ဇွန် ၂၈
The Kaladan Post
ချင်းပြည်နယ်၊ ဟွာလ်ငိုးရမ်းဒေသ၊ ရိခေါဒါရ်မြို့မှတဆင့် မီဇိုရမ်ပြည်နယ်သို့ ပို့ဆောင်ရန် ကြံရွယ် ထားသော စိတ်ကြွဆေးပြား ၂၇၀,၀၀၀ (တန်ဖိုးရူပီး ၅၆ သိန်းခန့်) ကို HPO/CDF-Hualngoram တပ်ဖွဲ့က ၂၀၂၅ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း HUALNGORAM PEOPLES ORGANIZATION ၏ ယမန်နေ့ ၂၇.၆.၂၀၂၅ ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါထုတ်ပြန် ချက်နဲ့ ပတ်သက်ပြီး CDF-Hualngoram ၏ပြောရေးဆိုခွင့်ရှိသူက “လက်ရှိ ကျွန်တော်တို့ ဖမ်းဆီးထားသူ Salai Van Thawm Mang သည် စိတ်ကြွဆေးပြား ပိုင်ရှင်မဟုတ်ဘဲ သယ်ဆောင်လာသူသာ ဖြစ်ပါတယ် ပြီးတော့ ကျွန်တော် တို့ထိန်းသိမ်းသော တရားခံက မူးယစ်ဆေး ဝါးပိုင်ရှင်၏ နာမည်ကို ပြောဆိုထားသော်လည်း ယခုချိန်မှာ မဖမ်းဆီးနိုင်သေးတာကြောင့် နာမည်ကို ပြောကြားလို့ မရသေးပါဘူး ”ဟု The Kaladan Post သို့ပြောဆိုသည်။ ဒီမူးယစ်ဆေးဝါးသယ် ဆောင်လာသူကို HPO/CDF-Hualngoram မှ ကြိုတင်ပြီး သတင်းရရှိခြင်း၊ တိုင်းတန်းခြင်းမျိုးမရှိဘဲ ၎င်းက ချောင်းဖြတ် ရေးကူးရန်ပြင်ဆင်နေချိန်တွင် ညတာဝန်ကျ ရဲတပ်ဖွဲ့တွေနှင့် CDF-Hualngoram အရန်တပ်ဖွဲ့တွေက မသင်ကာလို့ စစ်ဆေးကြည့်ရာမှာ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်းသိရသည်။ ဒီ စိတ်ကြွဆေးပြားသည် မီဇိုရမ်ပြည်နယ်မှာရောင်းကြတာဖြစ်ပြီး မီဇိုရမ် လူငယ်များစွာကို ဖျက်ဆီး တာကြောင့် HPO/CDF-Hualngoram အဖွဲ့သည် မီဇိုရမ်ပြည်နယ် အစိုးရအဖွဲ့နှင့် တချို့ NGO ရဲ့ တောင်းဆိုချက်နှင့်အညီ တတ်နိုင်သလောက် ဆက်လက်ထိန်းသိမ်း တားမြစ်သွားမှာဖြစ်ပြီး လက်ရှိ ဖမ်းဆီးထားသော စိတ်ကြွဆေးပြား ကိုလည်း တရားရေးအဖွဲ့မှ ဒီဂရီချမှတ်ပြီးတာနဲ့ သတင်းမီဒီယာ တွေနှင့် အသိသက်သေ တွေခေါ်ယူကာ ၎င်းတို့ ရှေ့မှာတင် မီးရှို့ဖျက်ဆီးသွားမှာ ဖြစ်တယ်လို့ CDF-Hualngoram ၏ပြောရေးဆို ခွင့်ရှိသူက ဆက်လက်ပြောဆိုသည်။ ထို့အပြင် HPO/CDF-Hualngoram သည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် နေပြီး ချင်းလူမျိုးများ ထိခိုက်စေသော မူးယစ်ဆေးဝါးများကိုတားဆီးနိုင်ရန် ကြိုးပမ်းသွားမှာဖြစ်ပြီး ပြည်သူများအနေဖြင့် ဤလုပ်ငန်းတွင် ပူးပေါင်းပါဝင်ကြရန် ၎င်းထုတ်ပြန်ချက်တွင် တိုက်တွန်း ထားသည်။