ဧပြီ ၁၁၊ ၂၀၂၅
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာတွင် ၂၅ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ ကျင်းပပြီးနောက် ယမန်နေ့ည ၁၁ နာရီခွဲခန့်က စစ်ကောင်စီ၏ ပေါင် ၂၀၀ ဗုံးဖြင့် လေကြောင်းတိုက်ခိုက်မှုကို ကယန်းပြည်သစ်ပါတီ (KNLP) က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ပါသည်။
စစ်ကောင်စီက ငလျင်ဘေးကြောင့် အပစ်ရပ်ထားသည်ဟု ကြေညာထားသော်လည်း၊ အဆိုပါ ဗုံးကြဲမှုသည် စစ်မဲ့ဇုန်ဖြစ်သည့် သိကျိတ်ကျေးရွာကို ပစ်မှတ်ထားခြင်းဖြစ်ပြီး ၁၉၉၄ ခုနှစ် အပစ်ရပ်စဲသဘောတူညီချက်ကို ချိုးဖောက်ကာ စစ်ရာဇဝတ်မှုနှင့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းများကို လျစ်လျူရှုရာ ရောက်သည်ဟု KNLP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
KNLP ဗဟိုဧရိယာအတွင်းရှိ ကျေးရွာများတွင် ကယန်းစာပေယဉ်ကျေးမှုနှင့် အမျိုးသားရေးလှုပ်ရှားမှုများကို ဆက်လက်ပစ်မှတ်ထားလျှင် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များအတွက် စစ်ကောင်စီသာ တာဝန်ယူရမည်ဟု KNLP က သတိပေးထားသည်။
ဤကဲ့သို့ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်မှုသည် ကယန်းပြည်သူများ၏ အခွင့်အရေးနှင့် ငြိမ်းချမ်းရေးကို ထိပါးလာခြင်းဖြစ်သည့်အတွက် ကျူးလွန်သူများမှ တာဝန်ယူ တာဝန်ခံမှု ရှိစေရေး အဘက်ဘက်မှ ဖိအားပေးဆောင်ရွက်နိုင်ရန် အရေးကြီးမည်ဟု ထင်မြင်မိပါကြောင့် ဖော်ပြအပ်ပါသည်။