မေးမြန်းသူ- ဆလိုင်း ဒိုခါရ်၊ အယ်ဒီတာချုပ်၊ The Kaladan Post
ဖြေဆိုသူ- Salai Saw Mya ဥက္ကဌ၊ IKACC
ဆလိုင်း ဒိုခါရ်၊ – အားလုံးပဲ မင်္ဂလာပါ။ ဒီကနေ့အတွက်ဆိုရင်တော့ လက်ရှိစစ်ကောင်စီ ရွေးကောက်ပွဲပြင်ဆင်မှုတွေ၊ နောက်ပြီးမှ ထိုးစစ်ပြင်ဆင်မှုတွေနဲ့အတူ ချင်းပြည်နယ်ဘက် အပါအဝင်၊ ဒီစစ်ကိုင်းတိုင်း၊ မကွေးတိုင်းအပါအဝင် ဒီတော်လှန်ရေးနယ်မြေတွေမှာ ဘာတွေ ကြိုတင်ပြီးတော့မှ ပြင်ဆင်ထားဖို့လိုသလဲဆိုတဲ့ဟာကို နိုင်ငံရေးသမားလည်း ဖြစ်ပြီးတော့မှ ကဗျာဆရာလည်းဖြစ်၊ အခုလက်ရှိတော်လှန်ရေးအချိန်မှာလည်း တော်လှန်ရဲဘော် ပြည်သူတွေနဲ့အတူရှိနေပြီးတော့မှ IKACC မှာ ဥက္ကဌတာဝန်ထမ်းဆောင်နေတဲ့ ဆရာမြ ကဗျာနဲ့ အင်တာဗျူးလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ဆရာ အခုလို ကျွန်တော်တို့ကို အချိန်ပေး တဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။
Salai Saw Mya – ဟုတ်ကဲ့ပါ။
ဆလိုင်း ဒိုခါရ်၊ – ဟုတ်ကဲ့ ဒီပထမဆုံးအနေနဲ့ ဆရာ့ကို ဖိတ်ခေါ်ဆွေးနွေးစေလိုတာကတော့ အခုစစ်ကောင်စီက သူလုံးဝထိန်းချုပ်လို့မရတဲ့ မြို့နယ် ၆၀ ကျော်ကို အရေးပေါ် ကြေညာပြီးတော့မှ ထိုးစစ်အတွက် ပြင်ဆင်ကြောင်းကို ပေါ်တင်ထုတ်ပြန်လိုက်ပြီဖြစ်ပါ တယ်။ တစ်ဖက်မှာလည်း ဒါ စနစ်တကျနဲ့ သူ့ရဲ့ ရာထူးသက်တမ်းကို ဆွဲဆန့်နိုင်ဖို့အတွက် နိုင်ငံတကာထောက်ခံမှုလေးပိုရအောင်ဆိုပြီးတော့မှ အတုအယောင်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဒါ အပိုင်းလိုက်ပုံစံမျိုး ရွေးကောက်ပွဲကျင်းပနေပါတယ်။ ဆိုတော့ ဒီအပေါ်မှာ ဘယ်လိုမြင်လဲ။ ဒီစစ်ကောင်စီရဲ့လုပ်ရပ်က အထင်သေးလို့ရသလား။ ပြည့်စုံအောင် သုံးသပ်ပေးပါဦးခင်ဗျာ။
Salai Saw Mya – ကြိုတင်စကားခံထားချင်တာက ကျွန်တော်တို့က ဒီလိုမျိုး သုတေသန တွေဘာတွေလည်း လုပ်ဖူးတဲ့သူမဟုတ်ဘူးဆိုတော့ သုတေသနရှုထောင့်ကနေ သေသေ ချာချာလေးလေ့လာပြီးမှ ပြောတဲ့စကားမျိုးမဟုတ်ဘူးပေါ့။ ကျွန်တော်တို့ လက်တွေ့ ကြုံရတဲ့ဟာအပေါ်မှာ ခန့်မှန်းပြီးပြောတဲ့ဟာမျိုးတော့ဖြစ်လိမ့်မယ်။ ဒါပေမဲ့ အခု ကျွန်တော် ပြောမယ့်ဟာတွေလည်းပဲ ဟိုးအရင် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်း အခြေအနေတွေဘာတွေနဲ့ ချိန်ထိုးပြီးတော့ ပြောခြင်းဖြစ်တယ်လို့တော့ ကျွန်တော်ပြော ချင်တယ်။ အခု ကျွန်တော်တို့ကြုံတွေ့ရတဲ့ အာဏာသိမ်းအစိုးရလို့ ပြောကြပါစို့။ သူ့ရဲ့ အာဏာသိမ်းတဲ့ နည်းပုံစံကို ကြည့်လိုက်ရင် ကျွန်တော်ထင်တယ် ဒီဒီမိုကရေစီ အင်အားစုလို့ပြောမလား၊ သူတို့ကို အတိုက်အခံအဖြစ် အလုံးအရင်းနဲ့ ရပ်တည်နေနိုင်တဲ့ NLD ရဲ့ အာဏာတည်မြဲမှုကို သူတို့က အမြစ်ဖြုတ်ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်က ပထမတစ်ချက်ထင်တယ် ကျွန်တော်ထင်တာနော်။ အဲဒါကြောင့်မို့လို့ သူတို့က အာဏာကို ခဏထိန်းတယ်ဆိုပြီးတော့ ၆ လ သက်တမ်းကို တောက်လျှောက်အာဏာတိုးလာတာ အခုဆိုရင် ဒီ ၂၀၂၀ ရဲ့ ရွေးကောက်ပွဲရလဒ်ကလည်း သူတို့ဖျက်ပစ်ပြီးပြီ။ ကျွန်တော်ထင်တယ် အဲဒီအထိ သူတို့စောင့်နေပုံရတယ်။ နောက်တစ်ချက်ရှိတာက သူတို့အဲလိုလုပ်နေရခြင်းဟာ သူတို့ကို ပုခုံးချင်းယှဉ်နိုင်တဲ့ နိုင်ငံရေးအင်အားစုရဲ့ အင်အားကို ဖြိုခွဲလိုက်ချင်လို့ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းမဟုတ်ဘဲနဲ့ ကပ်ရပ်ဖြစ်နေတဲ့ ဒီမိုကရေစီစနစ်ကို မကျင့်သုံးတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ တချို့ဖိအားတွေကြောင့် ပါလာတယ်ဆိုရင်တော့ ပွင့်ပွင့်လင်းလင်း ပြောရင် ကျွန်တော်တို့ကျတဲ့တွင်းကတော့ တော်တော်နက်လိမ့်မယ်လို့ ကျွန်တော်တော့ယူ ဆတယ်။ ဆိုတော့ ရွေးကောက်ပွဲတော့ သူတို့လုပ်လိမ့်မယ်။ လုပ်လို့ရတဲ့အခြေအနေ လည်းရှိတယ်။ ကျွန်တော်ထင်တယ် လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀ တို့ ၂၀၁၀ တို့မှာ ကြုံရတဲ့ဟာက ပြောရမယ်ဆိုရင် ကျွန်တော်တို့ မေးခွန်းနှစ်ခုကြားထဲမှာ လည်နေလိမ့်မယ်။ ဒီရွေးကောက်ပွဲကို လက်ခံမယ်၊ လုံးဝလက်မခံဘူးဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ အရင်လိုပဲ ပြန်လည်လာလိမ့်မယ်။ ဆိုတော့ အဲဒီအာဏာသိမ်းတဲ့အုပ်စုဘက်က အာဏာသိမ်းတဲ့ အုပ်စုဆိုရင်လည်းပဲ လျှော့တွက်လို့မရတဲ့တစ်ချက်က သူတို့ကို တစ်နည်းနည်းနဲ့ ထောက်ခံတဲ့အင်အားစုတွေလည်း ရှိနေတာကိုး။ သူတို့ဘက်မှာတော့ရှင်းတယ် အဲဒီရွေးကောက်ပွဲကို ဒီလိုမြင်းသားလို တစ်ကြောင်းတည်းနဲ့ သူတို့က လုပ်သွားလိမ့်မယ်။ လုပ်သွားနိုင်တဲ့အနေအထားလည်းရှိတယ် အခုအခြေအနေအရလေ။ ဆိုတော့ နိုင်ငံတကာ ထောက်ခံမှု ဘယ်လောက်ရှိတယ် မရှိဘူး၊ ဟို legitimacy ဘယ်လောက်ပြည့်ဝတယ်၊ မပြည့်ဝဘူးဆိုတဲ့ ဝေဖန်ချက်တွေပဲရှိလိမ့်မယ်။ အစိုးရတစ်ရပ်ကတော့ သူတို့ပုံဖော် အောင်လုပ်သွားနိုင်လိမ့်မယ်လို့တော့ ကျွန်တော်တို့တော့ထင်တယ်။ ဟုတ်ကဲ့ပါ။
ဆလိုင်း ဒိုခါရ်၊ – ဟုတ်ကဲ့၊ စစ်ကောင်စီအနေနဲ့ အခုဒီရွေးကောက်ပွဲနဲ့ နိုင်ငံရေး legitimacy ရအောင် သက်တမ်းဆန့်လို့ရအောင်ကြိုးစားတဲ့အပြင် ထိုးစစ်တွေကလည်း အပြင်းအထန် ပြင်ဆင်နေတဲ့ဟာမျိုးဖြစ်တဲ့အခါကျတော့ ဒီစစ်ရေးပြင်ဆင်မှုပိုင်းရော ဆရာ့အနေနဲ့ ဘယ်လိုမြင်မိသလဲ။ ကျွန်တော်တို့ကို ဒီထက်မကသူ ဖိအားပေးလာနိုင်မယ့် အနေအထားလား သို့မဟုတ် ဒါသူ့ဘက်ကနေ အားလျော့မယ့် အပိုင်းပိုများတယ်လို့သုံးသပ်သလား။ ဒီအပေါ်မှာရော ဘယ်လိုမြင်လဲ။
Salai Saw Mya – သူက နှစ်ပိုင်းတော့ရှိတယ်။ ပထမတစ်ပိုင်းက စစ်ရေးအရ ပြန်ပြီးတော့ အသာစီးရယူဖို့ သူတို့ထိုးစစ်ဆင်နေတယ်ဆိုတဲ့ ရိုးရိုးစဉ်းစားတဲ့လမ်းကြောင်း တစ်ချက် ပေါ့နော်။ အဲဒါဆိုရင်ဘာဖြစ်မလဲဆိုရင် အခုသူတို့လက်လွတ်ထားတဲ့မြို့တွေ၊ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့မြို့တွေဘက်ကိုတော့ သူတို့အလုံးအရင်းနဲ့ စစ်ဆင်ရေးထိုးတာတို့ ဘာတို့လုပ်လိမ့်မယ်။ ဒါပေမဲ့ နောက်တစ်ချက်ဘက်ကစဉ်းစားရင် သူတို့က အခုကာလက ဒီရှစ်လပိုင်းစပြီဆိုရင်တော့ ရွေးကောက်ပွဲကိုပြင်ဆင်တဲ့ကာလရောက်ပြီကိုး။ ဆိုတော့ ရွေးကောက်ပွဲအတွက် သူတို့အာရုံစိုက်စရာရှိတဲ့အတွက်ကို ဆိုလိုတဲ့သဘောက အခုသူတို့စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ၆၀၊ မြို့ ၆၀ ကျော်မှာတော့ ရွေးကောက်ပွဲရှိ မှာမဟုတ်ဘူး။ အဲဒါကို သူတို့ကြိုတင်ပြီးတော့ ကြေညာတဲ့သဘောလည်းဖြစ်နိုင်တယ်။ ဆိုတော့ သူက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့မြို့တွေဖြစ်တဲ့အတွက်ကို ရွေးကောက်ပွဲ မလုပ်နိုင်ဘူးပေါ့။ မဲဆန္ဒရှင်စာရင်းတွေလည်း သေချာမယူနိုင်ဘူးဘာညာဆိုတော့ အဲဒီအကြောင်းပြချက်လုပ်ဖို့အတွက်ကို အဲဒီလိုမျိုး ကြေညာတာလည်းဖြစ်နိုင်တယ်။ အဲဒါကတော့ ကျွန်တော်တို့ဘက်က ဖော့တွေးတာပေါ့လေနော်။ ဒီပထမတစ်ချက်ဆိုရင် စစ်ရေးကို ပြင်းပြင်းထန်ထန်လုပ်မလား။ ကျွန်တော်တော့ထင်တယ် မလုပ်တာလည်း ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုရင် အဓိကရွေးကောက်ပွဲကနေ legitimacy နည်းနည်းပါးပါးရတဲ့ ပြည်သူထောက်ခံပါတယ်ဆိုတဲ့ဟာမျိုး အစိုးရတစ်ရပ်ကိုသူတို့ အကောင်အထည်ဖော်ဖို့ အတွက်ကို သွားနိုင်လိမ့်မယ်လို့ထင်ပါတယ်ဆရာ။ ဟုတ်ကဲ့ပါ။
ဆလိုင်း ဒိုခါရ်၊ – ဟုတ်ကဲ့၊ ဒါဆိုရင် ဒီရွေးကောက်ပွဲနည်းနာပိုင်းနဲ့ ပတ်သက်ပြီးတော့မှ အခုအချိန်မှာ NUG တို့ NUCC တို့ကလည်း ဆန့်ကျင်မှုကို သူကော်မတီတစ်ရပ်ဖွဲ့ပြီးတော့မှကို ဆန့်ကျင်နေတဲ့ဟာတွေ ပြည်သူတွေကို အသိပညာပေးဖွင့်တဲ့ဟာတွေ လုပ်နေတာရှိတယ်။ တစ်ဖက်မှာ ဒါစစ်ကောင်စီဘက်က Online Voting ပုံစံမျိုးနဲ့ system ကို အိန္ဒိယအကူအညီနဲ့ အကောင်အထည်ဖော်ဖို့ရှိနေတယ်ဆိုတဲ့ဟာလည်းရှိတဲ့အခါကျတော့ ဒီ Online Voting စနစ်ကို အခြေခံမယ်ဆိုရင် ဘာတွေစိန်ခေါ်မှုရှိနိုင်သလဲ။ ဒါ စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်တဲ့နေရာမှာ အဲဒါနဲ့ပတ်သက်ပြီးတော့မှ ဆရာရဲ့ သုံးသပ်ပေးပါဦးခင်ဗျာ။
Salai Saw Mya – အဲဒီကိစ္စက အခုစစ်ကောင်စီဘက်က စိတ်ပူရမယ့်ကိစ္စမဟုတ်ဘူးဆရာ။ ဘာဖြစ်လို့လဲဆိုရင် Online Voting စနစ်ကောင်းတယ်ဆိုတာက မဲလာပေးမယ့်သူတွေ အတွက်ကို Safety ဖြစ်အောင် မဲရုံကိုမသွားချင်တဲ့သူတွေအတွက်ကို ကိုယ့်အိမ်မှာနေရင်းနဲ့ မဲပေးလို့ရအောင် သူတို့အဆင်ပြေအောင်ဖြစ်အောင်လုပ်ပေးတဲ့သဘောပဲ။ ဆိုတော့ အဲဒီမဲပေးတဲ့စနစ်ကို ပြောင်းခြင်း မပြောင်းခြင်းနဲ့က သူတို့ရွေးကောက်ပွဲ အောင်အောင် မြင်မြင်ကျင်းပနိုင်တယ်၊ မကျင်းပနိုင်ဘူးဆိုတာနဲ့က သိပ်တော့မသက်ဆိုင်ဘူး။ ပြီးတော့ မဲဆန္ဒရှင် ဘယ်လောက်ရှိမှ ရွေးကောက်ပွဲက အောင်မြင်မယ်ဆိုတာမျိုးတို့၊ နောက်တစ် ချက်က လွှတ်တော်ကိုယ်စားလှယ် လွှတ်တော်ထဲကို ဘယ်လောက်ရောက်မှ အတည်ပြုလို့ရ တယ်ဆိုတာမျိုးတော့မဟုတ်ဘူး ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲစနစ်ကလေ။ ဒါပေမဲ့လည်း အရင်ရှိထားတဲ့ ပြည်ထောင်စုလွှတ်တော်ကြီးဥပဒေအရဆိုရင် တချို့ စိုင်းကျော်ညွန့်တို့လို ပညာရှင်တွေလည်း ကျွန်တော်တို့ကို presentation လုပ်ထားတာတွေ ရှိတယ်။ ဘာလို့လဲဆိုရင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၆၄ ယောက်ရှိတယ်။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်ခေါ်တဲ့အချိန်မှာ အစည်းအဝေး ပထမနေ့မှာ သူက ၇၅ ရာခိုင်နှုန်းပြည့်ရမယ် လွှတ်တော်ကိုယ်စားလှယ်က။ မပြည့်ဘူးဆိုရင် လည်းပဲ ဒါကိစ္စမရှိဘူး၊ လွှတ်တော်ကို ခေတ္တရပ်ဆိုင်းပြီးတော့ ဒုတိယနေ့အစည်းအဝေးကို ထပ်ခေါ်လို့ရတယ်။ ဒုတိယနေ့ခေါ်တဲ့အချိန်မှာ ၅၀ ရာခိုင်နှုန်းတော့ပြည့်ရမယ်။ ၅၀ ရာခိုင်နှုန်းမပြည့်ခဲ့ဘူးဆိုရင်တောင်မှ တတိယအကြိမ် ၆၆၄ ဆိုရင် ၂၂၂ ယောက်ပဲလိုမယ်။ အဲဒီ ၂၂၂ ယောက်ပြည့်ဖို့က လွယ်လွယ်လေး။ သူက အရပ်သားလွှတ်တော်ကိုယ်စားလှယ်က နည်းနည်းလေးပဲလိုမှာ။ သူတို့ကိုယ်တိုင်ယူထားတဲ့ ၂၅ ရာခိုင်နှုန်းယူထားတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က ၁၆၆ ယောက်လား သူတို့အဲလိုရှိနေတာကိုး။ ဆိုတော့ ၂၂၂ ယောက်ပြည့်ဖို့က တစ်ယောက် ၅၀ ကျော်လောက်ပဲလိုမှာ။ ဆိုတော့ ကျွန်တော်ထင်တယ် အခုတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သူတို့ရွေးကောက်ပွဲလုပ်မယ်၊ ပြည်နယ်တွေမှာလည်း လုပ်မယ် ဘာညာဆိုတာက သူတို့ရဲ့ legitimacy ကိုမြှင့်တင်ချင်လို့ သူတို့လုပ်တဲ့သဘောပဲ။ ပြည်ထောင်စုလွှတ်တော်ကျင်းပတဲ့အခါမှာလည်းပဲ အတိုက်အခံပါတီတွေအနေနဲ့ ပါတီပေါင်း ၄၀ ကျော်ဝင်ပြိုင်တာတို့၊ အနိုင်ရတဲ့အခါမှာလည်းပဲ တချို့တိုင်းရင်းသားပါတီတွေ ဘက်ကလည်း အနိုင်ရတယ်တို့၊ လွှတ်တော်ထဲမှာလည်း ဒီတိုင်းရင်းသားရိုးရာဝတ်စုံတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ပြမှာပေါ့။ တကယ်တမ်းကျရင်တော့ ဒီရန်ကုန်လိုမျိုး၊ မန္တလေးလိုမျိုး၊ နေပြည်တော်လိုမျိုး ကွက်ပြီးတော့ ကျင်းပရင်တောင်မှ ပြည်ထောင်စုလွှတ်တော်က အလုပ်လုပ်လို့ရတယ်။ အဲဒီသဘောပါပဲဆရာ၊ ဟုတ်ကဲ့။ ကျေးဇူးပါ။
ဆလိုင်း ဒိုခါရ်၊ – ဪ ဒါပေမဲ့ တစ်ဖက်မှာက အခုဒီရွေးကောက်ပွဲကို ထောက်ခံဖို့စောင့်ကြည့် နေတဲ့ အဖွဲ့အစည်းတွေဖြစ်စေ၊ တစ်ဖက်မှာ ဒါ စိုးရိမ်တကြီးနဲ့ကိုစောင့်ကြည့်နေတဲ့ နိုင်ငံတကာအဖွဲ့ နိုင်ငံတကာအစိုးရတွေဖြစ်စေပေါ့နော်။ ပြည်သူတွေက ဒါ ဆန့်ကျင်မှု များပြီးတော့မှ ဥပမာ မဲပေးနိုင်တဲ့သူ ဆယ်သန်းရှိတဲ့နေရာမှာ မဲပေးတဲ့သူက တစ်သန်းတောင် မပြည့်တဲ့ဟာမျိုးဆိုရင် အဲဒီစစ်ကောင်စီက ဒီရွေးကောက်ပွဲကနေတစ်ဆင့် အနည်းငယ်မျှ သော တရုတ်၊ အိန္ဒိယလိုဟာမျိုးဆီကနေ ရွေးကောက်ပွဲရလဒ်ထောက်ခံဖို့ဆိုတဲ့ မျှော်မှန်းချက် ကို သက်ဆိုင်ရာနိုင်ငံက ထောက်ခံရဲပါ့မလား။ အဲဒီတော့ ဒီဟာကို ဆန့်ကျင်နိုင်ဖို့အတွက် စစ်ကောင်စီကျင်းပတဲ့ ရွေးကောက်ပွဲကို အရှက်ကွဲအောင် ပြည်သူတွေအနေနဲ့ လုပ်လို့ရမယ့် နည်းလမ်းရှိမလား။
Salai Saw Mya – ကျွန်တော်ကတော့ အဲဒီလိုတော့မထင်ဘူးဆရာ။ သူတို့က ၂၀၂၁ စအာဏာသိမ်း ကတည်းက နိုင်ငံတကာထောက်ခံမှု တစ်နိုင်ငံမှမရှိဘဲနဲ့ သူတို့ရပ်တည်နေတာ ဒီနေ့ဒီနေ့အထိ ပဲလေ။ တရုတ်ကတော့မှ ကျွန်တော်ထင်တယ် ပေါ်ပေါ်တင်တင်ထောက်ခံတာမျိုးမှ မဟုတ်ဘဲ ဒါပေမဲ့ အရင်အစိုးရဟောင်းလက်ထက်က ရှိထားတဲ့ ဒီ MoU ထိုးထားတဲ့ project လေးတွေလုပ်နေတယ်။ အာဆီယံဘက်ကလည်း အဲလိုပဲသွားတယ်။ ကျွန်တော်တို့ အိန္ဒိယဘက်ကလည်း အဲလိုပဲသွားတယ်။ အဲလိုမျိုးမြင်နေတယ်။ ဒါပေမဲ့ ခက်တာက အခုရွေးကောက်ပွဲလုပ်မယ်ဟေ့ဆိုရင် ထားပါတော့ အာဆီယံဘက်က သဘောတူထားတဲ့ consensus လို့သုံးသလား။ အဲဒါမျိုးနဲ့လည်းသွားညိနေတာကိုး။ ဆိုတော့ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ဘယ်သူမှရွေးကောက်ပွဲကိုဆန့်ကျင်မှာဆိုတဲ့ ဘက်မှာတော့ ရှိမှာမဟုတ်ဘူး ကျွန်တော်ထင်တယ်နော်။ ဆိုတော့ ရွေးကောက်ပွဲလုပ်ပါဟေ့ဆိုရင်တော့ သူတို့ဘက်ကပြောမှာက All Inclusive ဖြစ်အောင် ဒီ stakeholder တွေစုံအောင်၊ ဒီသူတို့ဖမ်းထားတဲ့လူတွေကိုလွှတ်ပြီးတော့ နိုင်ငံရေးပါတီ အတိုက်အခံပါတီတွေကိုလည်း ရွေးကောက်ပွဲဝင်ခွင့်ပြုဖို့ အဲလောက်ပဲသူတို့ပြောမှာ။ ဒါပေမဲ့ ဒီဘက်ကအာဏာရှင်ရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်းပဲ ပြစ်မှုဥပဒေတစ်ခုခုနဲ့ တရားစွဲဆိုထားတဲ့ဟာတွေဖြစ်နေတာကိုး။ ဆိုတော့ သူတို့မလွှတ်ပေးဘူးဆိုရင်လည်း ဘာမှတတ်နိုင်မှာမဟုတ်ဘူး။ ဆိုတော့ ပြောရမယ်ဆိုရင် မေးခွန်းအဟောင်းတွေကိုပဲ ကျွန်တော်တို့ပြန်ဖြေရမှာပေါ့။ အဲဒီအပေါ်မှာ ကျွန်တော်တို့က ဆန့်ကျင်တယ်ဆိုရုံနဲ့တော့ ကျွန်တော်တို့တော်လှန်ရေးအင်အားစုက ရွေးကောက်ပွဲကိုမလိုလားတဲ့လူဖြစ်မယ်ဆိုတဲ့ပုံရိပ်ဖော်တာမျိုးလည်း ခံရလိမ့်မယ်။ ဒါပေမဲ့ ဒီဘက်မှာလည်းပဲ အခုထိကတော့ ဒီငါးနှစ်ထဲမှာရောက်လာပြီဆိုပေမယ့် တစ်လုံးတစ်ဝတည်း ဖြစ်နေတာမျိုးတော့ မဟုတ်ဘူးဆရာနော်၊ ကျွန်တော်တို့ဘက်မှာ လည်းလေ။ ကွဲပြဲလေးတွေ တော့ အများကြီးရှိတယ်။ အဲဒီအကွဲအပြဲကို စုစုစည်းစည်းနဲ့သွားဖို့လို့ပြောတဲ့ ပညာရှင်တွေရှိပေမယ့်လည်းပဲ ဘယ်လိုသွားကြမယ်ဆိုတဲ့ဟာမျိုးတော့ မဖော်ဆောင်နိုင်ဘူး။ ဒီတစ်နိုင်ငံလုံးမှာရှိတဲ့တော်လှန်ရေးအင်အားစုကိုမပြောနဲ့ ကျွန်တော်တို့ချင်းအတိုင်းအဝိုင်း မှာတောင်မှ အခုထိအဆင်မပြေဘူးလေနော်။
ဆလိုင်း ဒိုခါရ်၊ – ဟုတ်ကဲ့၊ စောနကဒီဆရာပြောတဲ့အထဲမှာလည်း ကိုယ်တွေဘက်က အားနည်းချက်တွေလည်း ဒီဟာကွက်အကြီးကြီးလည်းရှိနေတဲ့အခါကျတော့ ဆိုရင် စစ်ကောင်စီဘက်ဆိုရင်တော့ သူ့ဟာသူအနေနဲ့ သူခင်းထားတဲ့လမ်းကတော့ ဟိုကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူလျှောက်နိုင်အောင်၊ ဖောက်နိုင်တော့မယ်ဆိုတဲ့ သေချာသလောက် ရှိတဲ့အနေအထားဖြစ်မှာပေါ့နော်။ ဆိုရင်ဒါ စစ်ရေးပိုင်းအရ စစ်ကောင်စီကဒီထက်မက အရမ်းလည်းမတိုးနိုင်ဘူးဆိုရင်တောင်မှ နိုင်ငံရေးအပိုင်းအရက ဟိုအင်္ကျီချွတ်ပြီးတော့မှ လှည့်ပြီးတော့မှ ပုံစံတစ်မျိုးနဲ့ ဒါအစိုးရဖွဲ့တာ၊ ဖွဲ့တဲ့ဟာမျိုးဖြစ်လာနိုင်ခြေရှိတယ်ဆိုတော့ ကျွန်တော်တို့တွေ ဘာတွေသတိထားဖို့လိုမလဲ တော်လှန်ရေးအင်အားစုတွေအနေနဲ့။
Salai Saw Mya – အခု စစ်ကောင်စီက ရွေးကောက်ပွဲကနေ အစိုးရတစ်ရပ်ဖွဲ့လာနိုင်ပြီဆိုရင် တစ်စုံတစ်ရာဒီ legitimacy ကတော့ သူတို့ရသွားနိုင်တာပဲ။ နောက်ပြီးတော့ အခုထောက်ခံမှု မလုပ်ဘူးဆိုတဲ့ နိုင်ငံတကာတချို့နိုင်ငံတွေကလည်းပဲ ရွေးကောက်ပွဲနဲ့လာတဲ့အစိုးရမို့လို့ သူတို့ဘက်ကလည်း နှစ်နိုင်ငံဆက်ဆံဖို့ လမ်းသာသွားတဲ့သဘောမျိုးတို့ ဖြစ်မယ်။ ဆိုတော့ ဒီဘက်တော်လှန်ရေးအင်အားစုဘက်ကဆိုရင် NUG အစိုးရအနေနဲ့ ဒီနိုင်ငံတကာမျက်နှာစာ မှာ သံခင်းတမန်ခင်းမျက်နှာစာမှာတော့ ဒီထက်ပိုပြီးတော့ ယှဉ်ပြိုင်ရုန်းကန်ရလိမ့်မယ် ထင်တယ်။ ဒီထက်ပိုမလုပ်နိုင်ဘူးဆိုရင်တော့ ဟိုးအရင် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘဲနဲ့ အာဏာမလွှဲပေးဘဲနဲ့ ၉၃ ပြောင်းလဲပေါ့နော်။ အဲဒီတုန်းကလည်း NCGUB ဆိုပြီးတော့ လုပ်ခဲ့တာပဲ။ ဆိုတော့ အဲလိုမျိုးရေရှည်မှာ ငိုင်ပြီးတော့လည်း အရှေ့မတိုး၊ အနောက်မဆုတ် တော်လှန်ရေးအုပ်စုတွေအချင်းချင်းကြားမှာလည်းပဲ ဟိုတစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှုတွေ တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်လာပြီးတော့ အဲလိုမျိုးဖြစ်သွားမှာကို ကျွန်တော်ကစိုးရိမ်တာ။ မဖြစ်စေချင်ဘူးပေါ့။ အခုဆိုရင် တော်လှန်ရေးအင်အားစုဘက်မှာလည်းပဲ ဘယ်အင်အားစုက တကယ့် institution ကျကျနနနဲ့ ခိုင်ခိုင်မာမာနဲ့လုပ်လုပ်နေတယ်ဆိုတာ အခုတော့ ကျွန်တော်တို့တဖြည်းဖြည်းနဲ့ အဖြေပေါ်နေပြီပဲ။ အဲဒီဟာကို ဦးဆောင်ဦးရွက်ပြုတဲ့လူ၊ အဲဒီခေါင်းဆောင်တွေလည်းပဲ စကားပြောထားဆိုထားတာတော့ရှိကောင်းရှိနိုင်တယ် ကျွန်တော်တို့သာမသိတာလေ။ ဆိုတော့ အဲလိုမျိုးဆိုရင်တော့ နေလား၊ ငါလား parallel သွားနိုင်တဲ့ အင်အားအဖြစ်ရှိ ဖို့တော့လိုတာပေါ့။ အဲဒီအပိုင်းကိုတော့ ကျွန်တော်တို့နည်းနည်းသတိထားရလိမ့်မယ်။ NUG အနေနဲ့က ဒီတော်လှန်ရေးအင်အားစုတွေကို သူဘယ်လောက်ထိစုစည်းနိုင်သလဲဆိုတဲ့ ဟာအရေးကြီးပါလိမ့်မယ်။ အခုက NUG လက်အောက်မှာရှိတဲ့တော်လှန်ရေး အင်အားစု ရှိတယ်။ EAO တွေလက်အောက်မှာရှိတဲ့တော်လှန်ရေးအင်အားစုတွေရှိတယ်။ EAO ရဲ့လက်အောက်မှာမရှိတဲ့ဟာရယ်၊ NUG ရဲ့လက်အောက်မှာမရှိတဲ့တော်လှန်ရေးအင်အားစု အဲဒီလက်နက်ကိုင်ထားတာတွေလည်း အများကြီးရှိတယ် အဲလိုကွဲပြဲတယ်လေ။ အဲဒါတွေကို ဘယ်လိုစုစည်းနိုင်မလဲဆိုတဲ့ဟာနဲ့ပဲ စကားပြောဖြစ်လိမ့်မယ်ထင်တယ်။
ဆလိုင်း ဒိုခါရ်၊ – ဒီ NUG ကလည်း တော်လှန်ရေးအင်အားစုတွေနဲ့ တချို့နဲ့ဆွေးနွေးနေပြီဆိုတဲ့ ဒီပုံရိပ်တချို့ကိုလည်း ဖော်ပြနေတဲ့ဟာတွေ ကျွန်တော်တို့တွေ့ရတယ်။ သို့သော် NUG မှာရော ပြောင်းလဲမယ်ဆို လူပြောင်းဖို့လိုတာလား၊ မူပြောင်းဖို့လိုတာလား၊ ဘာပြောင်းဖို့လိုတာလဲ။ ဆရာ့အနေနဲ့ ဒါတကယ့်ပွင့်ပွင့်လင်းလင်း သုံးသပ်ပေးပါဦးခင်ဗျာ။
Salai Saw Mya – တကယ့်တကယ် ဦးဆောင်ဦးရွက်ပြုတဲ့ပုဂ္ဂိုလ်တွေကလေ သူတို့ Federal တို့၊ Democracy တို့သာပြောနေတာ။ ပါးစပ်ကနေပြောနေတာနော်။ အဲဒီပြောတာက ဒီဒီမိုကရေစီတို့ရဲ့ အနှစ်သာရတွေ၊ Federal စနစ်တွေရဲ့ အနှစ်သာရတွေ၊ Federal ဆိုင်ရာ အစီအမံတွေကို နှစ်နှစ်ကာကာယုံကြည်ပြီးတော့ ပြောတာမဟုတ်ဘူး။ ပြည်သူလူထု အကြိုက်ကို လျှောက်ပြောနေတာသူတို့က။ ဆိုတော့ သူတို့တွေက ပါးစပ်ကနေပြောပြီးတော့ တကယ်လက်တွေ့လုပ်တဲ့အခါမှာ ဆန့်ကျင်တာကြီးပဲဖြစ်ဖြစ်ဖြစ်နေတယ်လေ။ Federal ဆိုလည်း သူတို့ Federal ပုံဖော်မယ်ဆိုရင် ဘယ်ကနေစပြုပြင်ပြောင်းလဲရမလဲ ဆိုတာစို့ ဘာတို့က သူတို့အခုသွားနေတဲ့ဟာနဲ့ အခုငါးနှစ်ပြည့်ပြီ အဖြေပေါ်ပြီ။ နောက်ပြီးတော့ တချို့ခေါင်းဆောင်တွေရဲ့ အင်တာဗျူးတွေပြောတာနားထောင်တာလည်း နားထဲမှာ ကန့်လန့်ကန့်လန့်ဖြစ်တယ်။ ဆိုတော့ အဲဒီသဘောထားတွေကို ကျေကျေလည်လည် ကျွန်တော်တို့သိဖို့လိုတယ်။
ဆလိုင်း ဒိုခါရ်၊ – ဆိုရင်ဒါကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဒါစစ်ကောင်စီ လုပ်သမျှကို ဆန့်ကျင်တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပိုပြီးတော့ ကျစ်လစ် အောင်လုပ်ပြီးတော့မှ အနိုင်တိုက်ရင်တိုက်ဆိုတဲ့ ပုံစံမျိုးသွားမှသာလျှင် ကိုယ့်လမ်း ကြောင်းကသန့်မယ်ဆိုတဲ့သဘောမျိုးလား။ ကျွန်တော်တို့တွေဘယ်လိုသွားကြမလဲ။ NUG ကိုပြင်ပြီးတော့မှ သွားမလား သို့မဟုတ် ဒီအတိုင်းပဲ တစ်ယောက်တစ်ပေါက်စီတိုက်ကြ မလားပေါ့ တော်လှန်ရေးအင်အားစုတွေအတွက် ဘာနည်းလမ်းကျန်တာလဲ။
Salai Saw Mya – NUG နဲ့ stakeholder တွေတော်တော်များများပါပြီးတော့ ဆွေးနွေးထားတဲ့ ဟာတော့ရှိတယ် Charter လေးတော့ရှိတယ်။ ဆိုတော့ အဲဒီ Charter အတိုင်းကို သွားနေ သလား၊ မသွားတော့ဘူးလားဆိုတာလည်း ကျွန်တော်လည်း နောက်ပိုင်းကဃနဏ မသိတော့ဘူး။ ဆိုတော့ အဲဒီ Charter ကိုလည်းပဲ တော်လှန်ရေးအင်အားစုဘက်က အကုန်လုံးကရော၊ ဒါမှမဟုတ် တော်လှန်ရေးအင်အားစုအဖွဲ့အစည်းထဲမှာမပါတဲ့ ကျွန်တော်တို့ပြည်တွင်းနိုင်ငံရေးပါတီအင်အားစုတွေရှိသေးတယ်။ သူတို့အဲဒီအင်အားစုတွေက တော်လှန်ရေးထဲမှာ ထဲထဲဝင်ဝင်တော့သူတို့ဒီဘက်ကိုပါမလာဘူး။ သူတို့ နိုင်ငံရေးပါတီရဲ့ မူဝါဒရပ်တည်ချက်တွေနဲ့ သူတို့ခိုင်ခိုင်မာမာနေတယ်။ ဒါပေမဲ့ စစ်ကောင်စီ အာဏာ သိမ်းတာကိုတော့ သူတို့လည်းသဘောမကျဘူးပေါ့။ အဲဒီဟာမျိုး အဲဒီအင်အားစုလေးတွေရှိ တယ်။ ဆိုတော့ အဲဒီအင်အားစုတွေနဲ့ရော အဲဒီ Charter က သဘောမျှကြပြီလားဆိုတာ တွေကို။ နောက်ပိုင်းမှာ တဖြည်းဖြည်းမှေးမှိန်သွားတယ်ထင်တယ်။ အရင်တုန်းကတော့ Charter၊ Charter၊ Charter ဆိုပြီးတော့ အားကောင်းမောင်းသန်နဲ့ သွားလာတယ်၊ သွားနေတယ်။ အဲဒီ Charter မှာသဘောတူထားတဲ့ဟာကို တစ်ဆင့်ချင်း၊ တစ်ဆင့်ချင်း road map လိုမျိုးပေါ့နော်။ အဲဒီလိုမျိုးတကယ်လုပ်နိုင်ခဲ့သလားဆိုတာတော့ ကျွန်တော်လည်း နောက်ပိုင်း လက်လှမ်းမမှီဘူးပေါ့။ အခု အဲဒီ Charter အတိုင်း၊ အဲဒီ road map အတိုင်းမှာ သူတို့ရှိနေတာ ရှိနေသေးတာလား ဒါမှမဟုတ် သူတစ်လူငါတစ်မင်းဖြစ်နေပြီလားပေါ့။ ကျွန်တော်မြင်သလောက်ဆိုရင် NUG ကလည်း NUG သူ့ဟာသူလုပ်နေတယ်၊ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က EAO တွေလည်းပဲ သူ့ရဲ့မူဝါဒနဲ့ သူရပ်တည်ပြီးတော့ လှုပ်ရှားနေတယ်ပေါ့။ ဆိုတော့ အဲဒီအင်အားစုတွေ တွေ့ဆုံဆွေးနွေးပွဲတွေလုပ်တာလည်းပဲ ရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ ဘုံသဘောတူညီချက်လိုမျိုး၊ ဘုံရပ်တည်ချက်လိုမျိုး၊ ဘုံသဘောထားလိုမျိုး အဲလိုထုတ်ပြန်တာတော့ မတွေ့သေးဘူးပေါ့နော်။ အဲဒါတွေတော့ လိုလိမ့်မယ်ထင်တယ်။ ကျွန်တော်ထင်တယ် တကယ့်နိုင်ငံရေးလမ်းကြောင်းပေါ်မှာ သွားမယ်ဆိုရင်တော့ ဘယ်လိုခေါ်မလဲ ကျွန်တော်တို့နိုင်ငံရဲ့ဒီနှစ်ပေါင်း ၇၀ ကျော် လိပ်ခဲတည်းလည်းဖြစ်နေတဲ့ ဒီပဋိပက္ခတွေကိုတော့ အခုတစ်ကြိမ်မှာ ကျွန်တော်တို့ ဖြေရှင်းအောင်လုပ်ရမယ်ထင်တာပဲဆရာ။ ဒီတစ်ခေါက်လည်းမဖြေရှင်းနိုင်ဘူးဆိုရင်တော့ မလွယ်ဘူး အဲဒီပြဿနာက တော်တော်အမြစ်အမြစ်တွယ်နေပြီ။
ဆလိုင်း ဒိုခါရ်၊ – အဲဒီအထဲမှာ ကျွန်တော်ဒါ တစ်ခုမေးခွန်းချိန်းပြီးပြန်ခုန်ချင်တာက တကယ်လို့ တော်လှန်ရေးအဆုံးစွန်ထိသွားမယ်ဆိုရင်လည်း ချင်းတွေကညီညွတ်ကြရဲ့လား။ ကျွန်တော် ပြောချင်တာ ချင်းတွေအနေနဲ့ ဘာ အခုအချိန်မှာကိုယ့်ရဲ့ဟာကွက်ကို ဘယ်လိုပြန်သုံးသပ် သင့်ပြီလဲ။ ဘာတွေပြင်ဆင်ထားဖို့လိုနေပြီလဲ ချင်းတွေ။
Salai Saw Mya – ကျွန်တော်တို့ချင်းတွေ ညီညွတ်အောင်လုပ်ရမယ်ဆိုတဲ့ဟာမျိုး အစီအမံ လေးတွေအဆင့်ထိတော့ ကျွန်တော်တို့ဆွေးနွေးသင့်တယ်ထင်တယ်။ ကျွန်တော်တို့ stakeholder တွေကြားမှာလေ။ ကျွန်တော်တို့ချင်းတွေက တစ်မျိုးသားလုံး သွေးစည်း ညီညွတ်ရေးအတွက်ကို ဘယ်အဖွဲ့ကဦးဆောင်မလဲ၊ ဘယ်သူကလုပ်မလဲဆိုတာထက်ကို ဘယ်လိုအစီအမံတွေနဲ့ လုပ်သင့်သလဲဆိုတဲ့ဟာမျိုးတို့ ဆွေးနွေးသင့်တယ်ထင်တာပဲ။ အဓိကကတော့ ကျွန်တော်ထင်တယ် အခုမြို့နယ်အစွဲတွေ၊ မျိုးနွယ်စုအစွဲတွေ နည်းနည်းကင်းတဲ့ လူငယ်ပိုင်းကဦးဆောင်ရင် ပိုကောင်းလိမ့်မယ်ထင်တယ်ဆရာ။ ဒီ ပလက်ဝအရေးနဲ့ပတ်သက်ပြီးတော့လေ တခြားလူငယ်ခေါင်းဆောင်တွေနဲ့ ကျွန်တော် ပြောဖူးတာရှိတယ်။ ကျွန်တော်တို့က ဒီပလက်ဝအရေးကို တစ်ချိန်ချိန်မှာ ကိုယ့်ရဲ့စီမံခန့်ခွဲမှု အောက်မှာထားဖို့အတွက်ကို အစီအမံလေးအခုကတည်းက ရှိသင့်တယ်လို့။ ဘယ်အချိန်မှာ တော့ ကျွန်တော်တို့ ဘယ်ဘယ် stakeholder နဲ့စကားပြောမယ်၊ ဘယ်အချိန်မှာတော့ ကျွန်တော်တို့စီမံခန့်ခွဲမှုအောက်မှာထားမယ်၊ အဲဒီစီမံခန့်ခွဲမှုအောက်မှာထားတဲ့ အချိန်မှာ ကျတော့ ဘယ်လိုအစီအမံနဲ့သွားမယ်ဆိုတာမျိုးလေ။ အခုက အဲဒီအစီအမံကိုပြောတဲ့ ဟာမျိုးတော့ ကျွန်တော်တစ်ခါမှမကြားဖူးဘူး။ ချင်းအမျိုးသားညီညွတ်ရေးအတွက်လည်းပဲ အဲလိုမျိုးပဲ။ ဒီညီညွတ်သင့်ပြီဆိုတဲ့ဟာပြောတာတော့များတယ်။ ဪ ညီညွတ်ရမယ်တို့၊ ဒီအချိန်မှာ စည်းလုံးရမယ်တို့၊ မဟုတ်ရင် ဘယ်လိုအန္တရာယ်ရှိတယ်လို့ အဲလိုပြောတာ တော့များတယ်။ ဒါပေမဲ့ တစ်ဆင့်ချင်းဘယ်လိုသွားရမယ်ဆိုတဲ့ဟာမျိုး အစီအမံကိုပြောတာ တော့ရှားတယ်။ ကျွန်တော်ထင်တယ် အဲလိုပြောဖို့လည်းအခွင့်မသာကြဘူးထင်တယ်နော်။ ဥပမာ ကျွန်တော်တို့လိုလူမျိုးပြောရင်လည်း သူက CC ကဆိုပြီးတော့ ဒီဦးထုပ်တွေ၊ အရောင်တွေကို တစ်ခါတည်းပေးစားလိုက်တာကိုး ကျွန်တော်တို့က။ သူဘာပြောမလဲ ဆိုတာကို နားမထောင်တော့ဘူးလေနော်။ အဲဒါပဲလိုမယ်ထင်တယ်ဆရာ။
ဆလိုင်း ဒိုခါရ်၊ – ဒါဆိုတော့ တခြားနိုင်ငံတကာအဖွဲ့အစည်းတွေ၊ CMI ဆိုတဲ့အဖွဲ့တွေကလည်း ချင်းနှစ်ဖက်ကို ဒါစကားပြောကြည့်တဲ့ဟာရှိခဲ့ဖူးတယ်ပေါ့နော်။ ဒါပေမဲ့ အခုအဲဒီ CMI ရဲ့ခြေလှမ်းကတော့ တစ်ခန်းရပ်တန့်နေသလိုတော့ဖြစ်တယ်။ ဆိုတော့ စောနကဒီ ဘာကြောင့်ကျွန်တော်တို့ဆွေးနွေးထားဖို့လိုသလဲ။ အခုအချိန်မှာ တစ်ခုခု Ready မဖြစ်ဘူးဆိုရင် ချင်းအရေးအနာဂတ်အတွက် ဘာတွေစိုးရိမ်စရာတွေဖြစ်သလဲ။ နောက် ဒီပြည်သူတွေရဲ့မရှိမဖြစ်လိုအပ်နေတဲ့ Public Service အပါအဝင် နေ့စဉ်စီးပွားရေး၊ လူမှုရေးအတွက် လိုအပ်တဲ့ဟာတွေအတွက် အခုအချိန်မှာ ကျွန်တော်တို့ဒီတိုင်း ဆက်သွားတယ်ဆိုရင် ဘယ်လောက်အန္တရာယ်ရှိသလဲ။
Salai Saw Mya – အခုက တချို့ပုဂ္ဂိုလ်တွေပြောတာရှိတယ်။ Pre-ပင်လုံကိုပြန်ရောက်နေပြီပေါ့။ ၁၉၄၆၊ ၄၇ ကာလကိုပြန်ရောက်နေတယ် အဲလိုသုံးသပ်တာရှိတယ်။ မှန်သင့်သလောက် လည်းမှန်တယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့က ဒီအချိန်မှာ ကျွန်တော်တို့ ချင်းအမျိုးသား တစ်ရပ်လုံးရဲ့ သဘောထားစုစည်းချက်တွေလုပ်ဖို့တော့ မဖြစ်မနေလိုတယ်။ မလိုလို့မရဘူး ဆရာ။ ဘက်ပေါင်းစုံကလိုတယ်။ စကစကဖြစ်ဖြစ်၊ NUG ကပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေနဲ့ပဲဖြစ်ဖြစ်၊ ချင်းမဟုတ်တဲ့တခြားအဖွဲ့အစည်းတွေနဲ့ ကျွန်တော် တို့စကားပြောတဲ့အခါမှာ ချင်းကိုကိုယ်စားပြုပါတယ်ဆိုတဲ့ဟာမျိုး ကျွန်တော်တို့အခုထိ မရှိဘူး။ မရှိတော့ တချို့ဟာတွေကပိုကြိုက်တယ်။ ဒီလိုမျိုး Solid ဖြစ်နေတဲ့အဖွဲ့အစည်း မရှိတာကို ပိုကြိုက်တာကိုး။ သူက တစ်ဖွဲ့ချင်းတွေပဲစကားပြောမယ်ဆိုတာမျိုးလေ။ ဆိုတော့ အဲဒါမျိုးလိုဖို့လိုတယ်။ အခုလည်းလုပ်နေကြတာပဲ ကျွန်တော်တို့ ၂၀၂၁ ကတည်းကလာတယ် တချို့အမျိုးသားခေါင်းဆောင်တွေ၊ ထားပါတော့ ကျွန်တော်တို့ထိပ်ကခေါင်းဆောင်တွေ စုစည်းပြီးတော့ အားလုံးချင်းကိုကိုယ်စားပြုပြီးတော့ ကိုယ်စားပြုတဲ့သဘောမျိုးနဲ့ အဖွဲ့အစည်းတွေလုပ်ကြတယ် လုပ်ကြတယ် ဒါပေမဲ့ တကယ်တမ်းကျတော့ ကိုယ်စားမပြုနိုင်ဘူးပေါ့ ကိုယ်စားမပြုနိုင်ဘူးတော့ အဖွဲ့ကွဲဖြစ်ဖြစ်ဖြစ်ရှိနေတာပေါ့။ ဆိုတော့ အဲဒီအဖွဲ့ကွဲဖြစ်ဖြစ်ဖြစ်နေတဲ့ဟာလည်းပဲ နိုင်ငံရေး Ideology တစ်ခုမှာအခြေခံသလားဆို တော့ မဟုတ်ပြန်ဘူး။ အခုအချိန်မှာ ကျွန်တော်တို့ချင်းထဲက တခြားအဖွဲ့အစည်းတွေက ဒီသူတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို ပြောင်းကောင်းပြောင်းနိုင်နိုင်တယ်။ ဒါပေမဲ့ ၂၀၂၁ ဝန်းကျင်မှာဆိုရင် ကျွန်တော်သိရသလောက်ဆိုရင် ဒီ Federal Democracy ပြည်ထောင်စုပဲ။ ဒီပြည်ထောင်စုထဲမှာ ကျွန်တော်တို့အတူတကွနေမယ်၊ တစ်စုံတစ်ရာကိုယ်ပိုင်ပြဌာန်းခွင့် ပြည့်ဝတဲ့ ပြည်နယ်တစ်ခုအနေနဲ့ရပ်တည်မယ်။ အဲ့လောက်ကိုပဲဦးတည်နေကြတာ။ ဦးတည်ချက်ချင်းတော့ နိုင်ငံရေး Ideology တို့ခေါ်ခေါ် အဲဒီဦးတည်ချက်ချင်းတို့တူတယ်။ ဒါပေမဲ့ အဲဒီဦးတည်ချက်ကိုလျှောက်လှမ်းတဲ့အခါမှာ အစီအမံလေးတွေက အဆီအငေါ် မတည့်တဲ့အပေါ်မှာမူတည်ပြီးတော့ ကျွန်တော်တို့ကမတည့်ကြတာ ပြဿနာက။ ဆိုတော့ အဲဒီအစီအမံလေးတွေကို အစီအငေါ်တည့်နိုင်အောင်ညှိနိုင်ဖို့က အဲဒီအထဲမှာပါဝင်တဲ့ stakeholder တွေ၊ ဒီပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ဆိုင်လိမ့်မယ်။ သူတို့သဘောထားတွေအများကြီး ဆိုင်လိမ့်မယ်။ ဆိုတော့ ကောက်သင်းကောက်ရရင်တော့ လူနဲ့ဆိုင်တယ်ဗျ ကျွန်တော် အဲဒီလိုပဲမြင်တယ်။
ဆလိုင်း ဒိုခါရ်၊ – ဆိုတော့ အခုအချိန်မှာ ကျွန်တော်တို့ သုတေသနအဖွဲ့အစည်းတချို့မှတ်တမ်းနဲ့ ကျွန်တော်တို့ရဲ့ အချက်အလက်တွေ့ရှိချက်တချို့ကိုပြောမယ်ဆိုရင် ချင်းမှာဆိုရင် CHROရဲ့ ဒေတာအရ သုံးပုံတစ်ပုံလောက်က စစ်ဘေးရှောင် သို့မဟုတ် နေရာရွှေ့ပြောင်းပေါ့နော်။ စစ်ရှောင်နေရတဲ့အခြေအနေဖြစ်တယ်။ ဒါအင်မတန်မှကိုထိတ်လန့်စရာကောင်းတဲ့ အချက်လည်းဖြစ်တယ်။ နောက်ပြီးတော့ ဒီ CDM အင်အားတွေဆိုရင်လည်းပဲ ဒါတကယ့်ကို မီးမောင်းထိုးပြပြီးတော့မှ အခုအချိန်မှာ Public Service ပြိုလဲနေတဲ့နေရာဟာမျိုးဆိုရင်လည်း တကယ့်ကို ကျယ်ပြန့်နေတာ။ ဟားခါးမြို့ပေါ်ကလွဲပြီးတော့မှ ကျန်တဲ့နေရာက Public Service ပြိုလဲပြီးမှ တော်လှန်ရေးအင်အားစုတွေက တတ်နိုင်သလောက်လုပ်နေတဲ့ အနေအထားဖြစ်တယ်။ နောက်တစ်ဖက်မှာ လမ်းပန်းဆက်သွယ်ရေးတွေကလည်း အရင် ကတည်းကနေ ချင်းတွေ လမ်းခင်းရင် Corruption ကြောင့် Quality မကောင်းတဲ့ကြားကနဲ့ အခုအချိန်မှာဆိုရင်တော့ ဒါလမ်းပိုင်းဆိုင်ရာပျက်သုဉ်းမှုတွေ အင်မတန်များနေပြီ။ ပြီးတော့ ဘာခေါ်မလဲ ဝဥစီးပွားရေးကလည်းမတည်ငြိမ်တဲ့အခါကျတော့ တောင်ယာခုတ်တဲ့စနစ်တွေ ပြန်လုပ်လာကြတဲ့အနေအထားကျွန်တော်တို့ရောက်ပြီ။ ကုန်ဈေးနှုန်းကလည်း ဆပေါင်း များစွာတက်လာတယ်။ နောက်ဒါကျွန်တော်တို့ပြောမယ်ဆိုရင် အိန္ဒိယဘက်ကို စစ်ဘေး ရှောင်တွေဆိုရင်တော့ ချင်းသီးသန့်ကို ၆ သောင်းဝန်းကျင်လောက်ရှိမယ်။ ဒီ ၆ သောင်း ဝန်းကျင်က တကယ့်အလုပ်မလုပ်ဘဲနဲ့ ပါးစပ်ဟပြီးတော့မှ အကျွေးခံတဲ့ဟာမျိုးဖြစ်တယ်။ တကယ်ဒီတိုင်းပြောမယ်ဆိုရင်တော့ မိဘတွေကကျွေးတာရှိသလို၊ အိန္ဒိယပြည်သူတွေက ကျွေးတာရှိသလို၊ NGO တွေကလည်းကျွေးတာရှိတယ်။ ဒါပေမဲ့တစ်ဖက်မှာ စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုက အကုန်လုံးအပြင်းထူကုန်တယ်။ ဒီလူတွေ မြန်မာနိုင်ငံချင်းပြည်ပြန်ရောက်ရင် ချင်းပြည်ရဲ့ အသက်မွေးဝမ်းကြောင်းစနစ်နဲ့ကို ကိုက်ညီတော့မယ့်အနေအထားမဟုတ်ဘူး။ ဒါတွေက ကျွန်တော်တို့ချင်းပြည်အတွက် တော်တော်လေးစိုးရိမ်စရာအခြေအနေ မဟုတ်ဘူးလား။ ပညာရေးဆိုရင်လည်း ရှင်းရှင်းပြောမယ်ဆိုရင် ဘယ်အဖွဲ့အစည်းကမှ တိုက်ရိုက်ပညာရေးလစာဆရာဆရာမတွေပေးနိုင်တာမရှိဘူး။ ပြည်သူတွေက ကိုယ့်ထူ ကိုယ်ထနဲ့သင်တဲ့စနစ် အဆင့်သာသာပဲရှိတယ်။ ကျန်းမာရေးဆိုရင်လည်း ဒါကာကွယ် ဆေးစနစ်တစ်ကျမရှိတော့ဘူး။ ဒီအခြေအနေမှာ တော်လှန်ရေးအင်အားစုတွေ သဘောထား မကြီးနိုင်ကြဘဲနဲ့ ပြည်သူကိုမျက်နှာမမူနိုင်ကြတာက အရှင်းရှင်းပြောမယ်ဆိုရင် လုံးဝပြည်သူ တွေအပေါ်မှာစေတနာမရှိတာ မကြာလွန်းဘူးလား။ ကျွန်တော်တို့ဘာတွေလုပ်သင့်နေပြီလဲ။
Salai Saw Mya – ကျွန်တော်က ပထမဆုံး ၂၀၂၁ အခြေအနေကနေ လက်နက်ကိုင် အဖွဲ့အစည်းတွေ ဒီအလျှိုလျှိုပေါ်လာတဲ့အခါမှာ ကျွန်တော်မျှော်လင့်တာက CNF ကို ဒိုင်လူကြီးလိုမျိုးနေလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ခဲ့တာ။ တဖြည်းဖြည်းနဲ့ သူပါဝင်ကစားသလိုမျိုးဖြစ်နေတော့ မပြောတတ်တော့ဘူး။ ဆိုတော့ အမှန်က သူက ဖိဖိစီးစီးနဲ့ သူ့ရဲ့ရင်ခွင်ထဲကို ဆွဲသွင်းနိုင်တဲ့ ညင်ညင်သာသာနဲ့ ဆွဲသွင်းနိုင်တဲ့ policy မျိုးကို လုပ်လုပ်ဖြစ်ခဲ့မယ်ဆိုရင်တော့ အင်အားကစုစည်းမှုအင်အားကြီးတစ်ရပ်ဖြစ်လာမှာပဲ။ အခုကတော့ အဲလိုမဖြစ်နိုင်ဘူးဆိုတာ အဖြေကပေါ်နေတယ်။ နောက်ပြီးတော့ CJDC ကနေဒီဘက်ပြောင်းလာတဲ့အခါမှာ ချင်းလဲန်းကောင်စီဆိုပြီးတော့ ဖွဲ့လိုက်တယ်။ ဖွဲ့တာလည်းပဲ တချို့ဟာတွေက ကျန်နေခဲ့တယ်လေ။ အဲဒါတော်တော်ကြောက်ဖို့ ကောင်းတယ်။ ဆရာ ဆရာလည်း ဆရာ ကျွန်တော်တို့ထက်တောင် ကဃနဏ သိလိမ့်မယ်။ ဘာကြောင့်ကျန်နေခဲ့သလဲ။ ကျန်နေခဲ့တဲ့လူတွေကိုလည်း သူတို့က ဒါကြောင့်ကျန်နေ ခဲ့ပါဆိုတဲ့ဟာမျိုး အင်တာဗျူးမှာလည်း တစ်ဖက်ဖက်ကပြောပြီးဖြစ်တယ်။ ဆိုတော့ အဲဒီ အဲဒီအချက်လေးကို လိုက်လျောပေးလိုက်ရင်ရော ပိုပြီးတော့ စုစည်းဖို့မသွားဘူးလား။ လွယ်တော့ ကျွန်တော် ဒီလူတစ်ယောက်အနေနဲ့ပြောရတာတော့လွယ်တာပေါ့။ အဲလိုလိုက် လျောပေးဖို့ အဲဒီအခြေအနေကိုပြန်သွားဖို့လည်း အဖက်ဖက်ကနေ တချို့ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်ချက်တွေရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ သူ့ရဲ့ Formula အရဆိုရင် CNF က ကျွန်တော်ထင်တယ် သူ့သက်တမ်းလည်းရင့်တယ်၊ အင်အားလည်းကြီးတယ်၊ နောက်သိက္ခာရှိတဲ့ ကျွန်တော်တို့ချင်းအမျိုးသားတွေထဲမှာ သိက္ခာရှိတဲ့ပညာရှင်တွေ လည်းအများကြီးပဲ။ လိုက်လျောစရာရှိရင် သူတို့ကတော့ လိုက်လျောရမှာ သူဒါဒါသဘာဝပဲ။ ကျွန်တော်တို့အိမ်မှာတောင်မှ ညီအစ်ကိုအချင်းချင်းရန်ဖြစ်ရင်တောင်မှ အကြီးကိုပဲရိုက်တာ ကိုး အဖေအမေတွေက အဲ့ဒီသဘောမျိုးပါပဲ။ ဆိုတော့ အမှန်က အဲလိုမျိုး ချင်းတစ်မျိုးသားလုံး ကို စုစည်းဖို့ အစီအမံလေးတွေဘာတွေရေးဆွဲထားတာမျိုးရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အခုထိတော့ မမြင်သေးဘူးပေါ့လေ။ နောက်ပြီးတော့ ဆရာစောနပြောတဲ့ အဲဒီအချက်အလက်တွေကတော့ တော်တော်ကြောက်ဖို့တော့ကောင်းတယ်။ အိန္ဒိယဘက်မှာ လည်းပဲ ကျွန်တော်တို့ဒီချင်းစစ်ဘေးရှောင်တွေကို ကျွန်တော်တို့အိန္ဒိယ ကျွန်တော်တို့အိမ်နီး ချင်း ကျွန်တော်တို့ညီအစ်ကို မီဇိုးရမ်တွေလည်းပဲ welcome သိပ်ဖြစ်တဲ့ပုံတော့မဟုတ်ဘူး ကျွန်တော်တို့ရောက်ခဲ့တဲ့အခါမှာလေ။ welcome မဖြစ်ဘူး။ မဖြစ်ဘူးဆိုတာက သူတို့ရဲ့ လူနေမှု lifestyle နဲ့ ကျွန်တော်တို့ဒီဘက်ကလူနေမှု lifestyle က ကွာသွားပြီဆရာ။ အရမ်းကွာတဲ့အခါကျတော့ ကျွန်တော်တို့ကို သူတို့မြင်တာက ကျွန်တော်ထင်တယ် ပွင့်ပွင့်လင်းလင်းဒီမှာပြောရရင်တော့ ဒီမိမဆုံးမ၊ ဖမဆုံးမ သားသမီးတွေလိုမျိုး ညိုညင်တာ ပေါ့လေနော်၊ ကျွန်တော်တို့အပေါ်မှာမြင်တယ်။ အဲဒါကြောင့်မို့လို့ ဟိုဘက်မှာနေတာက လည်းပဲ ကျွန်တော်တို့အတွက် ဒုက္ခပဲ။ ကျွန်တော်စောနကတော့ CNF ခေါင်းဆောင်တွေ လို့သာပြောနေတာ။ ချင်းလက်နက်ကိုင်အဖွဲ့အစည်းပေါ့။ ကောင်စီတွေလည်းများတာကိုး ကျွန်တော်တို့ချင်းတွေက။ အဲဒီသီးသီးမှာ ဦးဆောင်ဦးရွက်ပြုနေတဲ့သူတွေကတော့ သူမှားတယ်၊ ငါမှားတယ်၊ ငါ့ဘက်ကဒီလိုပြောရတာ၊ သူကဒီလိုလုပ်တယ်၊ သူတို့ဘက်ကစတာ ဆိုတာမျိုးတွေ အင်တာဗျူးတွေမှာပြောနေတာထက် အဲဒီခေါင်းဆောင်တွေအတူတူထိုင် ပြီးတော့ ဆုံမှတ်ကိုဘယ်လိုလုပ်မလဲဆိုတဲ့ဟာမျိုး လုပ်ဖို့တော့လိုလိမ့်မယ်။ ကိုယ့်ရဲ့ ဟို ကိုယ့်မြို့နယ်စုရဲ့ Secret Agenda ကိုခဏထား၊ ကိုယ့်ရဲ့ ဒီ Personal Agenda တွေကိုခဏထားပြီးတော့ ဆရာစောနထောက်ပြတာတော်တော်ကောင်းတယ်။ IDP တွေဒီလိုဖြစ်နေတယ်။ Public Service ဆိုရင် လုံးဝပြတ်တောက်သွားပြီ။ ပညာရေးဆိုရင် လည်း ဗရမ်းဗတာဖြစ်နေပြီ။ စီးပွားရေးဆိုရင်လည်း ကုန်းကောက် စရာမရှိတော့ဘူး။ အဲဒါက အခုအချိန်မှာကျရင် ကျွန်တော်တို့က ငတ်တော့ငတ်နေတယ်၊ ဒါပေမဲ့ ဗိုက်မှောက်တဲ့ အဆင့်ထိတော့မရောက်ဘူး။ ဒါပေမဲ့ ဒီအဖြစ်အပျက်ရဲ့ရိုက်ခတ်မှုက နောင်သုံးလေးနှစ်မှာ တောက်လျှောက်အကျိုးခံစားရမှာ။ စာမတတ်ပေမတတ်နဲ့ကြီးလာတဲ့ ကလေးတွေက လူလတ်ပိုင်းအရွယ်ရောက်တဲ့အချိန်မှာ ဗရမ်းဗတာ Society လိုမျိုးကို ကျွန်တော်တို့ ကြုံကိုကြုံရမှာ။ ဆိုတော့ အဲဒီဟာတွေကိုငဲ့ပြီးတော့ Personal Interest တွေကို ခဏထား ပြီးတော့ ခေါင်းချင်းဆိုင်သင့်တယ်ထင်တာပဲ။
ဆလိုင်း ဒိုခါရ်၊ – ဟုတ်ကဲ့၊ နောက်ဆုံးပိတ်အနေနဲ့ ဒီဆရာ့ကိုအပွင့်လင်းလင်းသုံးသပ်စေချင်တာ။ ဥပမာပြောမယ်ဆိုရင် ဒီအစပိုင်းကတည်းကနေ နိုင်ငံရေးက ဒါ CJDC ကနေခွဲထွက်ပြီး ရှိလာတဲ့အချိန်မှာသာ စောနကကျွန်တော်တို့ဒီအများစုကတော့ ဒီအစ်ကိုကြီးလုပ်ရမယ့်လူက က နည်းနည်းအကိုင်အတွယ်ပုံ၊ အကိုင်အတွယ်နည်းမှားတယ်ဆိုတဲ့ CNF ပေါ့၊ လုပ်ပုံကိုင်ပုံပေါ်အားမရတဲ့ဟာမျိုးပေါ့နော်။ အားမရတဲ့ဟာမျိုးရှိတယ်။ တစ်ဖက်ကဒီလိုမှား တယ်ဆိုရင် တစ်ဖက်ကမှန်တာလုပ်မယ်ဆိုတဲ့ဟာမျိုးမဟုတ်ဘဲနဲ့ အခုအချိန်မှာကျွန်တော်တို့ ကြည့်မယ်ဆိုရင် CC ကလည်း အချင်းချင်း Statement ဟာမျိုး အပြန်အလှန်ထုတ်တဲ့ ဟာမျိုးကြည့်မယ်ဆိုရင် မင်းတို့ကပစ်တယ်ဆိုရင် ငါတို့လည်းပစ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ကို တိုက်ရိုက်အမှားပြိုင်သလိုပေါ့နော်။ အားနည်းချက်ပြိုင်သလိုလို ဖြစ်မနေဘူးလား။ ကျွန်တော်တို့ ဥပမာ CC ဘက်ကလုပ်ပုံကိုင်ပုံမှားနေတဲ့အချိန်မှာ CB ဘက်ကလုပ်ပုံ ကိုင်ပုံမှန်အောင်လုပ်ပြီးတော့မှ ပြည်သူတွေကိုဆွဲဆောင်လို့မရဘူးလား။ CB ဘက်က အနည်းငယ်မှားနေတဲ့အချိန်မှာ CC ဘက်ကလုပ်ပုံကိုင်ပုံမှန်အောင်လုပ်ပြီးတော့မှ ပြည်သူကို ဆွဲဆောင်လို့မရဘူးလား။ အမှန်ပြိုင်ရင်တောင်မှ အမှန်ဘက်ချင်းပြည်ကို အကောင်းဘက် ကိုဦးတည်စေမယ့်ဟာမျိုးနဲ့ပြိုင်လို့မရဘူးလား။ ဒီအပေါ်မှာရော ဘယ်လို အလုပ်အဖော် ကိုင်ဖက်တွေကို ပြောချင်တာလဲ။
Salai Saw Mya – နှစ်ဖက်စလုံးကတော့ ဒီအစီအမံတွေရှိထားဖို့လိုပါတယ်။ အဓိကကတော့ အဲဒါပါပဲ။ CB ဘက်ကလည်း ဒီနှစ်ပိုင်းထဲမှာ မြေပြင်မှာတွေ့ပြီးတော့ ဒီအနာဂတ် ချင်းပြည်နယ်အတွက်ကို သူတို့ Charter လေးတွေရေးတယ်ဆိုတဲ့သတင်းတော့ကြားတယ်။ ဒါပေမဲ့ အဲဒီထဲမှာဘာတွေဘာတွေပါလဲဆိုတော့ ကျွန်တော်တို့ကတော့ မသိရဘူးပေါ့နော်။ ဆိုတော့ အဲဒီလက္ခဏာတွေတော့ကောင်းတယ်။ ဦးဆောင်မှု ဒီခေါင်းဆောင် level မှာ သူတို့ရဲ့စဉ်းစားချက်ပေါ့ ကျွန်တော်တို့အဲဒါကို welcome လုပ်ရမှာပေါ့။ ဒါပေမဲ့ အဲဒီဟာနဲ့မရပ်သေးဘဲနဲ့ ဒီဘက် CC ခေါင်းဆောင်တွေနဲ့ သူတို့အဲဒီ Charter လေးကိုင်ပြီးတော့ စကားပြောတဲ့ဟာမျိုးလည်းလုပ်ရလိမ့်မယ်ထင်တယ်။ အဲဒါမှပဲ ဒီ Charter က CC အုပ်စုဝင်ခေါင်းဆောင်တွေအနေနဲ့ သူတို့ဘက်က ဘာတွေညှိနှိုင်းနာချက်ရှိတယ်၊ ဘာတွေပြင်ဖို့လိုတယ်။ အဲဒါမျိုးကို စကားဖွင့်ထားပေးတယ်ဆိုရင်တော့ တိုင်းထက် အလွန်ပေါ့နော်။ ဒါပေမဲ့ နောက်တစ်ချက်က အဲဒီခေါင်းဆောင် level အဆင့်မဟုတ်ဘဲနဲ့ တကယ့်မြေပြင်မှာလှုပ်ရှားနေတဲ့ရဲဘော်တွေနဲ့ အဲဒီရဲဘော်တွေကိုကြီးကြပ်နေတဲ့ ကွက်ကဲ နေတဲ့တပ်မှူးအငယ်လေးတွေပေါ့နော်။ သူတို့အထိကို ကျွန်တော်တို့ သဘောထား ပြောင်းတာတို့ရှိဖို့လိုတယ်။ အခုကကျွန်တော်တို့ချင်းမှာဆိုရင် ကျွန်တော်တို့လည်းကြုံ ရပါတယ်။ ဂိတ်တွေက အများကြီးရှိနေပြီလေ။ နောက်ပြီးတော့ ပိုင်နက်နယ်မြေလည်းပဲ အများကြီးရှိနေပြီဆိုတော့ သူတို့ရဲ့သဘောထားတွေလည်းလိုတယ်။ တချို့ဟာတွေဆိုရင် ဘယ်မြို့နယ်ကဆိုရင် ဘယ် ဘယ်အုပ်စုဆီကို ဖြတ်သန်းသွားခွင့်မပေးဘူးဘာညာ အဲလိုမျိုးလုပ်တာထက်စာရင်လေ။ တကယ့်တကယ်မြေပြင်မှာကတော့ ကျွန်တော်တို့က ဒီချင်းပြည်နယ်ကတော့ မဖြစ်မနေသွားရမယ့်ကိစ္စပဲ။ ကျွန်တော်တို့စားဝတ်နေရေးဖြစ်ဖြစ်၊ မိသားစုရေးဖြစ်ဖြစ် ကိုယ့်ချင်းမြေလေးဖြစ်နေတာကိုး။ ဗမာပြည်ဘက်မှာရောက်လို့ သူတို့သွားခွင့်မပေးဘူးဆိုပြီး ပြန်လှည့်လာတယ်ဆိုတာကတော့ အဓိပ္ပာယ်နား ထောင်လို့ ကောင်းသေးတယ်လေ။ ဒီချင်းမြေထဲမှာ ဒီ CC ထိန်းချုပ်တဲ့ Area ဖြစ်ဖြစ်၊ CB ထိန်းချုပ်တဲ့ Area ဖြစ်ဖြစ်ကတော့ အဲဒါမျိုးက ပထမဆုံးလုပ်လုပ်သင့်တယ်ထင်တာပဲဆရာ။ ကျွန်တော်က တော့ အဲလိုပဲဆွေးနွေးချင်တယ်။
ဆလိုင်း ဒိုခါရ်၊ – ဟုတ်ကဲ့၊ အခုလို ကျွန်တော်တို့ အချိန်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ဆရာ။
Salai Saw Mya – ဟုတ်။