အောက်တို ၆
The Kaladan Post
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်၊ နံနက် ၈ နာရီတွင် မင်းတုန်းမြို့မှ အလယ်ချောင်းရဲစခန်းသို့ လူပြောင်းလဲရန် ဦးတည်လာသည့် အကြမ်းဖက်စစ်ကောင်စီ စစ်တပ်နှင့် ရဲပူးပေါင်းစစ်ကြောင်း (အင်အား ၄၀ ခန့်) ကို United States of Burma Army (USBA) တပ်ဖွဲ့မှ ခုန်တိုင်ရွာအနီးတွင် ကြိုတင်စောင့်ဆိုင်းပြီး အနီးကပ်ခြုံခိုတိုက်ခိုက်ခဲ့တယ်ဟု USBA တပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ပြည်သူ့ရဲဘော် ကိုသာချိုက The Kaladan Post သို့ ပြောကြားသည်။
အဆိုပါ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာ မင်းတုန်းမြို့မှ ညောင်းကြပ်ကျေးရွာအထိ ပေါ့ပါးထရပ်ကား (Light Truck) တစ်စီးနှင့် အိမ်စီးကားတစ်စီးတို့ဖြင့် ရောက်ရှိလာခဲ့တာဖြစ်ပြီး ထိုမှတဆင့် အလယ်ချောင်းရဲစခန်းကို ဦးတည်ကာ ကားများကို နောက်မှမောင်းလာပြီး ရှေ့မှ ခြေလျင်စစ်ကြောင်းဖြင့် ထိုးဖောက်လာခဲ့တာဖြစ်တယ်။ ဒီလို “အကြမ်းဖက် စစ်ကောင်စီပူးပေါင်း တပ်ဖွဲ့တွေ လူပြောင်းရန်အတွက် စစ်ကြောင်းထိုးနေတာကို ကျွန်တော်တို့ USBA တပ်ဖွဲ့မှ သတင်းကြိုတင်ရရှိထားတာကြောင့် ခုန်တိုင်ရွာအနီးတွင် ကြိုတင်ပြင်ဆင်ထားပြီးတော့ အနီးကပ် ခြုံခိုတိုက်ခိုက်ခဲ့ပါတယ် ဒီတိုက်ခိုက်မှုဟာ ၁၅ မိနစ်ခန့်ကြာ ပြင်းထန်သည့် တိုက်ပွဲဖြစ်ပွားခဲ့တယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများ မျက်မြင်သက်သေများက တွေ့မြင်ခဲ့ရသော်လည်း အတိအကျအချက်အလက်များ မသိရှိရသေးကြောင်း ပြည်သူ့ရဲဘော် ကိုသာချိုက ထပ်မံဖြည့်စွက်ပြောကြားသည်။ လက်ရှိအချိန်တွင် အဆိုပါစစ်ကြောင်းသည် မင်းတုန်းမြို့သို့ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်သည်။ ထိုစစ်ကြောင်းသည် လမ်းတစ်လျှောက်တွင် လူငယ်များကို အကြောင်းပြချက်မရှိ ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြည်သူပိုင်နေအိမ်အချို့မှ စားသောက်ကုန်များနှင့် တန်ဖိုးရှိပစ္စည်းများကို လုယူသွားခဲ့သည်ဟု သိရသည်။
USBA တပ်ဖွဲ့ဘက်တွင် ထိခိုက်ဒဏ်ရာရရှိမှု အနည်းငယ်ရှိခဲ့သော်လည်း၊ ထိုဒဏ်ရာရရှိသည့် ပြည်သူ့ရဲဘော်များမှာ စိုးရိမ်စရာမရှိသည့် ထိခိုက်မှုအနည်းငယ်သာဖြစ်ကြောင်း ပြည်သူ့ရဲဘော် ကိုသာချိုက The Kaladan Post သို့ ပြောကြားခဲ့သည်။