ဖေဖေါ် ၁၆

The Kaladan Post

 

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် Keir Starmer က နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်ကို အလုံးအရင်း တိုးမြှင့်နိုင်ရန် အစိုးရအနေဖြင့် အလေးအနက် စဉ်းစားဆွေးနွေးနေကြောင်း ပြောကြားလိုက်သည်။

လန်ဒန်မြို့ ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ်အိမ်တော်မှ အသေးစိတ်အချက်အလက်များကို မထုတ်ပြန်သေးသော်လည်း ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ကျင်းပခဲ့သည့် Munich Security Conference တွင် စတာမာက ကာကွယ်ရေးဘတ်ဂျတ် တိုးမြှင့်ရေးကို အတည်ပြု ပြောကြားခဲ့သည်။

စတာမာက ပိုမိုရှုပ်ထွေးလာသည့် လုံခြုံရေးခြိမ်းခြောက်မှုအသစ်များကို ကိုင်တွယ်နိုင်ရန် ဗြိတိန်အနေဖြင့် ကာကွယ်ရေးအသုံးစရိတ်ကို မြန်ဆန်စွာနှင့် ပမာဏကြီးစွာ တိုးမြှင့်ရန် လိုအပ်နေကြောင်း ဆိုသည်။ ယခင်နှစ်ကလည်း ၂၀၂၇ ခုနှစ်အတွင်း နိုင်ငံ GDP ၏ ၂.၅ ရာခိုင်နှုန်းထိ ကာကွယ်ရေးအတွက် အသုံးပြုမည်ဟု ကတိပြုထားခဲ့ပြီး၊ ဖြစ်နိုင်ပါက ၃ ရာခိုင်နှုန်းထိ တိုးမြှင့်နိုင်ရေး အဆိုကိုလည်း လွှတ်တော်အသစ်တွင် တင်သွင်းရန် စီစဉ်နေကြောင်း သိရသည်။

သတင်းများအရ လက်ရှိ ၂၀၂၉ ခုနှစ်အထိ တည်ရှိမည့် လွှတ်တော်သက်တမ်းအတွင်း GDP ၏ ၃ ရာခိုင်နှုန်းထိ တိုးမြှင့်နိုင်ရေးကို စတာမာ၏ အတွင်းစည်းအဖွဲ့ဝင်များက ကြိုးပမ်းနေကြသည်။ လေ့လာသူများကလည်း လာမည့် လေးနှစ်အတွင်း ရှိရင်းစွဲ အသုံးစရိတ်နှင့်သာဆိုပါက စတာလင်ပေါင် ၂၈ ဘီလီယံခန့် ထပ်မံလိုအပ်နိုင်ကြောင်း ခန့်မှန်းထားသည်။

ဗြိတိန် စစ်တပ် အကြီးအကဲ Patrick Sanders (ဆာ ပက်ထရစ် ဆန်းဒါးစ်) ကလည်း လက်ရှိဘတ်ဂျတ်အခြေအနေဖြင့် ဗြိတိန်၏ စစ်ရေးရည်မှန်းချက်များကို အပြည့်အဝ အကောင်အထည်ဖော်ရန် ခက်ခဲနေကြောင်း ဝန်ခံထားသည်။

ပြီးခဲ့သည့်နှစ်တွင် ဗြိတိန်သည် GDP ၏ ၂.၃ ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် အသုံးပြုခဲ့ပြီး စတာလင်ပေါင် ၆၆ ဘီလီယံခန့် ရှိခဲ့သည်။ အနာဂတ်တွင် ၂၀၃၅ ခုနှစ်အထိ GDP ၏ ၃.၅ ရာခိုင်နှုန်းထိ တိုးမြှင့်နိုင်ရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။

မြူးနစ်ညီလာခံတွင် စတာမာက ရုရှားမှ ဖြစ်ပေါ်လာနိုင်သည့် လုံခြုံရေးခြိမ်းခြောက်မှုများကို ကိုင်တွယ်နိုင်ရန် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ခြင်းသည် မဖြစ်မနေ လုပ်ဆောင်ရမည့် ကိစ္စဖြစ်ကြောင်း ထပ်လောင်းသတိပေးခဲ့သည်။ အမာထည်စစ်အင်အား တည်ဆောက်ခြင်းသည် ယနေ့ခေတ်တွင် ငွေကြေးယူနစ်သစ်တစ်ခုကဲ့သို့ အရေးပါလာနေကြောင်း၊ ကာကွယ်ရေးကဏ္ဍတွင် ပိုမိုသုံးစွဲရန်၊ ပိုမိုရင်းနှီးမြှုပ်နှံရန်နှင့် မဟာမိတ်နိုင်ငံများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သည်။

 

သတင်းရင်းမြစ် – BBC News

ဓာတ်ပုံ – Getty Images