ဖေဖေါ် ၁၂

The Kaladan Post

 

မြန်မာပြည်သူများကို ကာကွယ်ရေးအတွက် အာဏာသိမ်း စစ်တပ်၏ လုပ်ပိုင်ခွင့်များကို ကန့်သတ်ရန် ရည်ရွယ်သော ဥပဒေမူကြမ်းတစ်ရပ်ကို အမေရိကန် အောက်လွှတ်တော်က ခြွင်းချက်မရှိ သဘောတူအတည်ပြုခဲ့သည်။

အောက်လွှတ်တော် ဥပဒေမူကြမ်း အမှတ် H.R.3190 ကို Brave Burma Act ဟု အမည်ပေးထားပြီး မစ်ချီဂန်ပြည်နယ်မှ အောက်လွှတ်တော်အမတ် ဘီလ် ဟွိုင်ဇန်ဂါ (Bill Huizenga) က တင်သွင်းခဲ့ခြင်းဖြစ်သည်။ ယခုသီတင်းပတ်အစောပိုင်းတွင် အောက်လွှတ်တော်က မဲခွဲဆုံးဖြတ်ကာ အတည်ပြုထောက်ခံခဲ့ကြောင်း သိရသည်။

အဆိုပါ ဥပဒေမူကြမ်း၏ အဓိကရည်ရွယ်ချက်မှာ အာဏာသိမ်း မြန်မာစစ်တပ်က ပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နိုင်ရန် အသုံးချနေသော ငွေကြေးအရင်းအမြစ်များကို ဖြတ်တောက်ရန် ဖြစ်ကြောင်း ဟွိုင်ဇန်ဂါက ပြောကြားခဲ့သည်။

၎င်းက စစ်တပ်၏ ရန်လိုအကြမ်းဖက်မှုများကြောင့် မြန်မာပြည်သူ ၃.၆ သန်းကျော် သည် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ယင်းကိန်းဂဏန်းမှာ အလွန်အံ့ဩဖွယ် ဖြစ်ကြောင်းကိုလည်း ထောက်ပြပြောဆိုခဲ့သည်။

ဥပဒေမူကြမ်းအရ အမေရိကန်သမ္မတသည် စစ်တပ်၏ အဓိက ဝင်ငွေအရင်းအမြစ်ဖြစ်သည့်
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် မြန်မာ့စီးပွားရေးဘဏ် (MEB)
တို့အပေါ် ပိုမိုတင်းကျပ်သည့် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်သင့် မပြုလုပ်သင့်ကို နှစ်စဉ် ပြန်လည်သုံးသပ် ဆုံးဖြတ်ရမည် ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံသို့ လေယာဉ်ဆီ ဝယ်ယူတင်သွင်းမှုများကိုလည်း စောင့်ကြည့်ကြပ်မတ်သွားရန် ပါဝင်ထားသည်။

အဆိုပါ ဥပဒေမူကြမ်းက တရားဝင် ဥပဒေအဖြစ် အသက်ဝင်လာပါက မြန်မာစစ်တပ်၏ လုပ်ရပ်များသည် အမေရိကန်အတွက် လုံးဝလက်မခံနိုင်ကြောင်းကို တိကျရှင်းလင်းသည့် သတင်းစကားတစ်ရပ်အဖြစ် ပေးပို့နိုင်မည်ဖြစ်ကြောင်း ဟွိုင်ဇန်ဂါက ဆိုသည်။

ထို့အပြင် စစ်တပ်၏ ဖိနှိပ်မှုများကြောင့် အမေရိကန်နိုင်ငံတွင် ခိုလှုံနေကြရသော မြန်မာနိုင်ငံသားများကိုလည်း ဆက်လက်အကာအကွယ်ပေးနိုင်ရေးကို မျှော်လင့်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနက မြန်မာနိုင်ငံတွင် လုံခြုံရေးအခြေအနေ တိုးတက်လာသည်ဟု ဆိုကာ မြန်မာနိုင်ငံသားများ အတွက် သတ်မှတ်ထားသော ယာယီခိုလှုံခွင့် (TPS) ကို ဇန်နဝါရီ ၂၆ ရက်တွင် အဆုံးသတ်မည်ဟု ကြေညာခဲ့သော်လည်း ချီကာဂိုရှိ ဖက်ဒရယ်တရားသူကြီး တစ်ဦးက ယင်းဆုံးဖြတ်ချက်ကို ကြားဝင်တားဆီးခဲ့သည်။

ထိုကိစ္စသည် ယခုအချိန်အထိ ဥပဒေကြောင်းအရ ဆက်လက်အမှုရင်ဆိုင်နေရဆဲဖြစ်ပြီး မြန်မာနိုင်ငံသားများအတွက် ယာယီခိုလှုံခွင့်ကို အမေရိကန်အစိုးရက ဆက်လက်ပေးထားဆဲ ဖြစ်သည်။

ဟွိုင်ဇန်ဂါက TPS ကို ဖယ်ရှားရန် ကြိုးပမ်းခဲ့မှုကို “လမ်းလွဲဆုံးဖြတ်ချက်” ဟု ဝေဖန်ခဲ့ပြီး အမေရိကန်တွင် ခိုလှုံနေသော မြန်မာနိုင်ငံသားများသည် ပြန်လည်နိုင်ငံအတွင်းသို့ သွားရောက်ပါက ဖိနှိပ်မှုများသာမက အသက်အန္တရာယ်ပါ ရင်ဆိုင်ရနိုင်ကြောင်း သတိပေး ပြောကြားခဲ့သည်။

ထို့အပြင် စစ်တပ်သည် အမေရိကန်တွင် ခိုလှုံနေသော မြန်မာနိုင်ငံသားများ၏ စာရင်းများကို ပြုစုကာ ကြိုတင်စောင့်ကြည့်နေကြောင်းလည်း ၎င်းက ဆိုသည်။

 

သတင်းရင်းမြစ် (Source)

  • WoodTV
  • ဓာတ်ပုံ – Getty Images