နတ်ရေကန်တောင်ကမ္ဘာလုံးစခန်းအား AA တပ်ဖွဲ့က သိမ်းပိုက်၊ တိုက်ပွဲများ ဆက်လက်ပြင်းထန်

အောက်တို ၁၄
The Kaladan Post
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်တောင်ကမ္ဘာလုံးစခန်းကို အာရက္ခ တပ်တော် (AA) နှင့် မဟာမိတ်တပ်ဖွဲ့များက အောက်တိုဘာ ၁၀ ရက်တွင် သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာ ထွက်ပြေးခဲ့ကြောင်း သတင်းရရှိသည်။ AA တပ်ဖွဲ့ဝင်များက စခန်းသိမ်းပိုက်မှုကို အနီးကပ်ရိုက်ကူးထားသည့် ရုပ်သံဖိုင်များ လူမှုကွန်ယက်တွင် အောက်တိုဘာ ၁၀ရက်နေ့က ပျံ့နှံ့ခဲ့သည်။ အဆိုပါရုပ်သံဖိုင်ဟာ တောင်ကမ္ဘာလုံးစခန်းတိုက်ခိုက် သိမ်းပိုက်နေချိန် တွင် အာရက္ခ တပ်တော် (AA) တပ်ဖွဲ့ဝင်တွေက အနီးကပ်ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် နတ်ရေကန်တောင်ခြေရှိ ကျေးရွာများကို နေ့စဉ်ဗုံးကြဲ တိုက်ခိုက်နေသဖြင့် ကျေးရွာများ မီးလောင်ပျက်စီးခဲ့ရသည်။ အောက်တိုဘာလ ပထမအပတ်တွင် ကမ္ဘာလုံးစခန်း၏ ကာကင်းစခန်းများအားလုံးကို AA နှင့် မဟာမိတ်တပ်များက သိမ်းပိုက်ခဲ့ပြီး၊ လက်ရှိတွင် အမ်း-ပဒါန်းလမ်းဟောင်းနှင့် လမ်းသစ်ကို ပိတ်ဆို့ထိန်းချုပ်ထားကာ စစ်ကောင်စီ၏ စစ်ကူနှင့် ထွက်ပြေးတပ်ဖွဲ့များကို ဆက်လက်တိုက်ခိုက်လျက်ရှိသည်။ နတ်ရေကန်တောင်အနီး တဝိုက်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး၊ စစ်ကောင်စီတပ်က အောက်တိုဘာ ၁၃ ရက် အထိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင် စစ်တပ်၏ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားများ သေဆုံးဒဏ်ရာရ

အောက်တို ၁၄
The Kaladan Post
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့၊ အုန်းမစွမ်ကျေးရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၄ ရက် နံနက် ၇ နာရီ ၁၅ မိနစ်တွင် တိုက်ပွဲမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးပြီး ကလေးငယ် ၃ ဦးအပါအဝင် အရပ်သား ၄ ဦး ဒဏ်ရာရရှိခဲ့သည်။ နေအိမ် ၁၀ လုံး ပျက်စီးပြီး အိမ်မွေးတိရစ္ဆာန်များလည်း သေဆုံးခဲ့သည်။ ထို့ပြင် အောက်တိုဘာ ၁၃ ရက်တွင် ကယားကြီးရွာကို ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၆ လုံးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အသက် ၁၉ နှစ်အရွယ် မောင်အစောတစ်ဦး ဒဏ်ရာရရှိပြီး စာသင်ကျောင်း ၂ ဆောင်နှင့် နေအိမ် ၆ လုံး ပျက်စီးခဲ့သည်။ အောက်တိုဘာ ၄ ရက်ကလည်း ဇယ်တုန်ဟုန်းကျေးရွာရှိ စာသင်ကျောင်းအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦး သေဆုံးပြီး ကလေးငယ် ၆ ဦးအပါအဝင် အရပ်သား ၉ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၆ လုံး ပျက်စီးခဲ့သည်။

ပေါက်မြို့နယ် တပ်ကုန်းပျူစောထီးရွာမှ မိသားစုဝင်တစ်ဦးကို နဂါးပြောက်ကျားတပ်ဖွဲ့က ဖမ်းဆီးရမိ

အောက်တို ၁၄
The Kaladan Post
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တပ်ကုန်းပျူစောထီးကျေးရွာမှ စားနပ်ရိက္ခာရှာဖွေထွက်လာသည့် ပျူစောထီးမိသားစုဝင် ဦးပွေးဆိုသူကို အောက်တိုဘာ ၁၂ ရက် နံနက် ၉ နာရီခန့်တွင် ပေါက်တောင် ပိုင်းနဂါးပြောက်ကျားတပ်ဖွဲ့ (ပကဖ) က နယ်မြေလုံခြုံရေးလှည့်ကင်းစဉ် ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးခံရသူထံတွင် လက်နက်မပါရှိဘဲ မှိုနှင့်မျှစ်ရှာဖွေရန် ထွက်လာရင်း ဖမ်းဆီးခံရခြင်းဖြစ်သည်။ လက်ရှိတွင် တော်လှန်ရေးတပ်ဖွဲ့များက ဦးပွေးအား စစ်ဆေးမေးမြန်းနေပြီး၊ ပြစ်မှုကျူးလွန်မှုရှိ ပါက ပေါက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ထံ လွှဲပြောင်းအရေးယူရန် ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။ တပ်ကုန်းပျူစောထီးရွာတွင် စစ်သားများနှင့် ပျူစောထီးအဖွဲ့ဝင်များသည် စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် မိသားစုဝင်များကို ရွာပြင်သို့ စားနပ်ရိက္ခာရှာဖွေရန် လွှတ်နေရသည်ဟု သိရသည်။

 

ချေင်းဦးဆီမီးသပိတ်တွင် ဗုံးကြဲခံရမှုအတွက် ဆုတောင်းပွဲ စစ်ကိုင်းတိုင်းတွင် ကျင်းပ

အောက်တို ၁၄
The Kaladan Post
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာတွင် အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်ညက သီတင်းကျွတ်မီးထွန်းပွဲနှင့် ဆီမီးသပိတ်ပြုလုပ်နေစဉ် အကြမ်းဖက်စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂၀ကျော် သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ထိုဖြစ်စဉ်အတွက် အောက်တိုဘာ ၁၃ရက်တွင် တော်လှန်ပုန်ကန် ဒေါင်းတို့အားမာန် သပိတ်စစ်ကြောင်းနှင့် ယင်းမာပင် -ဆားလင်းကြီးဒေသတွင်းရှိ သပိတ်အင်အားစုများ ပူးပေါင်း၍ ဆုတောင်းပွဲတစ်ခု ကျင်းပခဲ့သည်။

မကွေးတိုင်းတွင် စစ်တပ်က ခရီးသည်တင်ကားပေါ်မှ လူငယ် ၈ဦးကို ဖမ်းဆီးပေါ်တာဆွဲ

အောက်တို ၁၄
The Kaladan Post
မကွေးတိုင်း၊ ပွင့်ဖြူနှင့် စလင်းမြို့နယ်များတွင် စစ်ကောင်စီတပ်က လူငယ် ၈ ဦးကို စစ်မှုထမ်း အဖြစ် ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ပြည်သူ့ညီနောင်-စလင်း သတင်းတာဝန်ခံက ပြောကြားသည်။ အောက်တိုဘာ ၁၁ ရက်တွင် ပွင့်ဖြူမြို့နယ်၊ ကပြည့်လမ်းခွဲ၌ ရန်ကုန်-မကွေး-စလင်း-ဆင်ဖြူကျွန်း ပြေးဆွဲနေသော နန်းထိုက်တော်ဝင်ခရီးသည်တင်ကားပေါ်မှ လူငယ် ၇ဦးကို စစ်တပ်က ဆွဲချဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။ ထို့အတူ အောက်တိုဘာ ၁၂ ရက် နံနက် ၆:၁၅ တွင် စလင်းမြို့နယ်၊ ဆိတ်ကြီး ကျေးရွာသို့ စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူငယ် ၁ ဦးကို ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရ သူများမှာ အသက် ၂၂ နှစ်မှ ၃၀ ဝန်းကျင်ရှိသူများဖြစ်သည်။ အောက်တိုဘာလအတွင်း စလင်းနှင့် ပွင့်ဖြူမြို့ နယ်များတွင် လူငယ် ၂၆ ဦး ဖမ်းဆီးခံခဲ့ရပြီး ၁၀ ဦးမှာ ငွေကြေးပေးပြီး ပြန်လွတ်လာခဲ့သည်။ စစ်တပ်က မြို့ပေါ်များတွင် အိမ်စီးကားများဖြင့် နေ့ရောညပါ ပေါ်တာဆွဲဖမ်းဆီးမှုများ ဆက်လက် လုပ်ဆောင်နေပြီး၊ ငွေဖြင့်ရွေးမယူနိုင်သူများကို စစ်မှုထမ်းသင်တန်းကျောင်းများသို့ ပို့ဆောင်နေ သည်ဟု ဒေသခံများထံမှ သိရသည်။

ကရင်ပြည်နယ်တွင် စစ်ကောင်စီက စစ်မျက်နှာ ၅ ခုဖြင့် ထိုးစစ်ဆင်နေ၍ တိုက်ပွဲများ ပြင်းထန်ဆက်ဖြစ်ပွား

အောက်တို ၁၄
The Kaladan Post
ကရင်နီပြည်နယ်အတွင်း လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲနှင့် ကရင်နီ-ရှမ်းတောင်နယ်စပ်ရှိ ဖယ်ခုံမြို့နယ်များတွင် စစ်ကောင်စီက စစ်မျက်နှာ ၅ ခုဖွင့်ထားပြီး ထိုးစစ်ဆင်နေသဖြင့် တော်လှန် ရေးတပ်များနှင့် နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေး တပ်မတော် (KNDF) က ယမန်နေ့ အောက်တိုဘာ ၁၃ ရက်နေ့က ထုတ်ပြန်သည်။ ဒီးမော့ဆိုမြို့ နယ်တွင် စစ်ကောင်စီက ဒေါငံခါးရပ်ကွက်နှင့် တနန်းဥကွိုင်ကျေးရွာများမှ ခေါက်ပလော့ရွာဘက်သို့ ထိုးဖောက်လာပြီး တိုက်ပွဲများ ဖြစ်ပွားနေ၍၊ ဒီးမော့ဆို-ဖရူဆို လမ်းမကြီးတစ်လျှောက်တွင်လည်း စစ်ကောင်စီကတပ်စွဲကာ နေ့စဉ်တိုက်ပွဲများ ဆက်ဖြစ်ပွားနေသည်။ ဘောလခဲမြို့နယ်၊ ဝမ်းမလန်း ကျေးရွာအနီးတဝိုက်တွင် အောက်တိုဘာ ၆ ရက်က တိုက်ပွဲတစ်နာရီကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ထိခိုက်ကျဆုံးမှု များပြားခဲ့သည်။ ထို့အတူ လွိုင်ကော်မြို့နယ်အရှေ့ဘက်တွင်လည်း အောက်တိုဘာ ၆ ရက်က လွိုင်လင်လေးမြို့နယ် ကရင်နီ-ရှမ်းတောင်နယ်စပ်ကျေးရွာများဘက်သို့ စစ်ကောင်စီနှင့် PNO ပူးပေါင်းတပ်များက ထိုးလာရာ သုံးနာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ အောက်တိုဘာ ၇ ရက် နှင့် ၉ ရက်တွင်လည်း လင်းဖုံကြီးရွာအနီးတွင် စစ်ကောင်စီ စစ်ကြောင်း ၂ ခုနှင့် အင်အား ၆၀ ကျော် ဖြင့် ထိုးစစ်ဆင်လာရာ နှစ်ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ သေဆုံး ၁၀ ကျော်နှင့် လက်နက် ၄ လက်သိမ်းဆည်းရရှိခဲ့သည်။ ဖယ်ခုံမြို့နယ်၊ မြောက်စလုံးကျေးရွာတွင် စစ်ကောင်စီနှင့် PNO ပူးပေါင်း တပ်များက အိမ်များ မီးရှို့ဖျက်ဆီး၊ လက်နက်ကြီးနှင့် ဒရုန်းဖြင့် တိုက်ခိုက်နေသည်။ ကရင်နီပြည်နယ်နှင့် နယ်စပ်ဒေသများတွင် စစ်ကောင်စီ အင်အားအလုံးရင်းဖြင့် စစ်မျက်နှာဖွင့်ထား သဖြင့် ပြည်သူများအား စစ်ရေးနှင့် လုံခြုံရေး သတိပေးထားသည်။

ကျောက်ထုတပ်မှ ဒုတပ်ကြပ်နှစ်ဦးနှင့်ဆောမြို့မှ တပ်ကြပ်ကြီးတစ်ဦးထွက်ပြေးလာပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိ

အောက်တို ၁၄
The Kaladan Post
ကျောက်ထု အမတ ၃၆၈ တပ်မှ ဒုတပ်ကြပ်နှစ်ဦးသည် ၀၉.၁၀.၂၀၂၅ ရက်နေ့တွင် ထွက်ပြေးလာပြီး ယောမြို့ကျေးရွာအတွင်း အရပ်ဝတ်ဖြင့် အရက်တောင်းယူ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် ၎င်းတို့သည် သေနတ်ဖောက်ပြီး ရွာသားများကို ခြိမ်းခြောက်ကာ အရက်ရှာပေးရန် ပြောဆိုခြင်းများ ပြုလုပ်ကြသဖြင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှင့် ပြည်သူများက ၁၀.၁၀.၂၀၂၅ ရက်နေ့ မနက် ၀၈:၃၀ ခန့်တွင် ၎င်းတို့အား MA-5 ပစ္စတိုတစ်လက်၊ ၉ မမ ကျည်ငါးတောင့်၊ လက်ပစ်ဗုံးတစ်လုံးနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့ထွက်ပြေးမှု ကြောင့် ကျောက်ထု အမတ ၃၆၈ တပ်မှ စစ်သားအင်အား ၁၂၀ ခန့်သည် ၁၀.၁၀.၂၀၂၅ နှင့် ၁၁.၁၀.၂၀၂၅ရက်များတွင် ယောမြို့ကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သော်လည်း ယခုအခါ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်သည်။ ထို့အပြင် ၁၁.၁၀.၂၀၂၅ ညနေတွင် ဆောမြို့မှ ထွက်ပြေးလာ သော တပ်ကြပ်ကြီးတစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြသည်။ လက်ရှိတွင် ဖမ်းဆီးရမိထားသည့် စစ်သားသုံးဦးအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေပြီး၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ဆက်လက်စောင့်ကြည့်နေသည်။


စစ်ကောင်စီ၏ ကျင့်ပမည့်ရွေးကောက်ပွဲကို ထောက်ခံခြင်းသည် မြန်မာပြည်သူများ၏ ဒုက္ခကို ပိုမိုနက်ရှိုင်းစေမည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း သတိပေး

အောက်တို ၁၄
The Kaladan Post
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က နယူးယောက်မြို့တွင် ကျင်းပသည့် အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မတီ အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲသည် ပြည်သူများ၏ ဒုက္ခကို ပိုမိုဆိုးရွားစေပြီး အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှုများကိုသာ ဖြစ်ပေါ်စေမည်ဟု နိုင်ငံတကာသို့ သတိပေးခဲ့သည်။ သံအမတ်ကြီးက စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများ နောက်ပြန်ဆုတ်ယုတ်သွားပြီး၊ အကြမ်းဖက်စစ်အုပ်စုက တရားဥပဒေစိုးမိုးရေးကို ဖျက်ဆီးကာ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို အားပေးနေသည်ဟု ထောက်ပြသည်။ ၎င်းတို့၏ ရွေးကောက်ပွဲသည် ဖွံ့ဖြိုးတိုးတက်မှုများကို ထပ်မံဆုတ်ယုတ်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် စစ်အုပ်စုက အရပ်သားများကို နေရပ်စွန့်ခွာစေပြီး အခြေခံဝန်ဆောင်မှုများကို ပိတ်ပင်နေ သဖြင့် ဆင်းရဲမွဲတေမှု၊ စားနပ်ရိက္ခာမလုံခြုံမှုနှင့် ပညာရေးကျဆင်းမှုများ မြင့်တက်လာနေသည်။ ကျေးရွာများနှင့် လယ်ယာမြေများကို မီးရှို့ဖျက်ဆီးမှု၊ ကလေးသူငယ်များအပေါ် လေကြောင်းတိုက် ခိုက်မှုနှင့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများက ကျား၊ မ မညီမျှမှုကို ပိုမို ဆိုးရွားစေသည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။ စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်းမှု ကြောင့် လူငယ်များ ထွက်ပြေးနေရပြီး ပြည်တွင်းစီးပွားရေးနှင့် လုပ်သားအင်အား ကျဆင်းလာကာ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များ ကြီးထွားလာနေသည်။ သံအမတ်ကြီးက နိုင်ငံတကာ အသိုက်အဝန်းအား အတုအယောင်ရွေးကောက်ပွဲကို ပယ်ချရန်နှင့် မြန်မာပြည်သူများ၏ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေး ကြိုးပမ်းမှုကို ထောက်ခံရန် အလေးအနက် တိုက်တွန်းခဲ့သည်။

သရက်ချောင်းမြို့နယ် စစ်ကောင်စီတပ်၏ ကျေးရွာများမီးရှို့ဖျက်ဆီးမှုကြောင်း ‌ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

အောက်တို ၁၄
The Kaladan Post
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် တော်လှန်ရေးတပ်ဖွဲ့များ အကြား အောက်တိုဘာ ၉ ရက်က ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီးနောက်၊ စစ်ကောင်စီတပ်က မိုးရွှေကုန်းရွာ၊ ကျောက်လှေကားရွာနှင့် ကင်းရှေ့ရွာတို့တွင် နေအိမ်ပေါင်း ၅၀ ကျော်ကို မီးရှို့ဖျ က်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်သည် ရွာများမှ ဆိုင်ကယ် ၂၀ ကျော်၊ တီဗွီ၊ တွန်းလှည်းများ၊ ဘေးတွဲဆိုင်ကယ်များနှင့် ကျွဲ၊ နွားများကို သယ်ယူသွားခဲ့ပြီး ပန်းပြင်ရွာ ဘက်သို့ ဆုတ်ခွာသွားခဲ့ကြသည်။ ထိုသို့ဆုတ်ခွာစဉ် ဒေသခံများထံမှ PDF တပ်ဖွဲ့များရှိ မရှိ စစ်ဆေးမေးမြန်းမှုများလည်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ဤဖြစ်ရပ်မှာ ခမရ ၄၀၅ တပ်မှ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး၊ ယခင် သြဂုတ်လ ၂၂ ရက်ကလည်း မိုးရွှေကုန်းရွာတွင် နေအိမ်များ ကို မီးရှို့ဖျက်ဆီးခဲ့ဖူးသည်။ လက်ရှိတွင် စစ်ကောင်စီ၏ ဆက်လက်စစ်ကြောင်းထိုးမှုကြောင့် မိုးရွှေကုန်း၊ ကင်းရှေ့၊ ကျောက်လှေကားရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။