ဖေဖော် ၃
The Kaladan Post
ရုရှားနိုင်ငံမှ ရေနံဝယ်ယူမှုကို ဆက်လက် မလုပ်ဆောင်တော့ရန် အိန္ဒိယက သဘောတူညီခဲ့သည့်အတွက် အိန္ဒိယနိုင်ငံအပေါ် ချမှတ်ထားသော သွင်းကုန်အခွန် စည်းကြပ်မှုများကို လျှော့ချပေးသွားမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့် က ပြောကြားလိုက်သည်။
ထရမ့်နှင့် အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ တို့ကြား ဖုန်းဆက် ဆွေးနွေးမှု ပြီးဆုံးပြီးနောက်
နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှုများ ရရှိခဲ့ကြောင်းကို
ထရမ့်က ဖေဖော်ဝါရီ ၂ ရက်နေ့တွင် သူ၏ လူမှုကွန်ရက် Truth Social မှတဆင့် ထုတ်ပြန်ခဲ့သည်။
အသေးစိတ် အချက်အလက်များကို မကြေညာသေးသော်လည်း မိုဒီအနေဖြင့် အိန္ဒိယ၏ ရုရှားရေနံ အလုံးအရင်း ဝယ်ယူနေမှုကို ရပ်ဆိုင်းမည်ဟု ကတိပေးခဲ့ကြောင်း သိရသည်။
အမေရိကန်အစိုးရက ယခင်လများအတွင်း အိန္ဒိယကို ရုရှားရေနံ မဝယ်ရန် ဖိအားပေးလာခဲ့ပြီး
အိန္ဒိယဘက်မှတော့ နိုင်ငံ၏ အကျိုးစီးပွားနှင့် ကိုက်ညီသည့် ဆုံးဖြတ်ချက်ကို ကိုယ်တိုင် ချမှတ်မည်ဟု ပြန်လည်တုံ့ပြန်ခဲ့ဖူးသည်။
အိန္ဒိယသည် ယခင်က ရုရှားနိုင်ငံမှ ရေနံစိမ်းကို ကမ္ဘာပေါ်တွင် ဒုတိယအများဆုံး ဝယ်ယူတင်သွင်းသော နိုင်ငံ အဖြစ် ရပ်တည်ခဲ့ပြီး ယူကရိန်းစစ်ပွဲ စတင်ပြီးနောက် စျေးနှုန်းသက်သာသည့် ရုရှားရေနံကို အလုံးအရင်း ဝယ်ယူလာခဲ့ခြင်း ဖြစ်သည်။
ထရမ့်က အိန္ဒိယ၏ ယခုဆုံးဖြတ်ချက်သည် ယူကရိန်းစစ်ပွဲ ရပ်တန့်ရေး ကြိုးပမ်းမှုများ အတွက်လည်း အထောက်အပံ့ ဖြစ်စေမည်ဟု ဆိုခဲ့ပြီး ရုရှားရေနံ ဝယ်ယူနေမှုကြောင့် ချမှတ်ထားသော အိန္ဒိယသွင်းကုန်အပေါ် အပိုဆောင်း အခွန် ၂၅ ရာခိုင်နှုန်း ကို ပယ်ဖျက်လိုက်ကြောင်း ကြေညာခဲ့သည်။
ထို့အပြင် မူလသတ်မှတ်ထားသည့် သွင်းကုန်အခွန် ၂၅ ရာခိုင်နှုန်း ကို ၁၈ ရာခိုင်နှုန်းအထိ လျှော့ချပေးခဲ့ပြီး အိန္ဒိယအနေဖြင့် ယခင် ၅၀ ရာခိုင်နှုန်းအထိ အခွန်စည်းကြပ်ခံနေရသည့် အခြေအနေမှ သက်သာခွင့်ရရှိသွားခဲ့သည်။
ဝန်ကြီးချုပ် မိုဒီကတော့ အမေရိကန်မှ သွင်းကုန်အခွန် လျှော့ချပေးမည့် ကိစ္စကို
“အံ့ဩဖွယ် သတင်းကောင်း” ဟု လူမှုကွန်ရက် X တွင် ဖော်ပြခဲ့သော်လည်း
ရေနံဝယ်ယူရေး မူဝါဒနှင့် ပတ်သက်၍ အသေးစိတ် မှတ်ချက်မပေးခဲ့ပါ။
အိန္ဒိယသည် ပြည်တွင်း ဝယ်လိုအား မြင့်မားသည့်အတွက် ရေနံကို အများအပြား ပြည်ပမှ တင်သွင်းနေရပြီး အနာဂတ်တွင် အမေရိကန်က ထိန်းချုပ်သွားမည့် ဗင်နီဇွဲလား ရေနံလုပ်ငန်းများထံမှ ရေနံကို ပိုမို ဝယ်ယူလာနိုင်ကြောင်း ထရမ့်က အရိပ်အမြွက် ပြောထားခဲ့သည်။
ယခု သဘောတူညီမှုအပေါ် ရုရှားဘက်မှတော့ တရားဝင် တုံ့ပြန်မှု မရှိသေးပေ။ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ရုရှား သမ္မတ ဗလာဒီမာ ပူတင် က အိန္ဒိယသို့ သွားရောက်ကာ ရုရှားရေနံများကို အဆီးအတားမရှိ ဆက်လက် ပို့ဆောင်နိုင်ရေး ကတိပေးခဲ့ဖူးသည်။
📌 သတင်းရင်းမြစ် (Source)
Source – The Guardian
Photo – Reuters