အောက်တို ၄
The Kaladan Post
မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မရေရာမသေချာသော အနာဂတ်၊ ဆိုးရွားလှသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပြည်သူလူထု၏ နေ့စဉ်ဘဝ အတိဒုက္ခများဖြင့် ရင်ဆိုင်နေရပါသည်။ ဤအားပြိုင်မှုများကြားတွင် အပြစ်မဲ့ပြည်သူများမှာ မြေစာပင်အဖြစ် မည်သို့မျှ မခံစားရစေလိုပါ။ ၎င်းတို့၏ ဘဝလုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုသည် တော်လှန်ရေး၏ အဓိက ရည်မှန်းချက် ဖြစ်ရပါမည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် နေ့စဉ်ရက်ဆက် အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းနှင့် ထောင်ချခြင်းများ ပြုလုပ်လျက်ရှိပါသည်။ ကျေးရွာများ၊ မြို့ပြနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကြောင့် ရာနှင့်ချီသောပြည်သူများ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါသည်။ အာဏာသိမ်းအဖွဲ့သည် ငလျင်ဘေးဒဏ်အတွက် ရည်ရွယ်သည့် နိုင်ငံတကာအကူအညီများကိုပင် အလွဲသုံးစားပြု၍ အတုအယောင်ရွေးကောက်ပွဲလုပ်ရန် ကြံရွယ်နေသည်ဟူသော သတင်းများက ပြည်သူများအပေါ်ထားရှိသည့် ၎င်းတို့၏ တာဝန်မဲ့မှုကို ပိုမိုထင်ရှားစေပါသည်။ ထို့အပြင်၊ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်း၊ ငွေကြေးအဆမတန် ကောက်ခံခြင်းစသည့် လုပ်ရပ်များသည် လူငယ်များ၏ အနာဂတ်နှင့် ပြည်သူလူထု၏ ဘဝကို ပိုမိုခက်ခဲစေပြီး လူ့အသိုင်းအဝိုင်း၏ တည်ငြိမ်မှုကို ခြိမ်းခြောက်လျက်ရှိသည်။
တစ်ဖက်တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုများက ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက် ရည်မှန်းချက်ကြီးမားသော ထိုးစစ်များနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ဆင်နွှဲလျက်ရှိသည်။ ဤအခြေအနေများကြားတွင် ပြည်သူများမှာ ၎င်းတို့၏ ချွေးနည်းစာဖြင့် တတိုင်းပြည်လုံး လွတ်မြောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီအတွက် အလှူငွေများ အစွမ်းကုန် ထည့်ဝင်လျက်ရှိကြသည်။ သို့သော် အချို့သော Fundraiser များမှ အလှူငွေများကို ပွင့်လင်းမြင်သာမှုမရှိဘဲ အလွဲသုံးစားလုပ်ခြင်း၊ တော်လှန်ရေးအင်အားစုများအချင်းချင်း အငြင်းပွားမှုများနှင့် စည်းလုံးမှုပြိုကွဲစေမည့် လုပ်ရပ်များသည် လက်ရှိနွေဦးတော်လှန်ရေးအတွက် ပြည်သူများ၏ မျှော်လင့်ချက်များကို မှေးမှိန်စေပါသည်။ တော်လှန်ရေး၏ အောင်မြင်မှုသည် ပြည်သူတို့၏ ယုံကြည်မှုနှင့် ပူးပေါင်းပါဝင်မှုအပေါ်တွင် မူတည်နေသည်ကို အစဉ်သတိပြုသင့်ပါသည်။
ဤသို့သော အခြေအနေများတွင် မျှော်လင့်ချက်မဲ့နေကြသော ပြည်သူများအား မြေစာပင်မဖြစ်စေရန် အထူးအလေးထား ဆောင်ရွက်သင့်ပါသည်။ တော်လှန်ရေး၏ အဓိက ရည်မှန်းချက် ပန်းတိုင်သည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကို ဖော်ဆောင်ရန် ဖြစ်ပါသည်။ ထို့ကြောင့် မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်မဆို ပြည်သူ့အပေါ် ထားရှိရမည့် တာဝန်ဝတ္တရားကို အလေးအနက် နားလည်ပြီး ပြည်သူကို ဗဟိုပြုသည့် လုပ်ငန်းစဉ်များကို အမှန်တကယ် ဆောင်ရွက်ရန် လိုအပ်ပါသည်။
နွေဦးတော်လှန်ရေး၏ အနှစ်သာရသည် ပြည်သူ့ဆန္ဒကို ဖော်ဆောင်ရန်ဖြစ်သဖြင့် ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်သော လုပ်ရပ်များ၊ အလှူငွေ အလွဲသုံးစားမှုများ၊ အချင်းချင်း စည်းလုံးမှုပြိုကွဲစေမည့် အငြင်းပွားမှုများကို အလုံးစုံ ရှောင်ရှားရပါမည်။ လက်ရှိ အခြေအနေတွင် ပြည်သူများ၏ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ရန်နှင့် ၎င်းတို့၏ စိတ်ဓာတ်ကို မြှင့်တင်ပေးရန် အရေးကြီးပါသည်။ တော်လှန်ရေး၏ ဦးဆောင်သူများ၊ ပါဝင်ပတ်သက်သူများ အားလုံးအနေဖြင့် ရေရှည်အတွက် မျှော်မှန်း၍ ဆင်ခြင်တုံတရားဖြင့် လုပ်ဆောင်သင့်ပြီး ပြည်သူများ၏ ဘဝလုံခြုံရေးနှင့် အနာဂတ် မျှော်လင့်ချက်များကို ပထမဦးစားပေးအဖြစ် ထားရှိကာ ဆုံးဖြတ်ချက်များ ချမှတ်ကြရမည် ဖြစ်ပါသည်။ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် လမ်းကြောင်းရှင်းရှင်း၊ ရည်မှန်းချက်ခိုင်ခိုင်မာမာဖြင့် ပြည်သူလူထုနှင့်အတူ လက်တွဲလျှောက်လှမ်းရန် အချိန်ကျရောက်ပြီ ဖြစ်သည်။
နိဂုံးချုပ်အနေဖြင့် ဤအားပြိုင်မှုများကြားမှ မြန်မာပြည်သူများသည် ဆင်းရဲဒုက္ခများစွာကို ခံစားနေရဆဲ ဖြစ်ရာ ၎င်းတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်နှင့် စစ်မှန်သော ငြိမ်းချမ်းရေးကို အမှန်တကယ် ဖော်ဆောင်ပေးရန် အာဏာသိမ်းအဖွဲ့မှအပ ပါဝင်ပတ်သက်သူအားလုံးတွင် တာဝန်ရှိကြောင်း ထပ်လောင်းတိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူသာလျှင် အဓိကဖြစ်ပြီး ပြည်သူ၏ ဆန္ဒနှင့် အကျိုးစီးပွားကို အလေးထားဆောင်ရွက်ခြင်းဖြင့်သာ နွေဦးတော်လှန်ရေး အောင်မြင်မှု ပန်းတိုင်သို့ ရောက်ရှိမည် ဖြစ်ပါသည်။