ဖေဖေါ် ၂၇

The Kaladan Post

Afghanistan နှင့် Pakistan တို့အကြား နယ်စပ်တလျှောက် အပြန်အလှန် တိုက်ခိုက်မှုများ ဆက်တိုက် အရှိန်မြင့်တက်လာနေပြီး ပဋိပက္ခကြီးတစ်ခုသို့ ဦးတည်လာနိုင်ကြောင်း စိုးရိမ်မှုများ ပေါ်ပေါက်လာသည်။

ဖေဖော်ဝါရီ ၂၇ ရက် မနက်အစောပိုင်းတွင် ပါကစ္စတန်တပ်ဖွဲ့များက အာဖဂန်နိုင်ငံ၏ မြို့တော် Kabul အပါအဝင် နေရာအချို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အာဖဂန်နိုင်ငံကို ထိန်းချုပ်အုပ်ချုပ်နေသည့် Taliban အစိုးရက ပြောကြားခဲ့သည်။ ပါကစ္စတန်ဘက်မှတော့ ယင်းတိုက်ခိုက်မှုများသည် ယခင်တစ်ရက်က အာဖဂန်ဘက်မှ ပါကစ္စတန်ပိုင်နက်အတွင်း တိုက်ခိုက်ခဲ့မှုများကို လက်တုံ့ပြန်ခြင်းသာ ဖြစ်ကြောင်း အကြောင်းပြထားသည်။

ပါကစ္စတန်အစိုးရသည် အာဖဂန်တာလီဘန်အစိုးရက ပါကစ္စတန်ကို ဆန့်ကျင်လှုပ်ရှားနေသည့် Tehrik-i-Taliban Pakistan (TTP) နှင့် အခြားစစ်သွေးကြွအဖွဲ့များကို ခိုလှုံခွင့်ပေးထားကြောင်း စွပ်စွဲထားသည်။ လတ်တလော ပြဿနာများမှာ နယ်စပ်အနီး အာဖဂန်ပိုင်နက်အတွင်းရှိ စစ်သွေးကြွစခန်းများဟု စွပ်စွဲထားသည့် နေရာများကို ပါကစ္စတန်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ရာမှ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ သို့သော် အာဖဂန်တာလီဘန်ဘက်ကတော့ ပါကစ္စတန်၏ တိုက်ခိုက်မှုများကြောင့် အရပ်သားများသာ သေဆုံးဒဏ်ရာရခဲ့ကြောင်း တုံ့ပြန်ထားသည်။

နယ်စပ်ဒေသများတွင် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေရာမှ ယခုအခါ အခြားဒေသများသို့ပါ ပျံ့နှံ့လာပြီး စစ်ရေးတင်းမာမှု အရှိန်မြင့်တက်လာနေသည်။ အာဖဂန်တာလီဘန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က ပါကစ္စတန်စစ်တပ်သည် ကဘူးလ်နှင့် ကန်ဒါဟာ ဒေသများတွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲပြောကြားခဲ့သည်။

ပါကစ္စတန်ဘက်မှလည်း ချီထရယ်လ်၊ ခိုင်ဘာ၊ မိုဟ်မန်၊ ကာရမ်နှင့် ဘက်ဂျားဒေသများသို့ အာဖဂန်ဘက်မှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် လုံခြုံရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်ရန် လက်တုံ့ပြန်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

နှစ်ဖက်စလုံးမှ ထုတ်ပြန်သည့် ထိခိုက်သေဆုံးမှု ကိန်းဂဏန်းများမှာ အပြန်အလှန် ကွာဟနေပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ပါကစ္စတန်က ဖေဖော်ဝါရီ ၂၇ ရက် တိုက်ခိုက်မှုတွင် အာဖဂန် တာလီဘန် တိုက်ခိုက်ရေးသမား ၁၃၃ ဦး သေဆုံးခဲ့ကြောင်း ပြောဆိုထားသော်လည်း အာဖဂန်တာလီဘန်အစိုးရက ၁၁ ဦးသာ သေဆုံးခဲ့ကြောင်းနှင့် အမျိုးသမီးများ၊ ကလေးများ အပါအဝင် အရပ်သား ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း ပြောကြားထားသည်။ ပါကစ္စတန် ပြန်ကြားရေးဝန်ကြီး အတ်တူလာ တာရားကလည်း ပါကစ္စတန်ဘက်တွင် သေဆုံးမှု ၂ ဦး ရှိကြောင်း ဝန်ခံထားသည်။

နှစ်နိုင်ငံအကြား ယခင်နှစ် အောက်တိုဘာလတွင်လည်း နယ်စပ်ဒေသ၌ ၁၀ ရက်ခန့်ကြာမြင့်သည့် စစ်ရေးပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်အသေအပျောက် ရာနှင့်ချီ ရှိခဲ့ဖူးသည်။

လတ်တလော ဖြစ်ပေါ်နေသည့် တင်းမာမှုများသည် ဒေသတွင်း လုံခြုံရေးအခြေအနေကို ထိခိုက်စေနိုင်ကြောင်း သုံးသပ်မှုများ ထွက်ပေါ်နေသည်။

ကိုးကား – CNN

ဓာတ်ပုံ – Getty Images