖေါ် ၁၁

The Kaladan Post

 

ရုရှား–ယူကရိန်း စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးမှုများသည် လက်ရှိအချိန်တွင် အလှမ်းဝေးနေဆဲဖြစ်ပြီး တိုးတက်မှုရှိနေသည်ဟု အမေရိကန်ဘက်က ပြောကြားနေမှုများမှာ အဓိပ္ပါယ်မရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ်က ဖေဖော်ဝါရီ ၁၀ ရက်တွင် ရုရှားနိုင်ငံပိုင် NTV ရုပ်သံနှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခုအတွင်း ပြောကြားလိုက်သည်။

 

လာဗရော့ဗ်က ငြိမ်းချမ်းရေးဆွေးနွေးမှုများနှင့် ပတ်သက်၍ အလွန်အကျွံ အကောင်းမြင်နေကြခြင်းကို သတိပေးခဲ့ပြီး လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် “စိတ်အားထက်သန်လွန်းသည့် အမြင်မျိုး” မထားသင့်ကြောင်း အလေးပေးပြောကြားခဲ့သည်။

 

၎င်း၏ ပြောကြားချက်များသည် မကြာသေးမီက ဆွေးနွေးမှုများအပြီး ယူကရိန်းနှင့် ရုရှားတို့သည် ငြိမ်းချမ်းရေးရရှိရန် ယခင်ကထက် ပိုမိုနီးစပ်လာပြီဟု ပြောဆိုခဲ့သော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အမေရိကန်အရာရှိများ၏ ပြောကြားချက်များကို တိုက်ရိုက် ဆန့်ကျင်နေခြင်း ဖြစ်သည်။

 

“ဆွေးနွေးမှုတွေက ဆက်လက်ရှိနေမှာတော့ သေချာပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးရဖို့ အလှမ်းဝေးနေဆဲပါပဲ” ဟု လာဗရော့ဗ်က ဆိုသည်။

 

ထို့အပြင် သမ္မတ ထရမ့်အနေဖြင့် ဥရောပကို ထိန်းချုပ်နိုင်ခဲ့ပြီး ယူကရိန်းသမ္မတ ဇယ်လန်းစကီးအား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များကို လက်ခံရန် ဖိအားပေးနိုင်ခဲ့သည်ဟူသော ရုရှားအတွင်း ပျံ့နှံ့နေသည့် ယူဆချက်များကိုလည်း လာဗရော့ဗ်က ငြင်းပယ်ခဲ့သည်။

 

“ဒီလိုဖြစ်နေတယ်ဆိုရင်တော့ ငြိမ်းချမ်းရေးအတွက် ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အဲဒီအဆင့်ကို မရောက်သေးပါဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

 

လာဗရော့ဗ်၏ ယင်းမှတ်ချက်များသည် ဖေဖော်ဝါရီ ၉ ရက်တွင် TV BRICS နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးအပြီး ထပ်မံထွက်ပေါ်လာခြင်းဖြစ်ပြီး ယင်းအင်တာဗျူးတွင် ထရမ့်အစိုးရသည် ယူကရိန်းအရေးနှင့် ပတ်သက်၍ ရုရှား–အမေရိကန်အကြား ယခင်က ရှိခဲ့သည့် နားလည်မှုများကို စွန့်လွှတ်လိုက်ပြီဟု စွပ်စွဲပြောဆိုခဲ့သည်။

 

ထို့အပြင် ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို တိုက်ပွဲမရှိဘဲ ရုရှားထံ လွှဲပြောင်းပေးရန် ရည်ရွယ်သည့် ၂၀၂၅ ခုနှစ် “အန်ကာရေ့ဂျ် သဘောတူညီချက်များ” မှ အမေရိကန်က နောက်ဆုတ်သွားခဲ့ကြောင်းလည်း လာဗရော့ဗ်က ဆိုထားသော်လည်း အမေရိကန်ဘက်က ယင်းသို့သော သဘောတူညီချက်များ ရှိခဲ့ကြောင်းကို မအတည်ပြုသေးပေ။

 

၂၀၂၂ ခုနှစ်တွင် ရုရှား၏ ကျူးကျော်စစ်စတင်ပြီးနောက် ချမှတ်ထားသည့် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ဆက်လက်ထားရှိနေခြင်းသည် မော်စကိုနှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်လိုကြောင်း ပြောဆိုနေသည့် ဝါရှင်တန်၏ ရပ်တည်ချက်နှင့် ဆန့်ကျင်နေကြောင်းလည်း လာဗရော့ဗ်က ဝေဖန်ပြောကြားခဲ့သည်။

၎င်း၏ အဆိုအရ ရုရှားအနေဖြင့် “အာဏာဗဟိုချက် အများအပြားရှိသော ကမ္ဘာ့အစီအစဉ်အသစ်” တည်ဆောက်ရေးနှင့် “ကိုလိုနီစနစ်သစ် ကျင့်သုံးမှုများကို တန်ပြန်ရေး” တို့ကို နိုင်ငံခြားရေးမူဝါဒ၏ အဓိက ဦးစားပေးချက်များအဖြစ် ဆက်လက် ထားရှိသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ယင်းပြောကြားချက်များသည် ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် သံတမန်ရေးရာ လှုပ်ရှားမှုများ အရှိန်မြင့်လာနေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး ယူကရိန်း၊ အမေရိကန်နှင့် ရုရှားတို့ ပါဝင်သည့် သုံးပွင့်ဆိုင် ဆွေးနွေးမှုများကို ယခုသီတင်းပတ်အတွင်း ပြန်လည်စတင်နိုင်ဖွယ် ရှိနေသည်။

 

📌 သတင်းရင်းမြစ် (Source)

The Kyiv Independent