ဖေဖေါ် ၂၆

The Kaladan Post

Donald Trump က အီရန်နိုင်ငံသည် အမေရိကန်ကို တိုက်ခိုက်နိုင်မည့် ဒုံးကျည်များ တည်ဆောက်ထုတ်လုပ်ရန် ကြိုးပမ်းနေကြောင်း စွပ်စွဲပြောဆိုခဲ့မှုကို Iran အစိုးရက ပြတ်သားစွာ ပယ်ချငြင်းဆိုလိုက်သည်။

ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားသည့် နိုင်ငံတော် အခြေပြမိန့်ခွန်းအတွင်း ထရမ့်က အီရန်နှင့် အမေရိကန်အကြား လက်ရှိ တင်းမာမှုများကို ထည့်သွင်းဖော်ပြခဲ့ပြီး အီရန်တွင် စိုးရိမ်ဖွယ် နျူကလီးယား ရည်မှန်းချက်များ ရှိနေကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အီရန်သည် ဥရောပရှိ အမေရိကန် စစ်စခန်းများထိ လက်လှမ်းမီနိုင်သည့် ဒုံးကျည်များ ထုတ်လုပ်ထားပြီး ဖြစ်ကြောင်းနှင့် မကြာမီကာလအတွင်း အမေရိကန် ပိုင်နက်ထိ ရောက်ရှိနိုင်မည့် ဒုံးကျည်များပါ ဖန်တီးလာနိုင်ခြေရှိကြောင်း သတိပေးပြောဆိုခဲ့သည်။

အီရန်နျူကလီးယား စီမံကိန်းနှင့်ပတ်သက်၍ နှစ်နိုင်ငံအကြား စစ်ရေးတင်းမာမှုများ မြင့်တက်နေချိန်တွင် ထရမ့်၏ ပြောဆိုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထို့အပြင် အမေရိကန်တပ်များသည် အီရန်ပိုင်နက်အနီးတွင် အလုံးအရင်း ဖြန့်ကျက်ထားသည့် အခြေအနေများလည်း ရှိနေသည်။

အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Esmail Baghaei က ထရမ့်၏ အမည်ကို တိုက်ရိုက် မဖော်ပြခဲ့သော်လည်း ထိုစွပ်စွဲချက်များကို “အကြီးစား မုသားများ” ဟု လူမှုကွန်ရက် X တွင် တုံ့ပြန်ခဲ့သည်။ ၎င်းက အီရန်၏ နျူကလီးယား စီမံကိန်း၊ တိုက်ချင်းပစ် ဒုံးကျည်များနှင့် ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲများအတွင်း သေဆုံးသူအရေအတွက်များအပေါ် ပြောဆိုချက်များအားလုံးသည် အမှန်တရားနှင့် မကိုက်ညီကြောင်း ဆိုသည်။

ထရမ့်က ဇန်နဝါရီလအတွင်း အီရန်တွင် ဖြစ်ပွားခဲ့သည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို အာဏာပိုင်များက အင်အားသုံး ဖြိုခွင်းရာ လူပေါင်း ၃၂၀၀၀ ခန့် သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့သော် အီရန်အစိုးရက သေဆုံးမှုများ ရှိခဲ့သည်ကို ဝန်ခံသော်လည်း ထိုကိန်းဂဏန်းများမှာ အလွန်အမင်း ချဲ့ကားထားခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသည်။

အမေရိကန်အခြေစိုက် လူ့အခွင့်အရေး သတင်းဌာန HRANA ကတော့ ဆန္ဒပြပွဲများအတွင်း သေဆုံးသူ ၇၀၀၀ ခန့်ရှိကြောင်း စုံစမ်းအတည်ပြုထားသည်ဟု ထုတ်ပြန်ထားပြီး အီရန်အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်အရ သေဆုံးသူ ၃၀၀၀ ကျော်သာ ရှိကြောင်း ဖော်ပြထားသည်။

United States နှင့် Israel အပါအဝင် အနောက်မဟာမိတ်နိုင်ငံများက အီရန်သည် နျူကလီးယား လက်နက်များ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေကြောင်း ယုံကြည်နေကြသော်လည်း အီရန်ကတော့ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းရေး ရည်ရွယ်ချက်အတွက်သာ အသုံးပြုလိုကြောင်း အကြိမ်ကြိမ် အတည်ပြု ပြောကြားထားသည်။

ထရမ့်က အီရန်ကိစ္စကို သံတမန်ရေးနည်းလမ်းဖြင့် ဖြေရှင်းလိုကြောင်း ပြောဆိုထားသော်လည်း “အကြမ်းဖက်အားပေး နံပါတ်တစ်နိုင်ငံ” ဟု သတ်မှတ်ထားသည့် နိုင်ငံတစ်ခုတွင် နျူကလီးယား လက်နက် ပိုင်ဆိုင်လာခြင်းကို လုံးဝ ခွင့်မပြုနိုင်ကြောင်းလည်း အတိအလင်း ပြောကြားခဲ့သည်။

အီရန်ဘက်ကတော့ နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ထိခိုက်စေနိုင်သည့် မည်သည့် လုပ်ရပ်မဆိုကို ကျူးကျော်မှုအဖြစ် သတ်မှတ်ကာ လက်တုံ့ပြန်သွားမည်ဟု သတိပေးထားသည်။

 

Source: Agence France-Presse (AFP)

ဓာတ်ပုံ – Getty Images