———————————————————————————————

ဩဂုတ် ၂၅

The Kaladan Post

လောက်တူဒေသအတွင်း အများပြည်သူအတွက် ဘာသာရေးလွတ်လပ်ခွင့်မရှိဟူသော သတင်းသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့တွင် ဒေသတွင်းသတင်းမီဒီယာများ၌ လောက်တူဒေသရှိ အသင်းတော်အသီးသီးထံ ပေးပို့သော စာနှင့်တကွ ပြန့်နှံ့ခဲ့သည်။ ထိုစာတွင် “ဘာသာရေးဆိုင်ရာ ပွဲတော်/သင်တန်း ကျင်းပလိုပါက ခွင့်ပြုချက်ရယူရန်နှင့် ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးရုံးသို့ ခွင့်ပြုမိန့်ယူပြီးမှသာလျှင် ဆောင်ရွက်ခွင့်ပြုစေရန်” ဆိုသည့် အချက်တို့ပါရှိသည်။ အဆိုပါ စာပြန့်နှံ့ခြင်းနှင့် ပတ်သက်ပြီး လောက်တူဒေသ ပြည်သူ့အုပ်ချုပ်ရေးမှူးက “ဒီစာက တကယ်တော့ အထူးဆန်းကြီး မဟုတ်ပါဘူး။ တော်လှန်ရေး စလာကတည်းကနေ ဒီလိုပဲ မည်သည့်အသင်းအဖွဲ့၊ ဘာသာရေးအဖွဲ့နဲ့မဆို ပြည်သူ တစ်ရပ်လုံးက ပူးပေါင်းပြီး လုပ်ကြတာ ဖြစ်ပါတယ်။ ဒီလိုလုပ်တာကလည်း ဘာသာရေးအတွက် သီးသန့်လုပ်တာ မဟုတ်ပါဘူး။ အထူးကိစ္စရပ်များဖြင့် လူစုလူဝေးလုပ်ဖို့လိုအပ်တဲ့ ကဏ္ဍအသီးသီးနဲ့ ဆိုင်ရင်အားလုံး သတင်းပို့၊ ခွင့်ပြုချက်ယူကြဖို့ ကျွန်တော်တို့ ဆောင်ရွက်စေတဲ့ သဘောဖြစ်ပါတယ်။ အခုချိန်မှာ ရန်သူစကစမှ လွတ်မြောက်နယ်မြေထဲက လူစုလူဝေးမှန်သမျှကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု မကြာခဏရှိတာကြောင့် ကျွန်တော်တို့ဖက်က လိုအပ်တဲ့ကိစ္စရပ်များကို ပြန်ပြီး ကူညီပံ့ပိုးပေးနိုင်ဖို့ ရည်ရွယ်ခြင်းဖြစ်ပါတယ်။ အခုစာက စနစ်တကျမှတ်တမ်းတင်နိုင်အောင် ပုံစံလေးထုတ်ပြီး ထပ်မံနှိုးဆော်ပေးတာပဲဖြစ်ပြီးတော့ ဘာသာရေးလွတ်လပ်ခွင့် ဖိနှိပ်တာမျိုးမဟုတ်ဘဲ လိုအပ်သော လုံခြုံရေးသတိပြု ပူးပေါင်းနိုင်ဖို့သာဖြစ်ကြောင်း” The Kaladan Post သို့ ပြောဆိုသည်။ ထို့အပြင် လောက်တူဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လုပ်နေတဲ့လုပ်ငန်းစဉ်အဝဝသည် မည်သောအခါမှ ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်တာတွေ၊ လှည့်စားဖျားယောင်းတာတွေ၊ ပြီးတော့မဟုတ်မမှန် အယုံသွင်းတာမျိုးကို ဘယ်တော့မှ လုပ်မှာမဟုတ်ကြောင်းနှင့် လက်ရှိအချိန်တွင် ချင်းနိုင်ငံရေး အင်အားစုများအကြား အထူးသဖြင့် အမြင်မတူသော အင်အားစုများအကြား သက်ဆိုင်ရာလော်ဘီများ၏ အပြင်းအထန် ထိုးနှက်မှုများသာဖြစ်ပြီး အခုစာကိစ္စမျိုးသည် မြေပြင်တွင် လုံခြုံရေးသတိပြုနိုင်ဖို့ရန် တာဝန်ရှိသူများမှ ဆောင်ရွက်နေကြကြောင်း ၎င်းကဆက်ပြောသည်။ ယခုစာကိစ္စနှင့် ပတ်သက်ပြီး ဒေသခံတစ်ဦးက “တချို့သောလှည့်လည်တရားဟောဆရာများက မြေပြင်မှာရှိပြီးသား အသင်းတော်များအား ဖြိုခွဲကာ အသင်းတော်အသစ်ထောင်ရန် လုပ်ဆောင်မှုမျိုး မကြာခဏရှိပြီး ဘာသာရေး အသင်းကွဲများကြားမှာ မကြာခဏ ပြဿနာရှိတယ်။ ဒီလိုကိစ္စရပ်မျိုးကြောင့် ရပ်ရွာအတွင်း စည်းလုံးမှု ပျက်ပြားမှုများစွာ ဖြစ်စေတဲ့အတွက် အခုကို စာထုတ်ပြန်ခြင်းမျိုး ဖြစ်နိုင်ကြောင်း The Kaladan Post သို့ သုံးသပ်ပြောဆိုသည်။ မြေပြင်ဘာသာရေးအခြေအနေနှင့် ပတ်သက်ပြီး လောက်တူပြည်သူ့အုပ်ချုပ်ရေးမှူးမှ “အသင်းတော်အသစ်ထူထောင်ရန် လိုက်လံချဉ်းကပ်နေတာတွေရှိနေပါတယ်။ ဒါက ကိုးကွယ်ယုံကြည်မှုနှင့် တစ်သီးပုဂ္ဂလတစ်ဦးစီ၏ အမျော်အမြင်အရ ရွေးချယ်တာလား ဆိုတာမျိုးက ကျွန်တော်မသိနိုင်ပေမယ့် ကိုယ်ပိုင်လွတ်လပ်မှုအရ ရွေးချယ်တာမျိုးမဟုတ်ဘဲ သွေးဆောင်ဖျားယောင်း တာမျိုးကြောင့်မျိုးဟု မကြာခဏ တိုင်တန်းမှုရှိပါတယ်။ ဒီတော့ ဒီလိုကိစ္စရပ်များကို လောက်တူပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြဿနာပိုမကြီးထွားအောင် ကိုင်တွယ်ပေးနေရတာ ရှိပါတယ်။ ဒါပေမယ့် စာကိစ္စကတော့ လုံခြုံရေးရှုထောင့်ကနေ ထုတ်ပြန်ချက်မျိုးဖြစ်တယ်။ ဒီတော့ အကြောင်းအမျိုးမျိုးကြောင့် အသင်းတော်အသစ် ထူထောင်တာပဲဖြစ်ဖြစ်၊ ခွဲထွက်ပဲဖြစ်ဖြစ် မည်သည့်ပြဿနာ တစ်စုံတစ်ရာမျှ ရပ်ရွာအတွင်း မဖြစ်စေဘဲ ကောင်းမွန်စွာ Blessing ပေးပြီး ဆောင်ရွက်တာမျိုး ဖြစ်သင့်ပါတယ်” ဟု လောက်တူပြည်သူ့အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။