သရက်ချောင်းရွာတွင် စစ်တပ်ဒရုန်းပျက်ကျပြီး သာယာဝတီဂဠုန်တပ်ဖွဲ့က သိမ်းဆည်းရရှိ

အောက်တို ၁၉
The Kaladan Post
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းရွာသို့ ဗုံးကျဲရန်လာသော အကြမ်းဖက်စစ်တပ်၏ ဒရုန်းတစ်စီးသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက် နံနက် ၁၀:၃၀ ခန့်တွင် စက်ချို့ယွင်းမှု ကြောင့် ပျက်ကျခဲ့သည်။ အဆိုပါဒရုန်းကို သာယာဝတီဂဠုန်တပ်ဖွဲ့က ရွာအနောက်ဘက်တွင် သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံသောနေရာသို့ ပြောင်းရွှေ့ထားသည်။ထို့ပြင်၊ အောက်တိုဘာလ ၁၅ ရက်ကလည်း သရက်ချောင်းရွာသို့ မီးရှို့ဖျက်ဆီးရန် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးထက်မနည်း သေဆုံးပြီး ၁၂ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့သည်။ ထို့အပြင် လက်နက်အစုံ ၁၉ လက်၊ ခဲယမ်းနှင့် စစ်သုံးပစ္စည်းများကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်တွင် ရဲတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဒုရဲအုပ်အပါအဝင် ၂ ဦး ဒဏ်ရာပြင်းထန်ရရှိ

အောက်တို ၁၉
The Kaladan Post
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မှတ္တိုင်ရဲစခန်းမှ ဒုရဲအုပ်အေးမင်းထွန်းဦးစီးသော ရဲ ၅ ဦး သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၈ရက် နံနက် ၉:၁၅တွင် ဆိုင်ကယ် ၃စီးဖြင့် တမံကြီးရွာဘက် သို့ ဂိတ်ဖွင့်စစ်ဆေးရန် ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၂၁ လက်အောက်ရှိ အမှတ် ၃၆၀၁ တပ်ရင်း၊ တပ်ခွဲ ၄ မှ ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုကြောင့် ဒုရဲအုပ်အေးမင်းထွန်းနှင့် နယ်ထိန်းအောင်ကျော်ထက်တို့ အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ကို ပြည်ဆေးရုံသို့ အလုံပိတ်ကားဖြင့် သယ်ဆောင်သွားကာ သေဆုံးမှု ရှိ၊ မရှိ စုံစမ်းနေဆဲဖြစ်သည်။ အဆိုပါရဲတပ်ဖွဲ့သည် တမံကြီးရွာလမ်းဆုံတွင် ဂိတ်ဖွင့်၍ ခရီးသွားပြည်သူများ၏ ဆိုင်ကယ်များကို ဖမ်းဆီးခြင်း၊ စားသောက်ကုန်များ သိမ်းဆည်းခြင်း၊ အဓမ္မစစ်မှုထမ်းစုဆောင်းခြင်း၊ ငွေတောင်းခံပြီး မပေးနိုင်သူများကို ဖမ်းဆီးထောင်ချခြင်းတို့ ပြုလုပ်နေသည့် ဂိတ်ဖြစ်ကြောင်း သိရသည်။

 

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရှမ်းပြည်နယ်အတွင်း အရပ်သားထိခိုက်များ မြင့်တက်

အောက်တို ၁၉
The Kaladan Post
ရှမ်းပြည်နယ်ရှိ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့နှင့် မိုးကုတ်မြို့နယ်များတွင် စစ်တပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုများကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရရှိပြီး နေအိမ်များ၊ အဆောက်အအုံများနှင့် ကားများ ပျက်စီးခဲ့ကြောင်း ဒေသခံများနှင့် TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။ အောက်တိုဘာ ၁၉ ရက်တွင် မိုးကုတ်မြို့နယ် ရေအေးကျေးရွာရှိ မွေးမြူရေးကြက်ခြံကို ဗုံးကျဲခဲ့သော်လည်း လူထိခိုက်မှု အတိအကျ မသိရသေးပေ။ နမ့်ဆန်မြို့ နမ္မဝေါရပ်ကွက်တွင် ပေါင် ၂၅၀ ဗုံးဖြင့် တိုက်ခိုက်မှုကြောင့် လူ ၂ ဦး ဒဏ်ရာရပြီး နေအိမ် ၂ လုံး၊ လက်ဖက်စက်ရုံ ၁ ရုံ၊ မီးသတ်ကား ၅ စီးနှင့် ကား ၄ စီး ပျက်စီးခဲ့သည်။ မန်တုံမြို့ အောင်ချမ်းသာရပ်ကွက်တွင် နေအိမ် ၆ လုံး၊ မိုင်းငေါ့မြို့နယ် လွယ်ပိန်းကျေးရွာတွင် ဘုန်းကြီးကျောင်းနှင့် ဇရပ်တို့ ဗုံးထိမှန် ပျက်စီးခဲ့သည်။ အောက်တိုဘာ ၁ မှ ၁၈ ရက်အတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု ၂၈ ကြိမ်ကြောင့် သံဃာ ၂ ပါး၊ ကလေး ၈ ဦး၊ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၉ ဦးအပါအဝင် စုစုပေါင်း ၄၁ ဦး သေဆုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ များပြားခဲ့ကြောင်း သိရသည်။

 

လိုင်ဇာမြို့တွင် စစ်တပ်၏ အသေခံဒရုန်းတိုက်ခိုက်မှုကြောင့် တရုတ်လင်မယား ဒဏ်ရာရပြီး စျေးဆိုင်များ ပျက်စီး

အောက်တို ၁၉
The Kaladan Post
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ၏ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၁၆ ရက် ည ၁၁ နာရီကျော်တွင် အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စည်ပင်သာယာ စျေးတန်းရှိ ဟင်းသီးဟင်းရွက်ရောင်းချသည့် တရုတ်လင်မယား ၂ဦး ဒဏ်ရာရရှိပြီး စျေးဆိုင်ခန်း များ ပျက်စီးခဲ့ကြောင်း Laiza TV ၏ အောက်တိုဘာ ၁၈ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ၂၀၂၄ ခုနှစ်အတွင်း လိုင်ဇာမြို့အား အသေခံဒရုန်းဖြင့် တိုက်ခိုက်မှုမှာ ၆ ကြိမ်ရှိပြီဖြစ်ပြီး၊ စစ်တပ်သည် KIA ဦးဆောင်သော ပူးပေါင်းတပ်များနှင့် တိုက်ပွဲများတွင် အထိနာချိန်တိုင်း လိုင်ဇာမြို့ကို လေ ကြောင်း သို့မဟုတ် လက်နက်ကြီးဖြင့် တိုက်ခိုက်လေ့ရှိကြောင်း သိရသည်။ အထူးသဖြင့် ၂၀၂၄ နှစ် လယ်ပိုင်းမှစ၍ စစ်တပ်စခန်းများ သိမ်းပိုက်ခံရပြီးနောက် ဒရုန်းအသုံးပြုမှု ပိုမိုများပြားလာသည်။ ထို့ပြင် စစ်တပ်က စာသင်ကျောင်းများကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကချင် ပြည်နယ်အပြင် ရှမ်းနှင့် ချင်းပြည်နယ်များတွင် ကျောင်းသားများ ထိခိုက်သေဆုံးမှုများ ရှိနေသည်။ အောက်တိုဘာလအတွင်း ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့်နှင့် မချမ်းဘောမြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး၊ စစ်တပ်က တိုက်ပွဲမဖြစ်သည့်နေရာများကိုပါ လေကြောင်းနှင့် လက်နက်ကြီးဖြင့် ရမ်းသမ်းတိုက်ခိုက်မှုများကြောင့် အရပ်သား သေဆုံးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများ က ပြောဆိုကြသည်။

နမ့်ဆန်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၇ ဦး သေဆုံး

အောက်တို ၁၉
The Kaladan Post
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာကို အောက်တိုဘာ ၁၈ ရက် ည ၈ နာရီကျော်တွင် အကြမ်းဖက်စစ်တပ်က ပေါင် ၅၀၀ ဗုံးသီး ၂ လုံးဖြင့် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၆ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် နေအိမ် ၁၂ လုံး ပျက်စီးခဲ့သည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လာရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ဒဏ်ရာရသူများထဲတွင် အဖွားအိုတစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိကြောင်း နယ်မြေ ခံသတင်းရင်းမြစ်က ပြောသည်။ တစ်ချိန်တည်းမှာပင် ကျောက်မဲနှင့် မိုင်းငေါ့ကြားရှိ ၁၁ မိုင်ရွာရှိ ဘာသာရေးအဆောက်အအုံတစ်ခုကိုလည်း စစ်တပ်က ပေါင် ၅၀၀ ဗုံးဖြင့် တိုက်ခိုက်ခဲ့ရာ ဘုန်းကြီး ၂ ပါး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် အောက်တိုဘာ ၁၄ ရက်က နမ့်ဆန်မြို့နယ်၊ အုန်းမစွမ် ကျေးရွာကို ဂျက်ဖိုက်တာဖြင့် ရော့ကတ်ဒုံး ၁၀ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့သည်။ နမ့်ဆန်မြို့နယ်တွင် တအာင်းတပ်မတော် (TNLA) ထိန်းချုပ်ထားပြီး ရွေးကောက်ပွဲပြုလုပ်ရန် ခက်ခဲမှုများရှိကြောင်း၊ ဒေသခံများမှာ လားရှိုးသို့ စစ်ရှောင်ရန် စီစဉ်နေကြသည်ဟု သတင်းရင်းမြစ်က ဆိုသည်။

 

KNDF တပ်ရင်း (၁၄) မှ ကျဆုံးရဲဘော် ခူးဟားရယ်အတွက် ဂုဏ်ပြုစျာပနအခမ်းအနား ကျင်းပ

အောက်တို ၁၉
The Kaladan Post
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ် (၁၄) တပ်ရင်းမှ ရဲဘော် ခူးဟားရယ် သည် အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်ရင်း ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်တွင် ရှေ့တန်းစစ်မြေပြင်တွင် ကျဆုံးခဲ့ကြောင်း KNDF တပ်ရင်းက ယနေ့ထုတ်ပြန်ခဲ့သည်။ ရဲဘော် ခူးဟားရယ်သည် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်တွင် KNDF တပ်ရင်း (၁၄) သို့ စတင်ဝင်ရောက်ခဲ့ပြီး ပေးအပ်ထားသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သူဖြစ်သည်။ ရန်သူကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နိုင်သည့် သူရဲကောင်းတစ်ဦးအဖြစ် တိုင်းပြည်နှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အသက်ပေးဆပ်ခဲ့သည်။ KNDF တပ်ရင်း (၁၄) က ရဲဘော် ခူးဟားရယ်အတွက် အလေးပြုခြင်း၊ သေနတ်ပစ်ဖောက်ဂုဏ်ပြုခြင်းနှင့် စျာပနအခမ်းအနားကို ကျင်းပပေးခဲ့ပြီး၊ ၎င်း၏ ကျဆုံးမှုအပေါ် မိသားစုဝင်များနှင့်အတူ ဝမ်းနည်းကြေကွဲရသလို အာဇာနည်သူရဲကောင်းအဖြစ် အစဉ်အမြဲ ဂုဏ်ယူမှတ်တမ်းတင်ထားကြောင်း ထုတ်ပြန်ခဲ့သည်။

 

လောင်းလုံးမြို့ပေါ်တွင် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

အောက်တို ၁၉
The Kaladan Post
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ် အောင်သပြေဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို အောက်တိုဘာ ၁၇ ရက် မနက်အစောပိုင်းတွင် ထားဝယ်ခရိုင် တပ်ပေါင်းစုနှင့် လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့တို့ ပူးပေါင်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁ နာရီခွဲခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ရာ အထဲမှ ၂ ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီတပ်သည် လောင်းလုံးမြို့တွင် လမ်းသွားလာပြည်သူများကို နေ့စဉ် ခြိမ်းခြောက်၊ အနိုင်ကျင့်မှုများ ပြုလုပ်နေပြီး၊ လူငယ်များကို အဓမ္မပေါ်တာဆွဲခြင်း၊ စစ်မှုထမ်း အတင်းစုဆောင်းခြင်း၊ ခရီးသွားပြည်သူများကို မတရားဖမ်းဆီးခြင်းနှင့် ငွေကြေးအဆမတန် တောင်းခံခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေကြောင်း ပကဖက ဆိုသည်။ တိုက်ခိုက်မှုအပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဝက်လက်မြို့နယ် ကျောက်ကုန်းရွာသို့ စစ်တပ်စစ်ကြောင်းထိုး၍ ဒေသခံ ၁၁ ဦးဖမ်းဆီးခံရ

အောက်တို ၁၉
The Kaladan Post
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာသို့ အောက်တိုဘာ ၁၉ ရက် မနက် ၇ နာရီခန့်တွင် အရာတော်မြို့နယ်၊ သလဲဘာပျူစောထီးကျေးရွာမှ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီး ၅၀ ဝန်းကျင်ပါ စစ်ကြောင်းသည် လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်လာပြီး ဒေသခံ ၁၁ ဦးခန့်ကို ဖမ်းဆီးထားကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ခဲ့သည်။ သတင်းရင်းမြစ်တစ်ဦးက အမျိုးသမီး ၂ ဦးအပါအဝင် ဓားစာခံအဖြစ် ဖမ်းဆီးခံရ သူများ ရှိကြောင်း အတည်ပြုပြီး၊ စစ်ကြောင်းသည် ရွာထဲတွင် ဆက်လက်တပ်စွဲထားကာ ပြည်သူပိုင်ပစ္စည်းများကို လုယူနေကြောင်း ပြောဆိုသည်။ ကျောက်ကုန်းရွာသည် သလဲဘာရွာနှင့် မူးမြစ်တံတားခြားရုံသာ အနီးကပ်တည်ရှိပြီး၊ ယခုမတိုင်ခင် အကြိမ်ရေများစွာ စစ်ကြောင်းထိုး ခံခဲ့ရသည်။ ယခင်စစ်ကြောင်း ထိုးမှုများတွင်လည်း ရွာခံ ၄ ဦးကို ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရ သည်ဟု ပကဖ၏ အချက်အလက်များအရ သိရသည်။ အောက်တိုဘာလအတွင်း ဝက်လက်မြို့နယ် အရှေ့ခြမ်းတွင် စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုများနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး၊ ရွှေဘို-မုံရွာ ဖြတ်လမ်းရှိ ရွာသာကြီးရွာတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူအချို့ ထိခိုက်သေဆုံးခဲ့ သည်။ စစ်ရေးအခြေအနေအရ ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ လမ်းပိုင်းများကို တော်လှန်ရေး တပ်ဖွဲ့များက အောက်တိုဘာ ၅ ရက်မှစတင်ပြီး ယာယီပိတ်ထားခြင်းဖြစ်သည်။