မတ် ၂

The Kaladan Post

ကဘူးလ်မြို့ လေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်လာခဲ့သည့် ပါကစ္စတန် တိုက်လေယာဉ်များကို တုံ့ပြန်ပစ်ခတ်ခဲ့ကြောင်း အာဖဂန်နိုင်ငံကို လက်ရှိ အုပ်ချုပ်နေသည့် Afghan Taliban အစိုးရဘက်မှ ထုတ်ပြန်ကြေညာခဲ့သည်။

အာဖဂန် တာလီဘန်အစိုးရ၏ ပြောကြားချက်အရ မတ်လ ၁ ရက်နေ့တွင် ပါကစ္စတန် ဂျက်တိုက်လေယာဉ်များက Kabul မြို့တော်အတွင်းရှိ အစိုးရရုံးအချို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။ ထိုသို့ လေကြောင်းမှ တိုက်ခိုက်မှုများ ဖြစ်ပွားလာသည့်အတွက် အာဖဂန်ဘက်မှ လက်တုံ့ပြန် ပစ်ခတ်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ မြို့ခံများကလည်း ပစ်ခတ်သံများနှင့် ပေါက်ကွဲသံများ ကြားနေရကြောင်း အတည်ပြုခဲ့ကြသည်။

တစ်ဖက်တွင် Pakistan အစိုးရကတော့ အာဖဂန်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲချက်များကို ငြင်းဆိုထားပြီး အာဖဂန် ပိုင်နက်အတွင်း လုပ်ဆောင်ခဲ့သည့် စစ်ဆင်ရေးများမှာ စစ်သွေးကြွ အဖွဲ့အစည်းများကိုသာ ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားထားသည်။

ပါကစ္စတန်ဘက်မှ အစဉ်တစိုက် စွပ်စွဲထားသည့်အချက်အရ အာဖဂန် တာလီဘန်အစိုးရသည် ပါကစ္စတန် တာလီဘန်အပါအဝင် စစ်သွေးကြွ အဖွဲ့အစည်းများကို ခိုလှုံခွင့်ပေးထားကြောင်း ဆိုထားပြီး ယင်းကိစ္စကြောင့် နှစ်နိုင်ငံကြား စစ်ရေးတင်းမာမှုများ မြင့်တက်လာခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ပါကစ္စတန်ဘက်မှ အာဖဂန် ပိုင်နက်အတွင်းရှိ စစ်သွေးကြွပစ်မှတ်များဟု စွပ်စွဲထားသည့် နေရာများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာမှ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး စစ်ရေးပဋိပက္ခ ပိုမိုတင်းမာလာခဲ့သည်။ ထို့နောက် ပါကစ္စတန်ဘက်က အာဖဂန် တာလီဘန်များအပေါ် အလုံးစုံ စစ်ဆင်ရေးဆောင်ရွက်မည်ဟု သတိပေး ကြေညာခဲ့သည်။

မူလက Saudi Arabia နှင့် Qatar တို့သည် အာဖဂန်-ပါကစ္စတန် ပဋိပက္ခအပေါ် ကြားဝင်ညှိနှိုင်းပေးရန် ကြိုးပမ်းခဲ့သော်လည်း အရှေ့အလယ်ပိုင်းဒေသအတွင်း စစ်ရေးတင်းမာမှုများ မြင့်တက်လာခြင်းကြောင့် စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်များ နှောင့်နှေးနေသည်ဟု သိရသည်။

အာဖဂန်နှင့် ပါကစ္စတန်ကြား စစ်ရေးပဋိပက္ခသည် ဒေသတွင်း လုံခြုံရေးအခြေအနေအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်ကြောင်း လေ့လာသုံးသပ်သူများက သတိပေးထားသည်။

သတင်းအရင်းအမြစ် – Reuters
ဓာတ်ပုံ – Reuters