ဖေဖေါ် ၁၈
The Kaladan Post
မြန်မာစစ်တပ်က ကျင်းပခဲ့သော ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသည့် နိုင်ငံရေးအခြေအနေသစ်အောက်တွင် မြန်မာ့အရေး ပြဿနာများအား ဖြေရှင်းနိုင်ရေးအတွက် ထိုင်းနိုင်ငံက မြန်မာနှင့် အာဆီယံအကြား “ပေါင်းကူးတံတား” အဖြစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း Sihasak Phuangketkeow က ပြောကြားလိုက်သည်။
၎င်းနှင့် မြန်မာစစ်တပ်၏ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေ တို့သည် ယနေ့ ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ယင်းတွေ့ဆုံမှုသည် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံ၌ ကျင်းပခဲ့သော ရွေးကောက်ပွဲအပြီး အရေးပါသည့် နိုင်ငံရေးအချိုးအကွေ့တစ်ခု ဖြစ်လာနိုင်ကြောင်း ထိုင်းဘက်က ထုတ်ဖော်ပြောကြားထားသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယနေ့ကျင်းပမည့် နှစ်နိုင်ငံတွေ့ဆုံမှုတွင် ထိုင်း–မြန်မာ နှစ်နိုင်ငံဆက်ဆံရေးသာမက မြန်မာနိုင်ငံနှင့် Association of Southeast Asian Nations (အာဆီယံ) အကြား ဆက်ဆံရေးကို မည်သို့ ရှေ့ဆက်နိုင်မည်ဆိုသည်ကိုလည်း အဓိကထား ဆွေးနွေးသွားမည်ဖြစ်သည်။
“ကျွန်တော်တို့အနေနဲ့ မြန်မာရွေးကောက်ပွဲကို လက်ခံအတည်ပြုတယ်လို့ မပြောပါဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲက လက်တွေ့တွင် ဖြစ်ပွားခဲ့ပြီးသား ဖြစ်ပါတယ်။ အဲဒီအတွက် မြန်မာနဲ့ အာဆီယံကြားမှာ ကျွန်တော်တို့က ပေါင်းကူးတံတားအဖြစ် ကူညီဆောင်ရွက်ပေးသွားမှာပါ။ ဒါပေမဲ့ အောင်မြင်စေရန်အတွက် နှစ်ဖက်လုံးမှ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါတယ်” ဟု Sihasak Phuangketkeow က သတင်းထောက်များအား ပြောကြားခဲ့သည်။
ထို့ပြင် အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးကာလအတွင်း အပြုသဘောဆောင်သည့် ရလဒ်များ ထွက်ပေါ်လာစေရန် လိုလားကြောင်း၊ ယခုအချိန်သည် နှစ်ဖက်အပြန်အလှန် ဆွေးနွေးမှုများ အားကောင်းစွာ ဆောင်ရွက်ရမည့် အချိန်ဖြစ်ကြောင်းလည်း ၎င်းက ထပ်မံ ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် ကီလိုမီတာ ၂,၄၀၀ (မိုင် ၁,၅၀၀) ကျော် ရှည်လျားသည့် နယ်စပ်ချင်း ထိစပ်နေပြီး မြန်မာ့ရေးရာကိစ္စများတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် အကျိုးသက်ရောက်မှု အမြင့်မားဆုံး နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။
ယနေ့ တွေ့ဆုံမည့် သန်းဆွေ သည် ယခင်က အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး လက်ရှိတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။
Source – Reuters