ဧပြီ ၁၂၊ ၂၀၂၅၊ စစ်ကိုင်းတိုင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကြံသာကျေးရွာရှိ စစ်ကောင်စီတပ်၏ အခြေစိုက်စခန်းတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့များက ဧပြီလ ၁၁ ရက်နေ့တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။ ဤစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့သည်ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားခဲ့သည်။

 

“စစ်သားအလောင်း ၁၅ လောင်းကို အတည်ပြုနိုင်ခဲ့ပါတယ်။ အရှင်ဖမ်းဆီးရမိသူ မရှိပါဘူး။ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတွေကတော့ အများအပြားရှိပါတယ်။ အရေအတွက်အတိအကျကို လက်ရှိစိစစ်နေဆဲပါ” ဟု ဆလိုင်းထက်နီက ထပ်လောင်းပြောကြားသည်။

 

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် (CNA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်မတော် (ABSDF) အမှတ် ၃ စစ်ကြောင်း၊ တပ်ရင်း ၁၂၊ ကလေး-ကဘော-ဂန့်ဂေါ ဒေသကာကွယ်ရေးအဖွဲ့ (KKG-CDF)၊ ဟံသာဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ CDF-Siyin၊ ကလေးခရိုင်စစ်ဒေသ၊ ထန်တလန် ဒီမိုကရက်တစ်ပြည်သူ့အရေးတော်ပုံအဖွဲ့ (DR) အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင့် သိရှိရသည်။

 

ဤစစ်ဆင်ရေးသည် ကလေးမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ဗျူဟာမြောက် တိုက်ခိုက်မှု၏ အောင်မြင်မှုတစ်ခုဖြစ်ပြီး သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများသည် တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ရေးအင်အားကို ပိုမိုအားဖြည့်ပေးနိုင်မည်ဟု သုံးသပ်ထားပါသည်။

 

ယခုဖြစ်ရပ်နှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှ တရားဝင်ထုတ်ပြန်ချက်တစ်စုံတစ်ရာ မရှိသေးသလို၊ တိုက်ပွဲ၏ အခြားအသေးစိတ်အချက်အလက်များကိုလည်း ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ယခုလို ကြံသာရွာစခန်းသိမ်းပိုက်နိုင်မှုသည် တော်လှန်ရေးလှုပ်ရှားမှုအတွက် အရေးပါသော အောင်မြင်မှုတစ်ခုကြောင့် ဖော်ပြအပ်ပါသည်။

 

သတင်းရင်းမြစ်

ရန်ကုန်ခေတ်သစ်သတင်းဌာန