စစ်ကိုင်းတိုင်း PDF တပ်ဖွဲ့များအတွက် သက်ကယ်ကျည်ကာ ထောက်ပံ့ရေး ရံပုံငွေရှာဖွေရေး ကမ်ပိန်း စတင်
အောက်တို ၂၅
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့စစ်ရုံးချုပ်က စစ်ကိုင်း တိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့များအတွက် သက်ကယ်ကျည်ကာ ပစ္စည်းများ ထောက်ပံ့ရန် ရံပုံငွေရှာဖွေရေး ကမ်ပိန်းတစ်ခု စတင်ခဲ့ကြောင်း အောက်တိုဘာ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ဤကမ်ပိန်းသည် PDF တပ်ဖွဲ့များအား ကျည်ကာဦးထုပ်၊ ကျည်ကာပြားနှင့် ကျည်ကာဝတ်စုံများ တပ်ဆင်ပေးရန် ရည်ရွယ်ထားပြီး၊ တိုက်ပွဲများတွင် တပ်ဖွဲ့ဝင်များ၏ အထိအခိုက်နှင့် အသက်ဆုံးရှုံးမှု လျော့နည်းစေရန် ရည်မှန်းထားခြင်းဖြစ်သည်။ ဤရံပုံငွေရှာဖွေရေး ကမ်ပိန်းသည် အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ ရရှိရန် သတ်မှတ်ထားပြီး၊ အောက်တိုဘာ ၂၄ ရက်မှ နိုဝင်ဘာ ၂၈ ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ NUG က ပြည်သူများအား ဤကမ်ပိန်းတွင် ပါဝင်ကူညီရန် ဖိတ်ခေါ်ထားသည်။

မြန်မာ့အကျပ်အတည်းနှင့် နယ်ကျော်ရာဇဝတ်မှု ဖြေရှင်းရန် အာဆီယံ တိုက်တွန်း
အောက်တို ၂၅
The Kaladan Post
မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က မြန်မာနိုင်ငံအနေဖြင့် အာဆီယံဒေသတွင်း သက်ရောက်မှုရှိသော နယ်ကျော်ရာဇဝတ်မှုပြဿနာများကို ဖြေရှင်းရန် လုပ်ဆောင်ရန် အာဆီယံ အဖွဲ့ဝင်နိုင်ငံများက လိုလားကြောင်း အောက်တိုဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ အာဆီယံ၏ ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်မှုဆိုင်ရာ အလွတ်သဘော ဆွေးနွေးပွဲတွင် နယ်ကျော်ရာဇဝတ်မှု၊ လူသားချင်းစာနာထောက်ထားမှု အကူအညီနှင့် မြန်မာ့ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ မိုဟာမက်က နယ်ကျော်ရာဇဝတ်မှုများသည် အာဆီယံနိုင်ငံများ အတွက် ပြဿနာတစ်ခု ဖြစ်နေပြီး၊ ၎င်းကို မြန်မာအာဏာပိုင်များက ရပ်တန့်ရန် လိုအပ်ကြောင်း ထောက်ပြခဲ့သည်။ မြန်မာစစ်အုပ်စုက ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတပြီး အားလုံးပါဝင်နိုင်သော ရွေးကောက်ပွဲဖြစ်ရန် အာဆီယံက မျှော်လင့်ကြောင်း၊ သို့သော် လူတစ်စုသာ ပါဝင်နိုင်သည့် ရွေးကောက်ပွဲကို လက်မခံကြောင်း ဖော်ပြခဲ့သည်။ ထို့ပြင် မြန်မာစစ်အုပ်စု၏ နိုင်ငံ သားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်ရန်လည်း တောင်းဆိုခဲ့သည်။ လူသားချင်း စာနာထောက်ထားမှု အကူအညီများ လိုအပ်သူများထံ အမှန်တကယ် ရောက်ရှိရန် မြန်မာအာဏာ ပိုင်များကို အာဆီယံက တောင်းဆိုထားသော်လည်း၊ ပိတ်ဆို့မှုများကြောင့် အကူအညီဖြန့်ဝေရေး အခက်အခဲရှိနေသည်ဟု မိုဟာမက်က စိတ်ပျက်စွာ ပြောကြားခဲ့သည်။ ဘုံသဘောတူညီချက်ငါးရပ် သည် မြန်မာ့အရေးကို ကိုင်တွယ်ရာတွင် အာဆီယံ၏ အခြေခံအုတ် မြစ်ဖြစ်ပြီး၊ ၎င်းကို အကောင်အထည်ဖော်ရန် မခက်ခဲကြောင်း သူက အလေးပေးပြောဆိုခဲ့သည်။

ပျူစောထီ ခေါင်းဆောင် ဦးစိုးသန်း ဖမ်းဆီး၊ ရာဇဝတ်မှုများ စစ်ဆေး ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့ ကြေညာခြင်း
အောက်တို ၂၅
The Kaladan Post
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာအခြေစိုက် ပျူစောထီ ခေါင်းဆောင် ဦးစိုးသန်းအား ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်၊ နေ့လည် ၁၁ နာရီဝန်းကျင်တွင် ဖက်ဒရယ် ဓူဝံကြယ်တပ်ဖွဲ့က ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့သည်။ ဦးစိုးသန်းသည် စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း လောင်းလုံးမြို့နယ်တွင် စစ်တပ်ရေကြောင်း၊ ကုန်းကြောင်း စိုးမိုးရေး အတွက် စစ်ရေးလှုပ်ရှားမှုများတွင် ပါဝင်ကြိုးပမ်းခဲ့သူဖြစ်ပြီး၊ ကျောက်နီမော်ကျေးရွာနှင့် အနီးနား ရွာများတွင် ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးသက်ဖြတ် ခြင်း၊ အမျိုးသမီးများကို အဓမ္မပြုကျင့်ခြင်း၊ ဓားပြတိုက်ခြင်း၊ ငါးဖမ်းလှေများမှ ခြိမ်းခြောက်ငွေ ကျေးကောက်ခြင်း စသည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည့် အဓိက တာဝန်ရှိသူတစ်ဦးလည်း ဖြစ်သည်။ လက်ရှိတွင် ဦးစိုးသန်းအား ကျူးလွန်ခဲ့သော ရာဇဝတ်မှုများနှင့်ပတ်သက်၍ စစ်ဆေးနေ ပြီး၊ ထိုက်တန်သော ပြစ်ဒဏ်ချမှတ်ရန် ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ဖက်ဒရယ်ဓူဝံ ကြယ်တပ်ဖွဲ့က ထုတ်ပြန်ကြေညာထားသည်။ ဤဖမ်းဆီးမှုသည် ဒေသတွင်း ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို ကာကွယ်ရန် တပ်ဖွဲ့၏ ကြိုးပမ်းမှုတစ်ရပ်အဖြစ် ရှုမြင်နိုင်ပြီး၊ လောင်းလုံးမြို့နယ်တွင် ဆက်လက်ဖြစ်ပွားနေသော ရာဇဝတ်မှုများကို တုံ့ပြန်ရန် အရေးပါကြောင်း ဖော်ပြထားသည်။

ရပခ တိုင်းမှူးဖမ်းဆီးခံရပြီး စစ်ဌာနချုပ်များတွင် ရာထူးပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ်
အောက်တို ၂၅
The Kaladan Post
ရှမ်းပြည်နယ် တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်းစဩစစ်ဌာနချုပ် (ရပခ)တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦးအား တရားမဝင်ကုန်စည်သယ်ယူမှုတွင် လာဘ်စားမှုစွဲချက်ဖြင့် နေပြည်တော်စစ်ရုံးက ဖမ်းဆီးစစ်ဆေးနေပြီး ၎င်း၏နေရာကို မကွေးအခြေစိုက် တပ်မ ၈၈ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးကို အစားထိုးခန့်အပ်ခဲ့သည်။ ခိုလမ်အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) တိုင်းမှူးအဖြစ် ဗိုလ်ချုပ် စိုးမြတ်ထွဋ်ကို ခန့်အပ်ပြီး ယခင်တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း အား ဖယ်ရှားခဲ့သည်။ ထို့ပြင် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်တောင်ကြောတိုက်ပွဲများတွင် တာဝန်ယူနေသည့် စကခ ၁၇စကခမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်းအား မှော်ဘီဗိုလ်သင်တန်းကျောင်း သို့ ပြောင်းရွှေ့ပြီး ၎င်း၏နေရာတွင် ဗိုလ်မှူးကြီး မျိုးမြင့်ဦးကို ခန့်အပ်ခဲ့သည်။ စစ်တပ်အတွင်း တိုင်းမှူး၊ တပ်မမှူး၊ စကခမှူး၊ ကျောင်းအုပ်ကြီးစသည့် ရာထူးပေါင်း ၄၀ ကျော်ကို ပြောင်းလဲခဲ့ ကြောင်း CDM ဗိုလ်ကြီး ဇင်ယောက ပြောဆိုသည်။ ဤပြောင်းလဲမှုများသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဗျူဟာအရ မျိုးဆက်သစ်အရာရှိများကို ထိပ်ပိုင်းရာထူးများတွင် ချထားရန် ရည်ရွယ်ချက်ဖြစ်ပြီး အချို့အရာရှိများကို ကြံ့ဖွံ့ပါတီသို့ ပြောင်းရွှေ့ကာ လွှတ်တော်ကိုယ်စားလှယ် လောင်းများအဖြစ် ရွေးကောက်ပွဲဝင်ရန် စီစဉ်ထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ကျောက်မဲမြို့နယ်ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံပြီး ဆရာတော်တစ်ပါး ပျံလွန်
အောက်တို ၂၅
The Kaladan Post
အောက်တိုဘာ ၂၄ ရက် ညနေပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ကောပေါင် ကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောမရှင်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင်း ၅၀၀ ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော်တစ်ပါး ပျံလွန်ခဲ့ပြီး အသက် ၄၊ ၁၃၊ ၁၄ နှင့် ၁၇ နှစ်များရှိ ကိုရင်လေး ၄ ပါးအပါအဝင် ဒေသခံ ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ တအာင်းတပ်မတော် (PSLF/TNLA) ထိန်းချုပ်နယ်မြေများကို လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးနှင့် ဒဏ်ရာရသူ များပြားနေမှုကို မှတ်ယူထားသည်။ အောက်တိုဘာ ၂၁ ရက်တွင်လည်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာကို ဗုံးကြဲခဲ့ရာ ကလေး တစ်ဦး အပါအဝင် ၃ ယောက် ဒဏ်ရာရခဲ့သည်။ အလားတူ မကွေးတိုင်း မြိုင်မြို့နယ်နှင့် ပခုက္ကူမြို့နယ်အစပ်ကျေးရွာများကို အောက်တိုဘာ ၂၄ ရက်ညပိုင်းတွင် အကြမ်းဖက်စစ်တပ်က ပါရာမော်တာ ၃ စီးဖြင့် ဗုံး ၂ လုံး ကြဲချပြီး စက်လက်သေနတ်များဖြင့် လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒေသခံ အမျိုးသား တစ်ဦး နှင့် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီး နှစ်ဦး ဒဏ်ရာရ၍ အသက်ရှင်ရန် ၅၀ ရာခိုင်နှုန်း သာရှိဟု ဆိုသည်။ ပခုက္ကူ ၁၀၁ စစ်ကြောင်းမှ ထွက်ခွာ စစ်ကြောင်းထိုးနေမှုကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြသည်။ အောက်တိုဘာ ၂၂ ရက်မှ စစ်ကြောင်း လှုပ်ရှားနေပြီး လက်ရှိ ညောင်ဂျစ်ပင်ကျေးရွာတွင် တပ်စွဲနေကြောင်း သိရသည်။

KNU နယ်မြေများကို စစ်တပ်က လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်
အောက်တို ၂၅
The Kaladan Post
ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင်၊ လယ်မူလား (ပုလော) မြို့နယ် မဇောကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူနှစ်ဦး ဒဏ်ရာရရှိပြီး နေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။ အာဏာသိမ်းစစ်ကောင်စီက KNU တပ်မဟာ (၄) နယ်မြေ အရပ်သားများကို ပစ်မှတ်ထား လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ ဆက်လုပ်ဆောင်နေပြီး အခြား KNU ခရိုင်များတွင်လည်း အလားတူ တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း KNU က အသိပေးထားသည်။ KNU ဗဟိုက ရက်ပိုင်းက ထုတ်ပြန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းဖော်ပြချက်တွင် စစ်ကောင်စီက KNU တပ်မဟာ (၁) သထုံခရိုင်၊ တပ်မဟာ (၄) မြိတ်ထားဝယ်ခရိုင်၊ တပ်မဟာ (၃) ညောင်လေးပင်ခရိုင်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို ဖော်ပြထားပြီးဖြစ်သည်။ ထို့အပြင် အောက်တိုဘာ ၁၈ ရက်တွင် ကျိုက်ထို ကျိုက်ဖျာကျေးရွာကို ဗုံးသီး ၁၀ လုံး ကြဲချခဲ့ရာ ပြည်သူတစ်ဦး ဒဏ်ရာရပြီး နေအိမ် ၇ လုံး ပျက်စီးခဲ့သည်။ တပ်မဟာ (၃) နယ်မြေ ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်တွင် အောက်တိုဘာ ၈ ရက်တွင် တိုက်လေယာဉ်က ဗုံးကြဲမှု ၁၂ ကြိမ်၊ ဗုံးသီး ၂၄ လုံး ကြဲချခဲ့ရာ ကွင်းဒလကြီး၊ ညောင်ပင်ကြီး၊ သက်ကယ်ကုန်း ရွာအနီးတစ်ဝိုက်တွင် အသက် ၁၈ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရခဲ့ပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း များ ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

CRPH မှ KIO ၏ ၆၅ နှစ်မြောက်တည်ထောင်နေ့သို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့
အောက်တို ၂၅
The Kaladan Post
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) သည် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ ၆၅ နှစ်မြောက်တည်ထောင်နေ့အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။ သဝဏ်လွှာ တွင် KIO ၏ နိုင်ငံရေးနှင့် စစ်ရေးအောင်မြင်မှုများ၊ နယ်မြေထိန်းချုပ်မှုအောင်မြင်မှုများအတွက် ဂုဏ်ယူလေးစားကြောင်း ဖော်ပြထားသည်။ CRPH သည် ပင်လုံကတိကဝတ်အရ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် KIO ၏ မဆုတ်မနစ်ကြိုးပမ်းမှုကို အလေးပြုခဲ့သည်။ ထို့ပြင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တရားမျှတမှုရရှိရေးအတွက် KIO နှင့် တိုင်းရင်းသားပြည်သူများ၏ စည်းလုံးညီညွတ်မှုကို အလေးထား ဖော်ပြခဲ့သည်။ CRPH သည် တိုင်းရင်းသားများနှင့် တော်လှန်ရေးအင်အားစုများနှင့် အတူ လက်တွဲကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ကတိပြုထားသည်။ KIO ၏ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် မဟာမိတ်များနှင့် ပူးပေါင်းကြိုးပမ်းမှုကိုလည်း CRPH က ယုံကြည်ထောက်ခံကြောင်း ထုတ်ပြန်ခဲ့သည်။
