ဖေဖေါ် ၁၁
The Kaladan Post
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အနေဖြင့် နျူကလီးယားအရေးအပေါ် သဘောတူညီမှုရရှိရန် ဆန္ဒရှိကြောင်း ပြောကြားလာချိန်တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် အီရန်နှင့် ဆက်လက်ပြုလုပ်မည့် နျူကလီးယားဆိုင်ရာ ဆွေးနွေးပွဲများကို နျူကလီးယားကိစ္စအပြင် အခြား လုံခြုံရေးအရေးပါသည့် အကြောင်းအရာများအထိ ပိုမိုကျယ်ပြန့်စေရန် အမေရိကန်သမ္မတအား တိုက်တွန်းသွားမည်ဖြစ်ကြောင်း AP သတင်းဌာနက ဖော်ပြသည်။
နေတန်ယာဟုသည် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဝါရှင်တန်မြို့ရှိ အဖြူရောင်အိမ်တော်၌ သမ္မတ ထရမ့်နှင့် တွေ့ဆုံရန် စီစဉ်ထားပြီး ယင်းတွေ့ဆုံမှုမှာ ထရမ့်၏ ဒုတိယသမ္မတ သက်တမ်းအတွင်း နှစ်ဦးအကြား ဆွေးနွေးမှု ခုနစ်ကြိမ်မြောက် ဖြစ်လာမည်ဖြစ်သည်။
သမ္မတ ထရမ့်က Fox Business Network နှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် “အီရန်က သဘောတူညီမှုလုပ်ချင်နေတယ်လို့ ထင်ပါတယ်။ မလုပ်ဘူးဆိုရင်တော့ အလွန်မိုက်မဲရာ ရောက်ပါလိမ့်မယ်” ဟု ပြောကြားခဲ့ပြီး “နျူကလီးယားလက်နက်မရှိရ၊ ဒုံးကျည်မရှိရတဲ့ သဘောတူညီမှု ဖြစ်ရပါမယ်” ဟု ထပ်မံပြောဆိုခဲ့သည်။
နေတန်ယာဟု၏ ရုံးမှ ထုတ်ပြန်ချက်အရ ၎င်းအနေဖြင့် အီရန်နှင့် ပြုလုပ်မည့် မည်သည့် ဆွေးနွေးပွဲမဆို အီရန်၏ ပဲ့ထိန်းဒုံးကျည် စီမံကိန်းများကို ကန့်သတ်ရေးနှင့် ဟားမတ်စ် (Hamas)၊ ဟစ်ဇ်ဘိုလာ (Hezbollah) ကဲ့သို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့များအား ထောက်ပံ့နေမှုများကို အဆုံးသတ်ရေးတို့ကို မဖြစ်မနေ ထည့်သွင်းဆွေးနွေးရမည်ဟု အလေးထားထားကြောင်း သိရသည်။
နေတန်ယာဟုက “ဒီဆွေးနွေးပွဲတွေမှာ ပါဝင်ရမယ့် အခြေခံမူဝါဒတွေကို သမ္မတထံ တင်ပြသွားမှာဖြစ်ပြီး ဒါဟာ အစ္စရေးတစ်နိုင်ငံအတွက်သာမက အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို လိုလားသူအားလုံးအတွက် အရေးကြီးပါတယ်” ဟု အစ္စရေးမှ ထွက်ခွာမီ ပြောကြားခဲ့သည်။
အီရန်နှင့် အမေရိကန်တို့သည် ဖေဖော်ဝါရီအစောပိုင်းတွင် အိုမန်နိုင်ငံ၌ နျူကလီးယား အရေးနှင့် ပတ်သက်သည့် သွယ်ဝိုက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နှစ်ဘက်စလုံးက သတိထား ကာ အကောင်းမြင်နေကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
သို့သော် အီရန်ဘက်က ယူရေနီယမ် သန့်စင်မှုကို ဆက်လက်လုပ်ဆောင်ခွင့်ရှိရမည်ဟု အခိုင်အမာ ရပ်တည်ထားသော်လည်း အမေရိကန်နှင့် အစ္စရေးဘက်ကတော့ အီရန်၏ နျူကလီးယားစွမ်းရည်ကို လုံးဝကန့်သတ်လိုကြောင်း မူဝါဒပြတ်သားစွာ ထားရှိနေဆဲ ဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော အစ္စရေး–အီရန် စစ်ပွဲအတွင်း အီရန်နိုင်ငံအတွင်း လူထောင်နီးပါး သေဆုံးခဲ့ပြီး အမေရိကန်က အီရန်ရှိ နျူကလီးယားစက်ရုံအချို့ကို တိုက်ခိုက်ခဲ့ မှုကြောင့် အီရန်၏ နျူကလီးယားစွမ်းရည် ထိခိုက်မှု အတိုင်းအတာကို လက်ရှိအချိန်အထိ အတိအကျ မသိရသေးကြောင်း သတင်းများက ဖော်ပြထားသည်။
📌 သတင်းရင်းမြစ် (Source)
AP News
Farnoush Amiri & Melanie Lidman (Associated Press)