မတ် ၃

The Kaladan Post

 

အီရန်ရေတပ်ပိုင် ဒရုန်းတင် သင်္ဘောကြီးကို စစ်ပွဲ ပထမဆုံးနေ့အတွင်း ဖျက်ဆီး နှစ်မြှုပ်နိုင်ခဲ့ကြောင်း အမေရိကန် စစ်ရေးကွပ်ကဲမှု ဗဟိုဌာန United States Central Command (CENTCOM) က ထုတ်ပြန်ကြေညာခဲ့သည်။

မတ်လ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ အစ္စရေးနှင့် ပူးပေါင်း ဆင်နွှဲနေသည့် “Epic Fury” စစ်ဆင်ရေး၏ ပထမနေ့တွင် အီရန်ရေတပ်၏ အကြီးဆုံး ရေယာဉ်တစ်စီးဖြစ်သော ဒရုန်းတင် သင်္ဘော IRIS Shahid Bagheri ကို ဖျက်ဆီး နှစ်မြှုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

အီရန်မီဒီယာအချို့က အမေရိကန် လေယာဉ်တင်သင်္ဘောတစ်စီးကို ပစ်ခတ် နှစ်မြှုပ်နိုင်ခဲ့ကြောင်း သတင်းများ ထုတ်လွှင့်ခဲ့ပြီးနောက် CENTCOM ဘက်မှ ယင်းသတင်းများသည် မှားယွင်းသည့် အချက်အလက်များဖြစ်ကြောင်း တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ အမှန်တကယ် ဖြစ်ပွားခဲ့သည်မှာ အီရန်ဘက်၏ တစ်ခုတည်းသော ဒရုန်းတင် သင်္ဘောဖြစ်သည့် Shahid Bagheri ကိုသာ စစ်ဆင်ရေး၏ ပထမဆုံး နာရီပိုင်းအတွင်း ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း CENTCOM က ဆိုသည်။

အမေရိကန် သမ္မတ Donald Trump ကလည်း ဖေဖော်ဝါရီ ၂၈ ရက်နေ့ စစ်ဆင်ရေး စတင်ပြီး ၂၄ နာရီအတွင်း အီရန်ရေတပ် သင်္ဘော ၉ စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း အစောပိုင်းတွင် ပြောကြားထားသည်။

Shahid Bagheri သည် အီရန်၏ Islamic Revolutionary Guard Corps (IRGC) ပိုင်ဆိုင်သည့် ရေယာဉ်ဖြစ်ပြီး မူလက သာမန် ကုန်တင်ရေယာဉ်တစ်စီးကို ဒရုန်းစစ်ဆင်ရေးများ ကိုင်တွယ်နိုင်ရန် ပလက်ဖောင်းအဖြစ် ပြောင်းလဲ တည်ဆောက်ထားခြင်း ဖြစ်သည်။ အဆိုပါ သင်္ဘောမှာ အရှည် ပေ ၈၀၀ နီးပါးရှိပြီး တန်ချိန် ၄၀,၀၀၀ ကျော် အလေးချိန်ရှိကြောင်း သိရသည်။

ယင်းရေယာဉ်သည် လေယာဉ်တင်သင်္ဘောများကဲ့သို့ တိုက်လေယာဉ်များကို ကိုင်တွယ်နိုင်စွမ်း မရှိသော်လည်း ဒရုန်းများနှင့် ရဟတ်ယာဉ်များ အခြေစိုက်ကာ စစ်ဆင်ရေးများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်တည်ဆောက်ထားခြင်း ဖြစ်သည်။

Shahid Bagheri ကို မည်သည့် နေရာတွင် မည်သည့်နည်းလမ်းဖြင့် တိုက်ခိုက် ဖျက်ဆီးခဲ့ကြောင်းကိုတော့ CENTCOM ဘက်မှ အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိသေးပါ။ IRGC သည် စစ်ပွဲ မစတင်မီ ဖေဖော်ဝါရီ လကုန်ပိုင်းက Strait of Hormuz အနီးတွင် ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုတစ်ရပ်တွင် အဆိုပါ သင်္ဘောကို အသုံးပြုထားခဲ့သည်။

ဒေသတွင်း စစ်ရေးတင်းမာမှုများ ဆက်လက် မြင့်တက်နေသဖြင့် အရှေ့အလယ်ပိုင်း ရေကြောင်းလုံခြုံရေးနှင့် စွမ်းအင်သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်နိုင်ကြောင်း သုံးသပ်သူများက ခန့်မှန်းထားသည်။

 

သတင်းရင်းမြစ် — Naval News

ဓာတ်ပုံ — Iranian State Media