ဖေဖေါ် ၂၃
The Kaladan Post
Iran နိုင်ငံတွင် တက္ကသိုလ်ကျောင်းသားများ ဦးဆောင်သည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုများ ပြန်လည်စတင်လာခဲ့ကြောင်း သိရသည်။ ယင်းသည် ပြီးခဲ့သည့်လအတွင်း ဆန္ဒပြပွဲများကို အင်အားသုံး ဖြိုခွင်းခဲ့မှုနောက်ပိုင်း ပြည်တွင်း လှုပ်ရှားမှုများ ပြန်လည်တက်ကြွလာခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၂၁ ရက်တွင် မြို့တော် Tehran ရှိ Sharif University of Technology မှ ကျောင်းသားများ စုဝေးချီတက် ဆန္ဒပြခဲ့ကြပြီး အစိုးရထောက်ခံသူများနှင့် အပြိုင် ဆန္ဒထုတ်ဖော်မှုများလည်း ဖြစ်ပွားခဲ့ကြောင်း သတင်းများက ဖော်ပြသည်။ အချို့နေရာများတွင် ဆန္ဒပြသူများနှင့် အစိုးရဘက်အင်အားစုများအကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။
ထို့အပြင် တဟီရန်ရှိ အခြား တက္ကသိုလ်တစ်ခုတွင် ကျောင်းသားများ ထိုင်သပိတ် ဆင်နွှဲခဲ့ကြပြီး နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသများတွင်လည်း ချီတက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ဆန္ဒပြကျောင်းသားများက ဇန်နဝါရီလ ဆန္ဒပြပွဲများအတွင်း အသက်ဆုံးရှုံးခဲ့သူများကို ဂုဏ်ပြု အမှတ်ရကြောင်း သိရသည်။
လက်ရှိအချိန်တွင် အီရန်အစိုးရသည် ပြည်ပဖိအားများနှင့် ပြည်တွင်းဆန့်ကျင်ရေး လှုပ်ရှားမှုများကို တပြိုင်နက် ရင်ဆိုင်နေရသည်။ အမေရိကန် သမ္မတ Donald Trump ကလည်း အီရန်နှင့် နျူကလီးယားထိန်းချုပ်ရေး သဘောတူညီမှု မရရှိပါက စစ်ရေးဆိုင်ရာ အရေးယူနိုင်ကြောင်း ပြောကြားထားသည်။
ဆန္ဒပြပွဲများအတွင်း ဖမ်းဆီးခံရမှုများ ရှိ/မရှိကိုတော့ အတည်မပြုနိုင်သေးပေ။ ပြီးခဲ့သည့်လ ဆန္ဒပြပွဲများတွင် အစိုးရ၏ အင်အားသုံး ဖြိုခွင်းမှုများကြောင့် ဆန္ဒပြသူ ၅၈၀၄ ဦး၊ ကလေး ၉၂ ဦးနှင့် လုံခြုံရေးအရာရှိများအပါအဝင် ၂၁၄ ဦး သေဆုံးခဲ့ကြောင်း Human Rights Activists News Agency (HRANA) က ထုတ်ပြန်ထားသည်။
Source: BBC News
ဓာတ်ပုံ – Getty Images