The Kaladan Post

၂၀၂၅ ခုနှစ်၊ မေလ (၁၃) ရက်နေ့

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ အိုးထိမ်းကွင်းကျေးရွာတွင် စာသင်ကျောင်းတစ်ခုသည် မြန်မာနိုင်ငံ၏ မငြိမ်မသက်မှုများကြားတွင် ကလေးငယ်များအတွက် မျှော်လင့်ချက်မီးရှူး တန်ဆောင်အဖြစ် ရပ်တည်နေခဲ့သည်။ ၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက် နံနက် ၉ နာရီ ၅၅ မိနစ်ဝန်းကျင်တွင် ထိုမျှော်လင့်ချက်သည် ပြိုလဲသွားခဲ့သည်။ မိတ္တီလာအခြေစိုက် ရှမ်းတဲလေတပ်မှ MiG-29 တိုက်လေယာဉ်တစ်စီးသည် ရွာအပေါ်မှ ပျံသန်းကာ ကျောင်း ပေါ်သို့ ဗုံးများကြဲချခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် ဆရာ၊ ဆရာမ ၂ ဦးအပါအဝင် စုစုပေါင်း ၂၀ ဝန်းကျင် သေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ကယ်ဆယ်ရေးသမားများက ဒဏ်ရာပြင်းထန်သူများကြောင့် သေဆုံးသူဦးရေ တိုးလာနိုင်သည်ဟု သတိပေးထားသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ သတင်းထုတ်ပြန်ချက်အရ ဤတိုက်ခိုက်မှုတွင် ကလပ်စတာဗုံးများကို အသုံးပြုခဲ့ပြီး ၎င်းသည် ဖျက်ဆီးမှုကို အမြင့်ဆုံးဖြစ်စေရန် ဒီဇိုင်း ထုတ်ထားသည့် လက်နက်ဖြစ်သည်။ NUG ၏ ပညာရေးစနစ်အောက်တွင် လည်ပတ်နေသော ထိုကျောင်းတွင် ဗုံးကြဲချိန်တွင် ကလေးငယ်များနှင့် ဆရာ၊ ဆရာမများ ရှိနေခဲ့သည်။ မျက်မြင်သက်သေများက ထိတ်လန့်ဖွယ်မြင်ကွင်းကို ဖော်ပြခဲ့သည်။ ခန္ဓာကိုယ်အလောင်းများ အစိတ်အပိုင်းများ ပြတ်ထွက်နေပြီး ဒဏ်ရာရသူများ၏ အော်ဟစ်သံများသည် လေထုကို ဖြတ်သန်းလျက် ထွက်ပေါ်လာသည်။ နောက်ထပ် လေကြောင်းတိုက်ခိုက်မှု ထပ်မံဖြစ်ပေါ် လာမည်ကို စိုးရိမ်မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများမှာ အဟန့်အတားဖြစ်ခဲ့ရသည်။

ဤတိုက်ခိုက်မှုသည် သီးခြားဖြစ်ရပ်တစ်ခုမဟုတ်ဘဲ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်က အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် ပုံစံတစ်ခု၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ၂၀၂၅ ခုနှစ်၊ မေလ ၆ ရက်မှ ၃၁ ရက်အထိ စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း နိုင်ငံတစ်ဝန်းတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက် ကြီးများဖြင့် ပစ်ခတ်မှု၊ ထိုးစစ်ဆင်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တော်လှန်ရေးအဖွဲ့များက မှတ်တမ်းတင်ထားသည်။

 

အိုးထိမ်းကွင်းကျောင်းကို ဗုံးကြဲတိုက်ခိုက်မှုသည် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုကို ထင်ရှားစွာ ပြသသည်။ ကလေးငယ်များနှင့် သင်ကြားရေးနေရာများကို ရွေးချယ် ပစ်မှတ်ထားခြင်းသည် လူသားဆန်မှု ကင်းမဲ့မှုကို ဖော်ပြသည်။ သေဆုံးသူများတွင် ၎င်းတို့၏ အိပ်မက်များကို အကောင်အထည်မဖော်နိုင်သေးသော ကလေးငယ်များ ပါဝင်သည်။ ဆရာ၊ ဆရာမ ၂ ဦးသည် ၎င်းတို့၏ ကျောင်းသားများနှင့်အတူ ကျဆုံးခဲ့ရသည်။ ဤဆုံးရှုံးမှုသည် ၎င်းတို့၏ မိသားစုများအတွက်သာမက နိုင်ငံ့အနာဂတ်ကို ထိန်းသိမ်းရန် ရုန်းကန်နေရသော နိုင်ငံတစ်ခုအတွက်ပါ မဖြည့်ဆည်းနိုင်သော ဆုံးရှုံးမှုကြီးဖြစ်သည်။

 

နိုင်ငံတကာအသိုင်းအဝိုင်းက ဤဖြစ်ရပ်ကို သတိပြုမိခဲ့ကြပေမည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေးတစ်ခုတွင် ဤတိုက်ခိုက်မှုကို ထောက်ပြပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံများအား စစ်ကောင်စီအား ထောက်ခံမှု ရပ်တန့်ရန် တိုက်တွန်းခဲ့သော်လည်း ရှုတ်ချသံများသည် အကြမ်းဖက်မှုများကို ရပ်တန့်ရန် မလုံလောက်ခဲ့ပေ။ စစ်တပ်၏ လုပ်ရပ်များ၊ ဤနောက်ဆုံးရက်စက်မှုအပါအဝင် မိမိပြည်သူများကို ဗုံးကြဲဖျက်ဆီးနေသော အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးစနစ်တစ်ခု ကို မီးမောင်းထိုးပြနေသည်။

 

အိုးထိမ်းကွင်း၏ ဝမ်းနည်းဖွယ်ဖြစ်ရပ်သည် မြန်မာနိုင်ငံ၏ နှလုံးသားထဲတွင် ဒဏ်ရာတစ်ခု ဖြစ်လေသည်။ ပြိုကျပျက်စီးသွားသော ကျောင်းသည် ၎င်းကို ကာကွယ်ပေးရမည့်သူများက သစ္စာဖောက်ခံရသော နိုင်ငံတစ်ခု၏ သင်္ကေတဖြစ်သည်။ သေဆုံးသွားသူ ကလေးများနှင့် ဆရာ၊ ဆရာမများသည် တိုက်ခိုက်သူများ မဟုတ်ပေ။ ၎င်းတို့သည် တိုင်းပြည်မငြိမ်သက်ဘဲ ပရမ်းပတာအချိန်တွင် တိုင်းပြုပြည်ပြု၊ တိုင်းပြည်အနာဂတ်အတွက် ပညာသင်ယူရန် ကြိုးစားနေသော အပြစ်မဲ့ပြည်သူများဖြစ်သည်။ ၎င်းတို့၏ သေဆုံးမှုသည် ဝမ်းနည်းခြင်းထက် တရားမျှတမှု၊ တာဝန်ယူမှုနှင့် မိမိပြည်သူများကို ဗုံးကြဲဖျက်ဆီးသည့် စစ်တပ်အတွက် တရားစီရင်မှုကို တောင်းဆိုပါသည်။

အိုးထိမ်းကွင်းတွင် ဖုန်မှုန့်များ ငြိမ်သက်လာသည်နှင့်အမျှ အသက်ရှင်ကျန်ရစ်သူများသည် မသေချာသော အနာဂတ်ကို ရင်ဆိုင်နေရသည်။ နောက်ထပ် လေကြောင်းတိုက်ခိုက်မှုများ၏ ကြောက်ရွံ့မှုသည် ဆက်လက်တည်ရှိနေပြီး ဤနေ့၏ ဒဏ်ရာများသည် မျိုးဆက်များစွာအထိ တည်ရှိနေမည်ဖြစ်သည်။ သို့သော် ဝမ်းနည်းပူဆွေးမှုကြားတွင် မြန်မာပြည်သူများ၏ ခံနိုင်ရည်သည် ထင်ရှားစွာ ထွက်ပေါ်လာသည်။ ကယ်ဆယ်ရေးသမားများ၊ တက်ကြွလှုပ်ရှား သူများနှင့် လူထုအသိုင်းအဝိုင်းများသည် ဆက်လက်ခုခံတိုက်ခိုက်နေပြီး ပြန်လည်တည် ဆောက်ကာ ကျောင်းများသည် တစ်ဖန်ဘေးကင်းလုံခြုံသော နေရာများ ဖြစ်လာမည့်နေ့ကို မျှော်လင့်နေကြသည်။

 

ဤသည်မှာ ၂၀၂၅ ခုနှစ် စာသင်ခန်းများအတွင်း ပျော်ပါးစွာ ပညာသင်ကြားနေသော ကလေးများ သေဆုံးနေရပြီး ကမ္ဘာကြီးက ကြည့်ရှုနေသည့် နှလုံးကြေကွဲဝမ်းနည်းဖွယ် မြန်မာနိုင်ငံဖြစ်နေသည်။ အိုးထိမ်းကွင်း၏ ဇာတ်လမ်းသည် သတင်းတစ်ပုဒ်မျှသာ မဟုတ်ပေ။ ၎င်းသည် အပြစ်မဲ့သူများ ထပ်မံ ဆုံးရှုံးမသွားမီ လူသားမျိုးနွယ်အနေဖြင့် အပစ်မဲ့ပြည်သူ များအား ပစ်မှတ်ထား တိုက်ခိုက် ချေမှုန်းမှု ရပ်တန့်စေရေး လှုပ်ရှားဆောင်ရွက်ရန် အော်ဟစ်တောင်းဆိုမှု တစ်ခုဖြစ်သည်။

ရေးသူ – TOM