မတ် ၃
The Kaladan Post
အစ္စရေးက စတင်တိုက်ခိုက်ခဲ့သည့်အခြေအနေကြောင့် အီရန်၏ လက်တုံ့ပြန်မှုမဖြစ်ပွားမီ လက်ဦးမှုယူ တိုက်ခိုက်ရန် အမေရိကန်ဘက်မှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်တွင် အစ္စရေးဘက်မှ အီရန်ကို လက်ဦးမှုယူ တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့ပြီး မကြာမီတွင် မဟာမိတ်ဖြစ်သည့် အမေရိကန်ကလည်း အီရန်ကို စစ်ရေးဆောင်ရွက်မှုများ စတင်နေပြီဟု ထုတ်ပြန်ခဲ့သည်။
မတ် ၂ ရက်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် Marco Rubio က အမေရိကန်တပ်ဖွဲ့များသည် အီရန်ပိုင်နက်အနီးတွင် စစ်အင်အားများ ကြိုတင်ဖြန့်ကျက်ထားခဲ့ကြောင်း၊ သို့ရာတွင် စစ်ရေးအရေးယူမှုကို အစ္စရေး၏ ဆုံးဖြတ်ချက်အပေါ် အခြေခံကာ အမြန်ဆုံး လက်ဦးမှုယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
၎င်း၏ ပြောကြားချက်အရ အစ္စရေးက စတင်တိုက်ခိုက်သည့်အချိန်မှစ၍ အီရန်ဘက်မှ လက်တုံ့ပြန်မည်မှာ သေချာသကဲ့သို့ အမေရိကန်တပ်ဖွဲ့များလည်း ပစ်မှတ်ဖြစ်လာနိုင်သည့် အခြေအနေကို တွေးဆထားခဲ့ကြောင်း၊ ထို့ကြောင့် အီရန်၏ တိုက်ခိုက်မှုကို စောင့်ကြည့်နေမည့်အစား လက်ဦးမှုယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
သမ္မတ Donald Trump သည် အချိန်မီ ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့ခြင်းဖြစ်ပြီး၊ မိမိဘက်မှ ကြိုတင်မဆောင်ရွက်ပါက အသေအပျောက်များ ပိုမိုများပြားနိုင်ကြောင်းလည်း Marco Rubio က ပြောကြားခဲ့သည်။
သတင်းထောက်များ၏ “စစ်မဖြစ်မီ အီရန်သည် အမေရိကန်အတွက် အချိန်မရွေး ခြိမ်းခြောက်နိုင်သည့် အခြေအနေရှိခဲ့သလား” ဟူသော မေးခွန်းအပေါ် Marco Rubio က အစ္စရေး၏ စစ်ပြင်ဆင်နေမှုကိုသာ ရည်ညွှန်းပြန်ကြားခဲ့သည်။ အစ္စရေးက တိုက်ခိုက်သည့်အခါ အီရန်ဘက်မှ အမေရိကန်ကိုလည်း ချက်ချင်း လက်တုံ့ပြန်နိုင်သည့် အခြေအနေဖြစ်လာမည်ကို အမေရိကန်ဘက်မှ ချက်ချင်းကြုံတွေ့နိုင်မည့် ခြိမ်းခြောက်မှုအဖြစ် တွေးဆခဲ့ကြောင်း ၎င်းက ပြောသည်။
အစောပိုင်းတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth ကလည်း အီရန် အစိုးရအထက်အာဏာပိုင် Ali Khamenei နှင့် ထိပ်တန်း စစ်ဘက်နှင့် အစိုးရခေါင်းဆောင်များကို ရည်မှန်းသည့် စစ်ဆင်ရေးကို အစ္စရေးက စတင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထောက်လှမ်းရေးသတင်းအရ အီရန်ခေါင်းဆောင်များ အစည်းအဝေးကျင်းပမည်ဟု သိရှိရပြီးနောက် အစ္စရေးက အခွင့်အရေးတစ်ရပ်အဖြစ် မြင်ကာ တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြောင်း Pete Hegseth က ဆိုသည်။
အီရန်ကို တိုက်ခိုက်မှုသည် အချိန်မီဖြစ်စေ၊ နောက်ကျဖြစ်စေ နောက်ဆုံးတွင် စစ်ရေးအရေးယူမှုတစ်ရပ် မဖြစ်မနေ လိုအပ်မည်ဟု အမေရိကန်အစိုးရဘက်မှ ယူဆထားကြောင်း Marco Rubio က မှတ်ချက်ပေးခဲ့သည်။ အခြေအနေများ ဘယ်လိုဖြစ်နေပါစေ ယင်းစစ်ဆင်ရေးသည် နောက်ဆုံးတွင် အကောင်အထည်ဖော်ရမည့် လုပ်ဆောင်ချက်တစ်ရပ်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကိုးကား – Agence France-Presse (AFP)
ဓာတ်ပုံ – European Pressphoto Agency (EPA)