ဖေဖော် ၂

The Kaladan Post

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အရှေ့အလယ်ပိုင်းဒေသသို့ အမေရိကန်စစ်သင်္ဘော အုပ်စုများ စေလွှတ်ထားသော်လည်း အီရန်နိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် လက်ရှိအချိန်တွင် အလေးအနက်ထား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

ယခုရက်သတ္တပတ် စနေနေ့က Air Force One လေယာဉ်ပေါ်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် သမ္မတထရမ့်က အီရန်နိုင်ငံအား စစ်ရေးအရ အရေးယူတိုက်ခိုက်ရန် ဆုံးဖြတ်ထား ခြင်း ရှိ၊ မရှိ မေးမြန်းမှုကို တိကျစွာ ဖြေကြားရန် ငြင်းဆိုခဲ့သော်လည်း အင်အားကြီးမားသော စစ်သင်္ဘောများကိုမူ ထိုဒေသသို့ ဦးတည်မောင်းနှင်နေပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။

သမ္မတထရမ့်က “ကျွန်တော်တို့ဘက်က အလွန်ကြီးမားပြီး အင်အားတောင့်တင်းတဲ့ စစ် သင်္ဘောတွေကို အဲ့ဒီဒေသဆီ စေလွှတ်ထားပါတယ်။ ဒါပေမဲ့ လက်ခံနိုင်လောက်တဲ့ သဘောတူညီချက်တစ်ခု ရရှိဖို့ ညှိနှိုင်းနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ဆိုသည်။

ထို့အပြင် အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော ဆန္ဒပြမှုများနှင့် အကြမ်းဖက်နှိမ်နင်းမှုများကြားမှ ပင် အီရန်ခေါင်းဆောင်များသည် အမေရိကန်နှင့် ဆွေးနွေးရန် ကြိုးပမ်းနေကြောင်း၊ အထူးသဖြင့် နျူကလီးယားလက်နက် ပိုင်ဆိုင်မှုမရှိစေရေးကဲ့သို့သော နှစ်ဖက်ကျေနပ်ဖွယ်ရာ သဘောတူညီချက်မျိုး ရရှိနိုင်ကြောင်း ၎င်းက သုံးသပ်ပြောကြားခဲ့သည်။

သို့သော် တစ်ဖက်တွင်လည်း အီရန်ပါလီမန်ဥက္ကဋ္ဌက ဥရောပသမဂ္ဂ (EU) ၏ စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများကို အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြောင်း တနင်္ဂနွေနေ့တွင် ကြေညာခဲ့သည်။ ထို့ပြင် ကမ္ဘာ့ရေနံကုန်သွယ်မှု၏ ငါးပုံတစ်ပုံခန့် ဖြတ်သန်းသွားလာရာ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကျည်အစစ်များဖြင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် အီရန်က ပြင်ဆင်နေခြင်းကြောင့် ဒေသတွင်း စစ်ရေးတင်းမာမှုများမှာလည်း ဆက်လက်မြင့်တက်လျက်ရှိနေပါသည်။

 

Source Link: Fox News