မေးမြန်းသူ – ဆလိုင်းဒိုခါရ်

ဖြေဆိုသူ – ဆရာတော်ဦးကောဝိဒ(ဂျာမနီ)၊ Inter-Religious Institute for Peace

 

ဆလိုင်းဒိုခါရ် – အားလုံးဘဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့ The Kaladan Post ရဲ့ exclusive interview ကို ပုံမှန်ကြည့်ရှုပေးတဲ့ မိဘပြည်သူများအတွက် ဒီတစ်ပတ် ဆွေးနွေးဖို့ ဖိတ်ခေါ် ထားပါကတော့ ဘာသာပေါင်းစုံ အဖွဲ့၊ အဖွဲ့ဝင်ဖြစ်တဲ့ ဆရာတော် ဦး ကောဝိတကို ဖိတ်ခေါ်ထားပါတယ်။ ဆွေးနွေးပွဲ မစခင်လေးမှာ ကြိုတင်ပြီးတော့မှ မေတ္တာရပ်ခံထားလိုတာ ကတော့ ကျွန်တော့်အနေနဲ့ ဘာသာရေးနဲ့ ပတ်သက်ပြီးတော့မှ အသုံးအနှုန်းကျွမ်းကျင်မှု မရှိသေးတဲ့အတွက် အသုံးအနှုန်းမှားရင်လည်း အထူးသဖြင့် ဗုဒ္ဓဘာသာတွေ။ ကျွန်တော်တို့ တော်လှန်ပြည်သူတွေ အနေနဲ့ ကြည့်ရှုနေတဲ့ အချိန်မှာ မသင့်လျော်တဲ့ စကားလုံးတွေရှိရင် နားလည်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

 

ဆလိုင်းဒိုခါရ် – ဆိုတော့ ဆရာတော် အရှင် ဦးကောဝိတအနေနဲ့ အခုလို The Kaladan Post ကို interview ထိုင်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ဦးစွာ လျှောက်ထားပါရစေခင်ဗျာ။

 

ဆရာတော်ဦးကောဝိဒ – အိုကေ ကျေးဇူးတင်ပါတယ်။ အခုလို ဦးဇင်းကို ဖိတ်ကြားပေးတဲ့အတွက်လည်းပဲ အခုလို ပြောခွင့်ရတဲ့အတွက်လည်း ဒါ ဝမ်းသာပါတယ်။ အိုကေ ကျေးဇူးပါ

 

ဆလိုင်းဒိုခါရ် – ဟုတ်ကဲ့။ ပထမဆုံးအနေနဲ့ ဦးဇင်း ဘယ်လို ဒီ အခု လက်ရှိ အချိန်မှာ ဘာတွေ လုပ်နေသလဲဆိုတဲ့ဟာနဲ့ ပြီးတော့ ဒီ ဘယ်လို ဖြစ်ပြီးတော့မှ ဒါ ထိုင်းဖက်ကို ထိန်းရှောင်တဲ့ အခြေအနေ ရောက်သွားသလဲဆိုတဲ့ အခြေအနေလေးတွေကို ဦးဆုံးအနေနဲ့ ဆွေးနွေးမိန့်ကြား ပေးပါဦး။

 

ဆရာတော်ဦးကောဝိဒ – ဦးဇင်းတို့ ဒီမှာတော့ ဘာသာပေါင်းစုံ ပေါ့လေ။ ခရစ်ယာန်ဘက်ကဆိုရင် ဥက္ကဋ္ဌ ဆရာပီတာတို့၊ မွတ်စလင် အစ္စလာမ်ဘက်ကဆိုရင် ချက်ကူဆိုးနီ ဦးတို့ စသည်ဖြင့် အဲ့ဒီလို ဟိန္ဒူဘက်ကတွေရော ဘာသာပေါင်းစုံက ဟာတွေနဲ့ ဦးဇင်းတို့ လက်တွဲပြီးတော့ ဘာသာရေး ရှုထောင့်ကနေပြီးတော့ ဒီ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ပြည်သူပြည်သားတွေ လမ်းမှန်ပေါ်ရောက်ဖို့အတွက် ဒါ ငြိမ်းချမ်းရေးရဲ့ လမ်းကြောင်းအမှန်ကို ဘာသာရေး ရှုထောင့်ကနေပြီးတော့ ဦးဇင်းတို့ တွန်းသင်ပေးတယ်၊ ညွှန်ကြားပေးတယ် ဆိုတဲ့ဟာပေါ့။ နောက် ဦးဇင်း ဒီဘက်ကို ရောက်လာတာကတော့ ဟို ဇွတ်တည်း တွန်းပို့ခံရတဲ့ သဘောဖြစ်တာပေါ့နော်။ ဦးဇင်းတို့ ဆိုတာက ဒါ ဘာသာရေး ခေါင်းဆောင်ဖြစ်တယ်။ ဘာသာရေး ခေါင်းဆောင်ဖြစ်တဲ့အခါကျတော့ ဒါ ဘာသာရေးလုပ်ငန်းပဲ လုပ်ဖို့ ရည်ရွယ်ချက်ပဲ ရှိရမှာပေါ့လေ။ ဘာသာရေးဆိုတာကတော့ ဒါ တိုင်းသူပြည်သားများရဲ့ ပညာရေး၊ လူမှုရေး စသည်ဖြင့်ပေါ့လေ။ ဒါ သိပညာ အတတ်ပညာတွေကို မျှဝေတဲ့ အလုပ်ပဲ လုပ်ရမယ့် တာဝန်ပေါ့။ သို့ပေမဲ့လည်းပဲ စစ်အာဏာရှင်တွေအနေနဲ့က သူတို့ကို မထောက်ခံတဲ့ ပုဂ္ဂိုလ်တွေ ဘယ်သူပဲဖြစ်ဖြစ်ပေါ့။ ဘာသာဝင်ပဲဖြစ်ဖြစ် အဲ့ဒီလို ဖမ်းဆီးပြီး တော့ ချုပ်နှောင်တယ်၊ သတ်ဖြတ်တယ်၊ ထောင်သွင်း အကျဉ်းချတယ်ဆိုတာတွေက ဘာသာရေး ခေါင်းဆောင်တွေပါမကျန် အကုန်လုံးကို ဒါ ဖိနှိပ်နေတဲ့ အခါကျတော့ ဦးဇင်းတို့လည်းပဲ ဒီဘက်ကို ထွက်ပြေးလာရတာပေါ့။ ဒါ ဦးဇင်းတို့ ကျောင်းဆိုလို့ရှိရင် အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းတဲ့နေ့ မနက်မှာပဲ အစောကြီး မနက် ၄ နာရီလောက် ကျောင်းဝင် စီးခံရတယ်။ စီးပြီးတော့ ဒါ ဦးဇင်းတစ်ပါးကို နော် ဦးသောဘိတ အလင်္ကာချယ် ဆိုတာ ဦးဇင်းနဲ့သူနဲ့ နှစ်ပါး ကျောင်းမှာနေတာပေါ့။ ဖမ်းသွားတယ်။ ထောင် (၂) နှစ်ချတယ်။ ထောင်(၂)နှစ် ချပြီးတော့ ထောင်ထဲမှာပဲ နော် သူ့ရဲ့ ရှေ့နေ အထောက်အကူ အကူအညီဘာမှ မရဘဲနဲ့ နောက်ထပ် အမှုတစ်ခု ထပ်စွဲတယ်။ ဒါ ထောင် ၄ နှစ်ကျတယ်။ ထောင် ၄ နှစ်ကျတာကို ၂၀၂၃ မှာ ဒါ ပြစ်ဒဏ်လျှော့ပေါ့မှုနဲ့ လွှတ်စေလို့ လွှတ်တယ်။ ဒါပေမဲ့ ထောင်ပေါက်ဝမှာပဲ စစ်တပ်က တစ်ခါတည်း ပြန်ခေါ်သွားတယ်။ ပေါ့နော်။ အခု ဘယ်ပျောက်လို့ ပျောက်နေမှန်း မသိ။ မိဘမိသားစုနဲ့လည်း ဆက်သွယ်မရဘူး။ ဒါကတော့ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်က စပြီးတော့ နော် အကုန်လုံး ဒီ ခရစ်ယာန်ဘက်ကဆိုရင်လည်းပဲ ဟိုဘက်က KBC ဂိုဏ်းအုပ်ဆရာ ဂရန်ဆန်ဆွန်းတို့ ဘာတို့ ကျွန်တော်လည်းပဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်။ ဒါပေမဲ့ စစ်တပ်က ပြန်ခေါ်သွားတဲ့ ဟာမျိုးတွေ ရှိတယ်ပေါ့နော်။ အဲ့တော့ အခုဆိုတော့ သူတို့လည်း ဘယ်ရောက်လို့ ရောက်နေမှန်းမသိဘူးဆိုတဲ့ ဟာမျိုးတွေ ဖြစ်နေကြတယ်။ ဒီလိုပဲ ရှိနေတော့ ဦးဇင်းတို့က အသာလေး နေနေတယ်။ ဒါပေမဲ့ ခဏခဏ လာလာပြီးတော့ ကျောင်းထဲမှာ အမျိုးမျိုး ဟုတ်လား ခြိမ်းခြောက်တာတွေ ရှိတယ်။ စာအုပ်တွေလား သိမ်းတာရှိတယ်။ နော် တပ်တွေ စွဲပြီးတော့ အမျိုးမျိုး လာလာရှိတယ်။ ၂၀၂၃ မှာ ကျတော့ နော် သူတို့ PDF လို့ စွပ်စွဲထားတဲ့ အမျိုးသမီးတစ်ယောက် အမျိုးသားတစ်ယောက် ခေါ်လာပြီးတော့ ကျောင်းထဲမှာ ခေါ်ပြီးတော့ လက်ထိတ်ခတ်ပြီးတော့ ကျောင်းထဲမှာပဲ ဦးဇင်းတို့ကိုတော့ အခန်းတစ်ခန်း တစ်ခုထဲမှာပဲ ထည့်ထားတာပေါ့လေ။ ထည့်ထားပြီးတော့ သူတို့ အချင်းချင်းပဲ ဟာ ပြေးပြီ ပြေးပြီ ပြေးပြီဆိုပြီးတော့ အော်ပြီးတော့ အဲ့ဒီ နှစ်ယောက်ကို ပစ်သတ် ပစ်လိုက်တယ်ပေါ့နော်။ ကျောင်းထဲမှာပဲ ပစ်သတ်ပြီးတော့ ဦးဇင်းကို ဓာတ်ပုံတွေ လာပြတယ်။ ဒီကျောင်းထဲမှာ သေနတ်တွေ ရှိတယ်။ ဗုံးတွေ ကို ဖွက်ထားတယ်။ အဲ့ဒါ သူတို့ကို မပြောရကောင်းလား ဆိုပြီးတော့ ဦးဇင်းကို တစ်ခုခု အရေးယူဖို့ လုပ်တယ်ပေါ့။ အဲ့ဒီအခါကျ တော့ ဦးဇင်းလည်း ကံအားလျော်စွာပဲ ထွက်ပြေး လာနိုင်ခဲ့တာပေါ့နော်။ ဒီလို စစ်အာဏာရှင်တွေကတော့ သူတို့ကို မထောက်ခံရင် သူတို့နဲ့ သဘောထား မတိုက်ဆိုင်တဲ့ ပုဂ္ဂိုလ်မှန်သမျှကို အကုန်လုံး ထောင်သွင်းကျဉ်းချတယ်၊ အရေးယူတယ်၊ သတ်ဖြတ်တယ်၊ ဖိနှိပ်တယ် ဆိုတဲ့ ဟာတွေက သမိုင်းမှာ အဆိုးဝါးဆုံးဖြစ်တယ်ဆိုတဲ့ ဥစ္စာကို တော့ ဒါ တွေ့ရတာပေါ့လေ။ ဒါကြောင့်မို့လို့ ဒါတွေကို ဦးဇင်း ရောက်လာရတာပါ။

 

ဆလိုင်းဒိုခါရ် – ဦးဇင်းအနေနဲ့ အခုလို ဘာသာပေါင်းစုံ အဖွဲ့စုံက ဘာခရစ်ယာန်ရော၊ မွတ်စလင်ရော၊ ဟိန္ဒူရော၊ ဗုဒ္ဓဘာသာရော ပါဝင်ကြပြီးတော့မှ ဒီ ပြည်သူတွေနဲ့အတူ ဒါ ငြိမ်းချမ်းရေး တိုင်းပြည် အပြောင်းအလဲအတွက် ဒါ ပူပေါင်းပါဝင်ကြတဲ့ အချိန်မှာ တစ်ဖက်မှာ စစ်ကောင်စီနဲ့ကို လက်တွဲပြီးတော့ ပူပေါင်းနေတဲ့ အုပ်စုတွေ ရှိနေပြန်တဲ့ အခါကျတော့ ဒီအပေါ် ပြည်သူတွေ အနေနဲ့ အမြင်အမျိုးမျိုး ရှိနေနိုင်တဲ့ အနေအထားပေါ့နော်။ ဒီတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့မှ ဦးဇင်းတို့အနေနဲ့ ဘာကြောင့် ဒီလမ်းကြောင်းကို ရွေးသလဲ။ ဒါ စစ်ကောင်စီနဲ့ အပေါင်းပါတွေက လုံးဝ ဘာသာရေး အရ နားချလို့ မရတော့တဲ့ လူတွေဖြစ်လို့ လား ဘာဘာကြောင့် ဒီလမ်းကြောင်းကို ရွေးဖြစ်ခဲ့သလဲဆိုတဲ့ဟာလည်း ဆွေးနွေးမိန့်ကြား ပေးပါဦး။

 

ဆရာတော်ဦးကောဝိဒ – ဒါ ဒီဘက်မှာ ဦးဇင်းတို့ လွတ်မြောက်နယ်မြေပေါ့။ လွတ်မြောက်နယ်မြေမှာ ဘာသာပေါင်းစုံပေါ့နော်။ ဘာသာပေါင်းစုံနဲ့ ဦးဇင်းတို့ တိုင်းပြည်ရဲ့ တိုးတက်ရေး ငြိမ်းချမ်းရေး ပြည်သူပြည်သားများ စည်းလုံးညီညွတ်ရေးအတွက် လက်တွဲပြီးတော့ ဒါ လုပ်နေကြတယ်ပေါ့။ ဒါ ဘာသာပေါင်းစုံ အားလုံးကတော့ ဘာသာတိုင်းကတော့ ဒါ အားလုံးက စည်းလုံးညီညွတ်ဖို့ပဲ တိုက်တွန်းကြတာပါပဲလေနော်။ အဲ့တော့ စည်းလုံးညီညွတ်မှလည်းပဲ ဒါ ဘာသာရေးပဲ။ အဲ့တော့ တကယ်လို့ စည်းလုံးညီညွတ်ရေးကို ရှေးမရှုဘူးနော် တစ်ယောက်နဲ့တစ်ယောက် သွေးကွဲရေးကို ရှေးရှုသွားပြီဆိုရင် ဒါ ဘာသာရေးရဲ့ အနှစ်သာရ မရှိတော့ဘူးလို့ ဒါ ပြောလို့ရတယ်ပေါ့နော်။ အထူးသဖြင့်တော့ ဦးဇင်းတို့ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေ အများစု ပေါ့နော်။ ဗုဒ္ဓဘာသာ အများစု နေထိုင်တဲ့ နိုင်ငံဆိုတော့ ဘုန်းကြီးတွေ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေက တော်တော်များများက စစ်အာဏာရှင်ကို ထောက်ခံကြတဲ့ ဘုန်းကြီး တွေ ဆိုတာရှိတယ်။ မဘသလို့ ခေါ်တာပေါ့။ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဆိုတာ နော်။ သူတို့က ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ အဲ့ဒီလို ထောက်ခံသွားကြသလဲ ဆိုတော့ သူတို့မှာ တကယ့်ကို အမြင်ကျဉ်းကြတယ်။ သူတို့မှာ ဘာလို့လဲဆိုတဲ့အခါကျတော့ ဟို ဦးဇင်းတို့ ဘုန်းကြီးတွေ တော်တော်များများက တောမှာပဲ မွေးကြရတယ်။ နော် တောမှာ မွေးပြီးတော့ ဒါ သင်္ကန်းတွေ ဝတ်ကြတယ်။ ပြီးတော့ ဘုန်းကြီးစာ တစ်ခုတည်း သက်သက်ပဲ ပါဠိလို သင်ကြရတယ်။ တခြားတခြားသော လူမှုရေး နော် တခြားတခြားသော ဘာသာဗေဒ နော် သမိုင်း Philosophy ဒဿန အနောက်တိုင်း ဒဿန စသည်ဖြင့် အဲ့ဒီလိုဟာတွေ သင်ကြားမှု မရှိဘူး။ သင်ကြားခြင်းမရှိဘူး။ မရှိတဲ့ အခါကျတော့ အင်မတန်မှ ဗဟုသုတ နည်းပါးတယ်လို့ ဒါ ပြောလို့ရတယ်။ စစ်အာဏာရှင်တွေက ခြိမ်းခြောက်လိုက်တဲ့အခါမှာ ဟာ ငါတို့ စစ် စစ်အာဏာရှင်တွေက ဒါ မရှိဘူးဆိုရင် ဟုတ်လား ဒါ မင်းတို့ကို ဆွမ်းလောင်းမယ့် ဒီ ဗုဒ္ဓဘာသာတွေဆိုတာ ရှိမှာမဟုတ်တော့ဘူး။ ဘာသာရေး ပျောက်တော့မယ် ဆိုပြီးတော့ အဲ့ဒီလို ခြိမ်းခြောက်လိုက်တဲ့ အခါမှာ ဒါဆိုရင်တော့ ငါတို့ စစ်တပ်နဲ့ပဲ အတူနေမှ ဖြစ်တော့ မယ်။ ဒီမိုကရေစီ ရောက်လာရင်တော့ ငါတို့ ဘာသာရေး ပျောက်တော့မယ်ဆိုပြီးတော့ အဲ အဲ့ဒီလို အတွေး အတွေးရောက်သွားတာပေါ့နော်။ အဲ့တော့ အကြောက်တရား အပေါ်မှာ အခြေခံတာပေါ့။ တကယ်တမ်းကျတော့ ဒါ ဦးဇင်းတို့ကတော့ တော်တော်များများ မြဝတီ ဆရာတော်တို့ စသည်ဖြင့် အများကြီးပါပဲလေနော်။ တချို့ကျတော့လည်းပဲ အမည်မဖော်ရဲတဲ့ ဆရာတော်တွေ တကယ့် ဆရာတော်ကြီးတွေ ရှိပါတယ်။ ဒီဆရာတော်တွေကတော့ အမြင်ကျယ်ကျယ်ကြတယ်။ အနောက်နိုင်ငံတွေကိုလည်း သွားကြတယ်ပေါ့နော်။ အဲ့တော့ အဆက်အသွယ်လည်း ရှိကြတယ်။ အဲ့ဒီလို ပုဂ္ဂိုလ်တွေကကျတော့ ဒါ အမြင်ကျယ်တဲ့အခါ ကျတော့ အော် စစ်အာဏာရှင်တွေကြောင့်သာ ငါတို့နိုင်ငံဟာ အောက်ကျနောက်ကျ ဖြစ်နေတယ်။ နော် အာဏာရှင်ဆိုတာဟာ တကယ်တမ်းကျတော့ ဘယ်ဘာသာရေးနဲ့မှ ဘယ်ဘာသာရေးကမှ အားမပေးသင့်ဘူးဆိုတဲ့ ဥစ္စာပေါ့နော်။ ပြည်သူလူထုကို နှိပ်စက်တဲ့ ပြည်သူလူထုရဲ့ ဆန္ဒတွေနဲ့ ဆန့်ကျင်တဲ့ အာဏာရှင်ဆိုတာကတော့ ဒါ ဘယ်ဘာသာရေးကမှ လက်မခံသင့်တဲ့ အနေအထားမှာ ဦးဇင်းတို့က ဒီအာဏာရှင်ကိုတော့ ဒါ ထောက်ခံလို့ မဖြစ်ဘူး။ ပြည်သူ့ရဲ့ ဆန္ဒနဲ့လည်း ဆန့်ကျင်နေတယ်။ ပြည်သူလူထုရဲ့ ဒုက္ခကို လျစ်လျူရှုရာ ရောက်မယ်။ အာဏာရှင်အောက်မှာ ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေရဲ့ ဒုက္ခတွေကို လျစ်လျူရှုရာရောက်မယ်။ ဒါကြောင့်မို့လို့ ဒါ ပြည်သူနဲ့ တစ်သားတည်း ရပ်မှဖြစ်မယ်လို့ ဆိုပြီးတော့ အဲ့ဒီရဲ့ ရည်ရွယ်ချက်နဲ့ ဒါ ဦးဇင်းတို့ စစ်အာဏာရှင်နဲ့ လမ်းချင်း ကွဲသွားတယ်လို့ ဒါ ပြောလို့ရတာပေါ့နော်။ မဘသတွေနဲ့ တခြားစီ ဖြစ်သွားတယ်လို့ ဒါ ပြောလို့ရပါတယ်။

 

ဆလိုင်းဒိုခါရ် – ဆိုတော့ ဦးဇင်းအနေနဲ့ အခု ဒီ စစ်အာဏာရှင်အုပ်စုတွေက ဘာသာပေါင်းစုံရဲ့ သွန်သင်ချက်နဲ့ကို မညီဘူးဆိုတဲ့ ဟို ဆွေးနွေးမိန့်ကြားချက်ရှိတဲ့အခါကျတော့ အခုလက်ရှိ တော်လှန်ရေးအင်အားစုတွေရဲ့ လုပ်ဆောင်ချက်တွေကိုရော ဦးဇင်းအနေနဲ့ပေါ့နော် ဘယ်လို မြင်သလဲ။ ဒီ အခုလက်ရှိ လုပ်ဆောင်ချက်အပေါ်မှာ ဦးဇင်းတို့ ပြည်သူနဲ့အတူ ရပ်တည်လာတဲ့ ဘာသာပေါင်းစုံအဖွဲ့တွေအနေနဲ့ ဘယ်လို သူတို့ရဲ့ လုပ်ဆောင်ချက်အပေါ်မှာ အားရကျေနပ်မှု ရှိလား။ ဒါနဲ့ပတ်သက်ပြီးတော့မှလည်း ဆွေးနွေးမိန့်ကြားပေးပါဦး။

 

ဆရာတော်ဦးကောဝိဒ – ရိုးရိုးသားသားဝန်ခံရရင်တော့ အားမရဘူးလို့ ပြောရမှာပေါ့နော်။ အားမရဘူးဆိုတဲ့အခါကျတော့ ဒါ တော်လှန်ရေးလုပ်တဲ့ တော်လှန်ရေးခေါင်းဆောင်တွေ EROs ခေါင်းဆောင်တွေ စသည်ဖြင့်ပေါ့နော်။ NUG, CRPH, NUCC စသည်ဖြင့် အဲ့ဒီလို ခေါင်းဆောင်တွေဟာ အားရှိဖို့ လိုတာပေါ့။ ဦးဇင်းတို့ အားမရဘူးဆိုတော့ အားရှိဖို့လိုတယ်။ အားရှိဖို့ဆိုတာ ဘာလုပ်ဖို့လဲဆိုတော့ ဒါ ပြည်သူတွေအနေနဲ့ရော နိုင်ငံတကာမှာ ရောက်နေ ကြတဲ့ မြန်မာပြည်ဖွား ပြည်သူများ အားလုံးက ဒီထက်မက အားပေးဖို့ လိုတာပေါ့နော်။ ရုပ်ဝတ္ထုပိုင်းဆိုင်ရာရော နောက် နှုတ်ပိုင်းအားဖြင့်ရော စိတ်ဓာတ်ရေးရာအရရော အားပေးဖို့ လိုအပ်ပါတယ်။ အားပေးဖို့ဆိုတဲ့နေရာမှာ ရုပ်ဝတ္ထုအနေနဲ့ အားပေးတာလည်း ပါသလို နောက်တစ်ခါ သူတို့ရဲ့ အားနည်းချက်တွေကို ဒါ ဦးဇင်းတို့က ထောက်ပြရမယ်။ အပြုသဘောဆောင်တဲ့ နော် ဝေဖန်မှုကို ဦးဇင်းတို့ ထောက်ပြဖို့လိုတယ်။ Constructive Criticism ခေါ်တာပေါ့။ နော်။ အဲ့ဒီလို ထောက်ပြမှုကိုတော့ ဒါ ဦးဇင်းတို့ လုပ်သင့်ပါတယ်။ သက်သက်မဲ့ Blame လုပ်တဲ့ဟာမျိုးတော့ ဘာမှ ထိရောက်မှာမဟုတ်ဘူးလေ။ ဥပမာအားဖြင့် ကိုတေဇာဆန်းတို့ နော် သူတို့ကိုယ်တိုင်လည်းပဲ ထိတွေ့မှုရှိတယ်။ သူတို့ကိုယ်တိုင်လည်း မြေပြင်မှာ တကယ် အလုပ်လုပ်တယ်။ ပြီးတော့ သူတို့ရဲ့ သူတို့က မြင်တဲ့ တကယ့် လိုအပ်ချက် တွေကို ဖြစ်နိုင်တဲ့ အရာတွေကို လက်တွေ့ ဟုတ်လား ထောက်ပြဝေဖန်တယ်။ ဒါမျိုးတွေ တော့ ဒါ လုပ်သင့်ပါတယ်လို့ ဒါ ဦးဇင်း မြင်ပါတယ်နော်။ အဲ့ဒီအခါကျတော့ ဒီထက်မက စည်းလုံးညီညွတ်ပြီးတော့ ဒီ တော်လှန်ရေးကို ရှေ့ဆက်ဖို့တော့ လိုအပ်တယ်လို့ မြင်ပါတယ်။ နော်။ တစ်စီးတစ်လုံးတည်း တစ်သံတည်း ဖြစ်ဖို့ဆိုတာတော့ မလွယ်ဘူးလေ။ ဘာဖြစ်လို့ လဲဆိုတော့ ဦးဇင်းတို့က ဒီမိုကရေစီကို သွားကြမှာပဲ။ Federal ကို စနစ်ကို သွားကြမှာပဲ ဆိုတော့ တစ်သံတည်း ဖြစ်လို့ရှိရင် ဒါဟာ ဒီမိုကရေစီ မဟုတ်တော့ဘူး။ Federal မဟုတ်တော့ဘူးနော်။ အသံအမျိုးမျိုး ရှိမယ်။ ဒါပေမဲ့ ရည်ရွယ်ချက် တူနေရမယ်။ ငါတို့ တစ်တွေဟာ Federal ကို သွားကြမယ်။ ဒီမိုကရေစီကို သွားကြမယ်။ အိုကေ ဒါဆိုလို့ရှိရင် Federal ရဲ့ လမ်းစဉ် နော် ဒီမိုကရေစီရဲ့ လမ်းစဉ် ပန်းတိုင်ကို ရောက်ဖို့ဆိုလို့ရှိရင် စစ်အာဏာရှင်စနစ်ကိုတော့ ငါတို့ ထားလို့မဖြစ်တော့ဘူး။ စစ်အာဏာရှင်စနစ်ကို အစားထိုးနိုင်မှ ဟုတ်လား အမြစ်ဖြတ်နိုင်မှ ငါတို့ လိုချင်တဲ့ Federal Democracy ကို ရနိုင်မယ်ဆိုတဲ့ ဟုတ်လား ပန်းတိုင်ကို ငါတို့ တူရမယ်။ အဲ့ဒီ ပန်းတိုင်တူပြီးတော့ အားလုံးက Coalition ပေါ့။ ပူပေါင်းပြီးတော့ နော် ဒီထက်မက တွန်းလှန်မှု တိုက်ပွဲကို ဒါ ဖော်ဆောင်ဖို့ လိုအပ်တယ်လို့ ဒါ ဦးဇင်း လိုမြင်ပါတယ်။နော်။ အဲ့တော့ ဒါကြောင့်မို့လို့ ဒီထက်မက စုပေါင်းနိုင်ကြပါစေလို့ပဲ ပြောချင်ပါတယ်။

 

ဆလိုင်းဒိုခါရ် – တင်ပါ့။ ဒီတော့ ဒီ ဦးဇင်းအနေနဲ့ အခု လက်ရှိ ပြည်သူတွေ တော်လှန်ရေး ပြည်သူတွေ လိုလားတဲ့ ဒီ Federal Democracy ရရှိတာအောင် ဦးဆောင်နေတဲ့သူတွေကို အကြံပြုမယ်ဆိုရင် ဘယ်လို ပုံစံမျိုး စနစ်တကျလေး ဖြစ်စေချင်တာလဲ။ အခုထဲမှာ NUG တို့ ဆိုရင်လည်း အပြောင်းအလဲ လုပ်မယ်လို့သာ ကျွန်တော်တို့ ကြားရတယ်။ ဒါပေမဲ့ ဒါ အထဲမှာတော့ ဆွေးနွေးကြနိုင်ပေမဲ့ အများပြည်သူက လွတ်လွတ်လပ်လပ် အကြံပြုလုပ်ရတဲ့ ဟာမျိုး မဖြစ်နေဘူးဆိုတဲ့ ကန့်သတ်ချက်တွေရှိနေတယ်။ ဆိုတော့ နောက် ဒီ မြေပြင်မှာလည်း တချို့ ဒါ ပြည်သူတွေ ကိုယ်တိုင်က အားမလိုအားမရဖြစ်မှုတွေရှိလာတဲ့အပေါ်မှာ ဦးဇင်းအနေနဲ့ ဘယ်လို အကြံပြုလိုပါသလဲ ဆွေးနွေးမိန့်ကြားပေးပါဦး။

 

ဆရာတော်ဦးကောဝိဒ – ဦးဇင်းတို့ကတော့ အခု ဝေဖန်တယ်ဆိုတာကတော့ NUG ကို ဝေဖန်ကြရတာပေါ့လေနော်။ သူကတော့ အဓိက Main Actor ဖြစ်နေတာကို။ ဒါပေမဲ့ NUG တစ်ခုတည်းနဲ့ ဒီတော်လှန်ရေးက မပြီးမြောက်နိုင်ဘူးဆိုတာကိုလည်း ဒါ ဦးဇင်းတို့ သိတယ်။ နော် ပြည်သူအားလုံးကလည်း အသိကြတယ်။ လက်ခံကြတယ်။ အဲ့ဒီအခါကျတော့ ERO အဖွဲ့တွေ ERO ခေါင်းဆောင်တွေကလည်းပဲ တကယ့်ကို အင်မတန်မှ အရေးကြီးတဲ့ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်တယ်။ အဲ့ဒီအခါကျတော့ NUG National Unity Government ပေါ့နော်။ အမျိုးသား ညီညွတ်ရေး အစိုးရဆိုတဲ့အတိုင်း အမျိုးသားညီညွတ်ရေး ဖြစ်တဲ့ အစိုးရ တစ်ရပ် ပုံစံဖြစ်အောင် အဲ့တော့ တိုင်းရင်းသားအားလုံး ERO ခေါင်းဆောင်တွေ အားလုံး ပါဝင်တဲ့ အဲ့တော့ အစိုးရတစ်ရပ် ဖော်ဆောင်နိုင်ရင်တော့ ပိုကောင်းမယ်လို့ ပြောချင်တယ်ပေါ့နော်။  အဲ့ဒီအခါကျတော့ ERO ခေါင်းဆောင်တွေအနေနဲ့လည်းပဲ ဒါ NUG ထဲမှာ ပူးပေါင်းပါဝင်စေချင်တယ်။ ပူးပေါင်းမပါဝင်လို့ မရဘူးဆိုရင်လည်း ဘာဖြစ်လို့ ပူးပေါင်းမပါဝင်နိုင်တာလဲ။ NUG ရဲ့ လိုအပ်ချက်တွေက ဘာတွေရှိသလဲ။ နော် သူတို့ဖြစ်စေချင်တဲ့ ခေါင်းဆောင်တွေ ERO ခေါင်းဆောင်တွေအနေနဲ့ ဖြစ်ချင်တဲ့ အကြောင်းအရာတွေက ဘာတွေလဲ ဆိုတဲ့ ဥစ္စာတွေကို NUG က လက်မခံတာတွေက ERO တွေက ထောက်ပြတဲ့ အရာတွေကို NUG ဟာ ခေါင်းဆောင်တွေ လက်မခံတာများ ရှိသလား။ တစ်မှမဟုတ်ရင်လည်း NUG က မဖိတ်ကြားဘူးလား စသည်ဖြင့်ပေါ့နော်။ အဲ့ဒါတွေကိုလည်းပဲ ဒါ ပြည်သူတွေအနေနဲ့ ဒါ သိချင်တယ်။ သိရလို့ရှိရင် ဒါ အော် ERO ခေါင်းဆောင်တွေကတော့ ဒီလိုဖြစ်ချင်ရဲ့သားနဲ့ NUG တွေက ဒါ ပိတ်ဆို့နေတာ။ ဒါဆိုလို့ရှိရင်တော့ ငါတို့ NUG ခေါင်းဆောင်တွေကို ငါတို့ ဖိအားပေးရမယ်ဆိုတဲ့ ဟာမျိုး ပြည်သူတွေအနေနဲ့ သိရင်ပေါ့နော်။ အဲ့တော့ သိအောင်လည်းပဲ ERO ခေါင်းဆောင်တွေအနေနဲ့ ပိုပြီးတော့ တာဝန်ယူမှု တာဝန်ခံမှု ရှိရှိနဲ့ ပါဝင် ပူးပေါင်းပါဝင်စေချင်တယ်ပေါ့။ အားလုံး အားလုံးပေါ့နော်။ ကရင် ကချင် ကယား ချင်း မွန် ရခိုင် ရှမ်း စသည်ဖြင့် အားလုံးက နော် လက်နက်ကိုင်တွေ အားလုံးက ပူးပေါင်းပါဝင်တဲ့ အားလုံး ညီညွတ်တဲ့ အစိုးရတစ်ရပ်ကို ဖော်ဆောင်နိုင်တယ် ပေါ်ပေါက်လာနိုင်တယ်ဆိုရင်တော့ ဦးဇင်းတို့ ဒီထက်မက ပိုပြီးတော့ အားကောင်းလာမယ်လို့ မြင်ပါတယ်။ အားကောင်းအောင်လည်း ကြိုးစားစေချင်ပါတယ်။

 

ဆလိုင်းဒိုခါရ် – တင်ပါ့။ နောက်ထပ် မေးချင်တာကတော့ အခု အလွှာပေါင်းစုံ ဘာသာပေါင်းစုံ နောက်ပြီးတော့မှ ဒီ လူမျိုးပေါင်းစုံအနေနဲ့ ဒီ စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတာ ဖြစ်တယ်။ ဒီအပေါ်မှာ ဦးဇင်းအနေနဲ့ အောင်မြင်မှု အပြည့်အဝ ရရှိမယ်လို့ ယုံကြည်သလား။ ဘယ်လို မြင်သလဲ။ ဒီအပေါ်မှာ ဘယ်လို ဦးဇင်းအနေနဲ့ ခံယူချက်ရှိသလဲဆိုတဲ့ဟာလည်း ဆွေးနွေးမိန့်ကြားပေးပါဦး။

 

ဆရာတော်ဦးကောဝိဒ – ဦးဇင်းတော့ အောင်မြင်မယ်လို့တော့ ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုတဲ့ အခါကျတော့ စောစောက ပြောသွားသလိုပဲ ပြည်သူတွေက အလွှာပေါင်းစုံက ပူးပေါင်းပါဝင် လာတယ်ပေါ့နော်။ အဲ့တော့ အားလုံး အားလုံး အလွှာပေါင်းစုံပေါ့။ တောင်ပေါ်မြေပြန့် မကျန် အားလုံးက ပူးပေါင်းပါဝင်လာတယ်။ ဒါ သမိုင်းတစ်လျှောက်လုံးမှာ ဒီလို စည်းလုံးညီညွတ် ပြီးတော့ ပူးပေါင်းပါဝင်လာတဲ့ ဟုတ်လား တော်လှန်ရေးမျိုးဆိုတာဟာ မမြင်ဖူးဘူး မတွေ့ဖူးဘူးပေါ့နော်။ အဲ့ဒီအခါကျတော့ ဒီကနေ့မှာတော့ အားလုံးက ဒါ ပူးပေါင်းပါဝင်လာတယ်။ ဟို တစ်ချိန်တုန်းက ဆိုလို့ရှိရင် ကရင်ကို တိုက်ချင်ပြီဆိုလို့ရှိရင် KNU ကို တိုက်ချင်ရင် ဟုတ်လား KIA နဲ့ ငြိမ်းချမ်းရေးလုပ်လိုက်တယ်။ ရှမ်းတွေနဲ့ ငြိမ်းချမ်းရေး လုပ်လိုက်တယ်။ အဲ ပြီးပြီဆိုလို့ရှိရင် ဟုတ်လား KNU ကို ဖိတိုက်တယ်။ ဟို ကချင်ကို တိုက်ချင်ပြီဆိုလို့ရှိရင် KNU နဲ့ ငြိမ်းချမ်းရေးလုပ်လိုက်တယ်။ တခြား ရှမ်းတွေနဲ့ ငြိမ်းချမ်းရေးလုပ်လိုက်တယ်။ ပြီးရင် KIA ကို ဖိတိုက်တယ်ဆိုတဲ့ ဟာမျိုးတွေ သမိုင်းတစ်လျှောက်မှာပေါ့။ Divide and Rule ဆိုတဲ့ ဥစ္စာ နော် သွေးခွဲပြီးတော့ အနိုင်ယူလာတဲ့ အုပ်ချုပ်လာတဲ့စနစ်ကို ဒါ စစ်အာဏာရှင်တွေက ကျင့်သုံးလာကြတယ်။ ဒီကနေ့မှာတော့ နော် ၂၁ ရာစု နော် ၂၀၂၁ ဘယ်ဦး တော်လှန်ရေးမှာတော့ အထူးသဖြင့် လူငယ်တွေပေါ့။ ဦးဇင်းတို့ မထင်မှားမထားဘူး။ နော် ဘယ်လို ထင်မှားမထားဘူးလဲဆိုတော့ အော် ဒီလူငယ်တွေဟာ ဘာမှ နိုင်ငံရေးလည်း စိတ်မဝင်စားကြတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ နော် အမြဲတမ်း ဂိမ်းပဲ ဆော့နေကြတဲ့ ကောင်လေးတွေပဲ။ သွားပါပြီ ငါတို့နိုင်ငံရဲ့ အနာဂတ်ကတော့လို့ ဒီလို ထင်ခဲ့တာပေါ့။ တကယ့် ၂၀၂၁ ခုနှစ် အာဏာလည်းသိမ်းလိုက်ရော အဲ့ဒီ ကောင်လေးတွေက ဘာဖြစ်လဲဆိုတော့ ငါတို့ ရထားတဲ့ လွတ်လပ်မှုတွေ ဆုံးရှုံးသွားပြီ။ ဆုံးရှုံးမခံနိုင်ဘူးဆိုပြီးတော့ သူတို့ ကိုယ်တိုင် တစ်ခါတည်း တောထဲ ထွက်ပြီးတော့ နော် Gen Z တွေ တပ်ပွဲဝင်ကြတာ။ ဒါ PDF တွေထဲမှာ ဆိုလို့ရှိရင် ဒါ သူတို့ကိုယ်တိုင် တပ်ပွဲဝင်ကြတဲ့အခါကျတော့ တပ်ပွဲဝင် များလာတော့ ဒီတော်လှန်ရေးကတော့ လုံးဝ အောင်မြင်တော့မယ်ဆိုတာကို ဒါ ဦးဇင်းအနေနဲ့ အခိုင်အမာ ယုံကြည်တယ်။ ဒါကြောင့်မို့လို့ပဲ နော် စစ်အာဏာရှင်အောက်က နော် စစ်အာဏာရှင်ကြီးတွေဟာ အခု အာဏာရှင်တွေဟာ တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်ပြီးတော့ ထောင်ချနေကြတယ်။ နော် အရေးယူ နေကြတာတွေ ရှိတယ်။ တကယ်လို့သာ တော်လှန်ရေးသာ မရှိဘူးဆိုလို့ရှိရင် သူတို့ဟာ သူတို့ အေးအေးဆေးဆေးနဲ့ ဟုတ်လား စားသောက်နေကြမှာပေါ့။ နော်။ ဒါကြောင့်မို့လို့ ဟို အခု အိမ်နီးချင်းနိုင်ငံတွေက ထောက်ခံမှု ဟုတ်လား မရသည့်တိုင်အောင် ပြည်သူလူထုရဲ့ ပြင်းပြတဲ့ ဆန္ဒနဲ့ ဒီတော်လှန်ရေးဟာ လုံးဝ အောင်မြင်မယ်လို့ ဒါ ဦးဇင်းကတော့ ယုံကြည်ပါတယ်။

 

ဆလိုင်းဒိုခါရ် – တင်ပါ့။ စောစောက ဦးဇင်းဆွေးနွေးသွားတဲ့ အထဲမှာ အိမ်နီးချင်းနိုင်ငံတွေ ကလည်း မထောက်ခံဘူးဆိုတဲ့ဟာ အချက်ပါသွားတာပေါ့နော်။ ဆိုတော့ ဒီ အခု ဆွေးနွေးစေ                                                                                                                                                                                                                                                                                                                  လိုတာကတော့ အိမ်နီးချင်းနိုင်ငံတွေအပေါ်သော်လည်းကောင်း နိုင်ငံတကာက ဒီ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအပေါ် တုံ့ပြန်မှုကို ဘယ်လို မြင်သလဲပေါ့နော်။ ဘာဖြစ်လို့လဲဆိုရင် ဒီ တော်လှန်ရေးမှာ ပါသူတွေအားလုံးက နိုင်မယ်လို့ ယုံကြည်မှုအပြည့်အဝ ရှိထားတဲ့ဟာ ဖြစ်တယ်။ ဒါပေမဲ့ ဒီ နိုင်ငံတကာအုပ်စုတွေ၊ အိမ်နီးချင်းနိုင်ငံတွေက ဒါ နိုင်မယ့်ဟာကို စိုးရိမ်တာကြောင့်လား သို့မဟုတ် ဘာကြောင့် စစ်ကောင်စီကို ပိုပြီးတော့ ပံ့ပိုးသလို ဖြစ်နေလဲ။ ဒီ ဒီအပေါ် ဦးဇင်းအမြင်လေး ဆွေးနွေးမိန့်ကြားပေးပါဦး။

 

ဆရာတော်ဦးကောဝိဒ – ဦးဇင်းရဲ့ အမြင်ကတော့ ဒါ တကယ့် မြန်မာနိုင်ငံမှာ တကယ့် ဖြစ်ပျက်နေတဲ့ တကယ့် အဖြစ်အပျက် အဖြစ်မှန်တွေကို တိုင်းရင်းချင်းနိုင်ငံတွေက မသိကြတာတွေလည်း ရှိမယ်လို့ ထင်ပါတယ်။ သမိုင်းတစ်လျှောက်မှာလည်းပဲ ဒါ စစ်တပ်က ဒီလို တော်လှန်ရေးတွေ ဖြစ်လိုက်တိုင်း ဖြစ်လိုက်တိုင်းမှာ စစ်တပ်ကချည်းပဲ ပြန်ပြန်ပြီးတော့ အနိုင်ယူသွားတယ်။ အုပ်ချုပ်သွားနိုင်တယ်ဆိုတဲ့ ဥစ္စာတွေက ဒါ ရှိနေတဲ့အခါကျတော့ ဒီကနေ့မှာလည်းပဲ ဒီလိုပဲ နေမှာပါပဲလေဆိုပြီးတော့ ဒီလိုဟာတွေလည်း ရှိကောင်းရှိမယ်။ နောက်တစ်ခါ သူတို့က ရေတိုကို ကြည့်တာလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်။ အခု စစ်တပ်က ရွေးကောက်ပွဲလုပ်မယ်ဆိုပြီးတော့ ဒါ ကြွေးကြော်တာရှိတယ်။ ရွေးကောက်ပွဲဆိုတာကတော့ ဒါ အားလုံးက ဒါ ဒီမိုကရေစီမှာ ကျော်လွှားလို့ မရတဲ့ အရာတစ်ခုပေါ့နော်။ ဒါပေမဲ့ ဒီမိုကရေစီဟာ ရွေးကောက်ပွဲတစ်ခုတည်းနဲ့ ပြီးပြည့်စုံတဲ့ အရာလို့တော့ ပြောလို့မရဘူးပေါ့နော်။ အဲ့တော့ ဒီကနေ့ စစ်အာဏာရှင်တွေ နော် စစ်ကောင်စီ စစ်ကော်မရှင်က သူ ထိန်းချုပ်ထားလို့ရတဲ့ အရာက ဟုတ်လား ရာခိုင်နှုန်းနည်းနည်းပဲ ရှိတော့တယ်။ တကယ့် ရာခိုင်နှုန်းအများစုမှာက သူ ထိန်းချုပ်နိုင် ထိန်းချုပ်နိုင်မှု မရှိတော့ဘူးပေါ့နော်။ သူ့ရဲ့ အုပ်ချုပ်မှု စနစ်တွေက မရှိတော့ဘူး။ အဲ့ဒီအခါကျတော့ သူ့ရဲ့ နေပြည်တော်လောက် ရန်ကုန် မန္တလေးလောက် မြို့ထဲ မှာလောက်ပဲ သူတို့ ကျင်းပလို့ရမယ်။ နော်။ ဒီလို ကျင်းပတဲ့ အခါမှာ သူတို့ လိုချင်တဲ့ ရလဒ်ကတော့ ထွက်မှာပေါ့။ ဒါပေမဲ့ ဒီအောင်မြင်မှုက နှစ်သာရမရှိတဲ့ နော် အဆံမရှိတဲ့ ဒါ အောင်မြင်မှုပဲလို့ ဒါ ပြောလို့ရတာပေါ့။ ဒီလို သရဖူမျိုးက ဘာလဲဆိုတော့ မီးခိုးနဲ့ လုပ်ထားတဲ့ သရဖူမျိုးပဲ။ ကြာရှည်ခံမှာ မဟုတ်ဘူး။ နော်။ ဒီလို ပဋိပက္ခကိုလည်း ပြေလည်သွားစေမှာ မဟုတ်ဘူး။ ဒါ ပဋိပက္ခကို ပိုပြီးတော့ မီးမွှေးသလို ဖြစ်သွားမှာပဲ။ နော် ပြည်သူရဲ့ ဆန္ဒမပါဘဲနဲ့ တကယ့် လွတ်လပ်မှုမရှိဘဲနဲ့ ရွေးကောက်ပွဲလုပ်တယ်ဆိုတာဟာ ပြဿနာကို ပြေလည်မှာမဟုတ်ဘူး။ ပြဿနာကို ပိုပြီးတော့ ကြီးထွားစေမှာ ဖြစ်တယ်။ အဲ့တော့ စစ်အာဏာရှင်က ဟာ ကြိုက်တဲ့ လွတ်လပ်ခွင့်ရှိပါတယ်။ သူတို့ပါတီကို ကြိုက်သလို လွတ်လွတ်လပ်လပ် ဟုတ်လား မဲထည့်ခွင့်ရှိတယ်လို့ ပြောကောင်းပြောမယ်။ ဒါဟာ တစ်ဖက်သတ် လွတ်လပ်မှုပဲ ဖြစ်နေတယ်။ နော်။ အဲ့တော့ လွတ်လပ်စွာ ထောက်ခံခွင့်ရှိသလို လွတ်လပ်စွာ ဝေဖန်ခွင့်ဆိုတာလည်း ရှိရမယ်။ ဆန့်ကျင်ခွင့်ဆိုတာလည်း ရှိရမယ်။ ဒါမှ တကယ့် လွတ်လပ်ခွင့်ရှိမှာကိုး။ အခုကျတော့ ဟုတ်လား ဝေဖန်တဲ့ ပုဂ္ဂိုလ်တွေကို ဟုတ်လား သေဒဏ်ထောင်ချနိုင်တဲ့ ဥပဒေတွေ ထုတ်ပြီးတော့ လုပ်နေတဲ့အခါကျတော့ ဒါဟာ တကယ့် ပြဿနာရဲ့ ပြေလည်မှု ကို မသွားဘူး။ ဒါကို နိုင်ငံတကာ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေက သိနားလည်ဖို့လိုတယ်။ နော်။ ဒါကြောင့်မို့လို့ အိမ်နီးချင်းနိုင်ငံတွေကိုလည်းပဲ ဒါ ဦးဇင်းအနေနဲ့တော့ မေတ္တာရပ်ခံချင်တယ်။ ဒီ အမှန်တရားကိုပဲ ထောက်ခံစေချင်တယ်။ ဒီမိုကရေစီကိုပဲ ထောက်ခံစေချင်တယ်။ အထူးသဖြင့် အိန္ဒိယပေါ့။ အိန္ဒိယအနေနဲ့က တကယ့်ကို One of the biggest democratic country ပေါ့နော်။ တကယ့်ကို ကမ္ဘာမှာ အကြီးမားဆုံးထဲက အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံ တစ်ခု ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ နော် ဒီမိုကရေစီကို ဒါ ထောက်ခံသင့်တယ်။ နော် Federal Democracy ကို ထောက်ခံအားပေးသင့် တယ်လို့ ဒါ မြင်ပါတယ်။ ရေတိုကို မကြည့်ဘဲနဲ့ ရေရှည် ပြည်သူ့ရဲ့ ဆန္ဒ၊ ပြည်သူ့ရဲ့ ယုံကြည်မှု၊ ပြည်သူက လေးစားတဲ့ ဟာကို တန်ဖိုးထားသင့်တယ်ပေါ့နော်။ အိန္ဒိယနိုင်ငံကို ဆိုလို့ရှိရင် ဟုတ်လား မြန်မာပြည်သူပြည်သားတွေက ဒါ လေးစားတယ်၊ တန်ဖိုးထားတယ်။ ဘာဖြစ်လို့ လဲဆိုတဲ့အခါကျတော့ ဒါ အိန္ဒိယနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်တယ်။ Federal စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ ဒါကြောင့်မို့လို့ ငါတို့နိုင်ငံကိုလည်းပဲ ဒါ Federal စနစ် ဟုတ်လား ဒီမိုကရေစီစနစ်ကိုတော့ ဒါ ထောက်ခံမှာပဲ၊ အားပေးမှာပဲဆိုတာကို ဒါ ယုံကြည်တယ်။ တကယ်လို့များသာ စစ်အာဏာရှင်က လုပ်တဲ့ ရွေးကောက်ပွဲကို သွားပြီးတော့ ထောက်ခံမယ်ဆိုလို့ရှိရင် ဒါက ဘာဖြစ်သွားမလဲဆိုလို့ရှိရင် ပြည်သူလူထုရဲ့ ယုံကြည်မှုကို ဖျက်ဆီးရာ ရောက်သွားနိုင်တယ်လို့ ဒါ ဦးဇင်းအနေနဲ့တော့ မြင်ပါတယ်။ တကယ့်ကို ရေရှည်မှာ နိုင်ငံအချင်းချင်း ပြေလည်ချင်တယ်၊ အကျိုးရှိချင်တယ်ဆိုလို့ရှိရင် ပြည်သူ့ဆန္ဒကို ဒါ လေးစားလိုက်နာဖို့ လိုအပ်တယ်လို့ ဒါ မြင်ပါတယ်။ တကယ်လို့သာ စစ်အာဏာရှင်ကို သွားပြီးတော့ ပူးပေါင်းမယ်၊ စစ်အာဏာရှင်ကို သွားပြီးတော့ ထောက်ခံမယ်ဆိုလို့ရှိရင် အခု ရွာတွေ မီးရှို့နေတဲ့ စစ်အာဏာရှင်၊ ပြည်သူတွေကို အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ထောင်ချနေတဲ့ စစ်အာဏာရှင်တွေ၊ လေယာဉ်နဲ့ နေရာတကာမှာ အရပ်ဖက်ပြစ်မဲ့တွေကို လိုက်ပြီးတော့ ဗုံးကြဲနေတဲ့ စစ်အာဏာရှင်တွေကို သွားပြီးတော့ ထောက်ခံတယ်ဆိုလို့ရှိရင် မိမိတို့ တစ်တွေလည်းပဲ အိန္ဒိယအစိုးရလည်းပဲ ဟုတ်လား စစ်အာဏာရှင်နဲ့ ကြံရာပါ ဖြစ်နေတယ်ဆိုတာကို ပြည်သူလူထုက မြင်သွားလို့ရှိရင် ဒါဟာ မကောင်းပါဘူး။ ဒါကြောင့်မို့လို့ ဒါ ပြည်သူ့ရဲ့ ဆန္ဒနဲ့အညီ ဒီမိုကရေစီကို Federal ကို ထောက်ခံရင်တော့ ရေရှည် အိန္ဒိယနဲ့ မြန်မာ အကျိုးစီးပွား ဖြစ်ထွန်းမယ်ဆိုတာကို ဒါ ဦးဇင်း ပြောချင်ပါတယ်။

 

ဆလိုင်းဒိုခါရ် – တင်ပါ့။ နောက်ဆုံးပိုင်းအနေနဲ့ မေးမြန်းလိုတာကတော့ ဒီ အခုလက်ရှိ ဒီ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ရခိုင်၊ ဒီ အိန္ဒိယနဲ့ နယ်စပ်ထိစပ် အားလုံးက တော်လှန်ရေး အင်အားစုတွေက အများဆုံး ထိန်းချုပ် ထိန်းချုပ်ထားတဲ့ နယ်မြေ ဖြစ်တယ်။ အခု လက်ရှိအချိန်မှာဆိုရင်လည်း ဖြတ်လေးဖြတ်၊ ဖြတ်ငါးဖြတ်ဆိုပြီးတော့မှ စစ်ကောင်စီဘက်က နောက်ဆုံးပေး ဒါ ဓာတ်မီးတွေ၊ ဓာတ်ခဲတွေကစ အခြေခံစားသောက်ကုန်နဲ့ အကုန်လုံးကို ဖျက်ပြီးတော့မှ ထိုးဆေးတွေ ပြင်နေတဲ့ဟာမျိုး ဖြစ်တယ်။ ဆိုတော့ အခုချိန်မှာ အိန္ဒိယကို ပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ အထူးသဖြင့် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတဲ့ သူတွေနဲ့အတူ ရပ်တည်ဖို့ဆိုရင် အိန္ဒိယက တော်တော်လေး အရေးပါလာတဲ့ အနေအထား ဖြစ်တယ်။ ကုန်သွယ်ရေး လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးတာနဲ့ ဒီ ပြီးတော့ ဒါ အခြေခံလိုအပ်တဲ့ ဆေးဝါးတွေ ပစ္စည်းတွေ လွတ်လွတ်လပ်လပ် ဝယ်ယူခွင့်ပြုတာနဲ့ ဒါ အများရဲ့ အကျိုးရှိလာမယ့် အခြေအနေ ဖြစ်တယ်။ ဆိုတော့ ဦးဇင်းအနေနဲ့ ဘာသာရေးခေါင်းဆောင် ဗုဒ္ဓဘာသာဘုန်းတော်ကြီး တစ်ပါးအနေနဲ့ အိန္ဒိယကို တောင်းဆိုလို့ ရမယ်ဆိုရင် တိတိကျကျအနေနဲ့ ဒီကဏ္ဍ ဒီကဏ္ဍဟာမျိုးကိုတော့ ကူညီစေချင်တယ်ဆိုတဲ့ ဟာမျိုး ဆွေးနွေးမိန့်ကြားလိုတာရှိရင် ဆွေးနွေးမိန့်ကြားပေးပါ။

 

ဆရာတော်ဦးကောဝိဒ – အိန္ဒိယ ခေါင်းဆောင်တွေကို ဦးဇင်းအနေနဲ့ ဟုတ်လား တောင်းဆိုခွင့်ရ မယ်ဆိုရင် ဒါ တော်လှန်ရေးဘက်က တော်လှန်ရေးတွေကို မထောက်ခံချင်ဘူးဆိုရင်လည်း ရပါတယ်။ ဒါပေမဲ့ အတိဒုက္ခရောက်နေကြတဲ့ ပြည်သူတွေကိုတော့က ဒါ ငဲ့ကွက်ပြီးတော့ နော် တကယ့်ကို လူသားချင်း ဆန္ဒထောက်ထားပေးပြီးတော့ လူသားစိတ်ဓာတ်နဲ့ အဲ့တော့ မေတ္တာထားပြီးတော့ Humanitarian Aid ဆိုတဲ့ဟာမျိုးအနေနဲ့တော့ ဒါ ပြည်သူလူထုရဲ့ အကျိုးကို ရှေးရှုပြီးတော့ အိမ်နီးချင်းမှာရှိတဲ့ နယ်စပ်တွေကို ဖွင့်ပြီးတော့ ပြည်သူ့ရဲ့ အကျိုးအတွက် စားသောက်ကုန်တွေ ဘာတွေတော့ ဒါ ရောင်းဝယ်ခွင့်ပေးသင့်တယ်လို့ ဒါ တောင်းဆိုပါတယ်။ ဒါဟာ စစ်ရေးနဲ့ မဆိုင်ပါဘူးနော်။ စစ်ရေးနဲ့ မဆိုင်တဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် ရေရှည်မှာလည်းပဲ နိုင်ငံ့အကျိုးအတွက် ပြည်သူတွေက ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ ဒီရဲ့ ကျေးဇူးတရားတွေကို ပိတ်ဆို့တာနဲ့ စာရင်တော့ ပိုပြီးတော့ စိတ်နာသွားလို့ရှိရင် ဒါ ပိုပြီးတော့ နာကြီးမှုတွေ ဖြစ်သွားရင်လည်းပဲ ပြည်သူတွေဘက်က မကောင်းပါဘူးနော်။ ဒါကြောင့်မို့လို့ ဒါ အိန္ဒိယအစိုးရအနေနဲ့ ပြည်သူတွေရဲ့ အကျိုးကို ရှေးရှုပြီးတော့ ရောင်းဝယ်ခွင့်တွေကိုတော့ ဒါ ပိုပြီးတော့ ဖွင့်ပေးသင့်တယ်လို့ ဦးဇင်းအနေနဲ့ တော့ ပြောချင်ပါတယ်။

 

ဆလိုင်းဒိုခါရ် – တင်ပါ့။ ဆိုရင် ဒီ ဦးဇင်းအနေနဲ့ နောက်ဆုံးပိတ် အခုလက်ရှိ မြန်မာနိုင်ငံ နွေဦးတော်လှန်ရေးက ပထမပိုင်း ဆွေးနွေးထားသလို ဒါ နိုင်ကိုနိုင်မယ်လို့ ယုံကြည်ထား တာဖြစ်တယ်။ ပြီးတော့ သို့သော်လည်း အိမ်နီးချင်းနိုင်ငံတွေရဲ့ ထောက်ခံမှုတော့ မရသေးဘူး။ ဦးဇင်းဆွေးနွေးထားသလိုပဲ အိမ်နီးချင်းနိုင်ငံတွေရဲ့ ထောက်ခံမှုက အဓိက မဟုတ် အနိုင်ကို နိုင်မယ်ဆိုတဲ့ ဦးဇင်းမှာ ယုံကြည်ချက်ရှိသလို တော်လှန်ပြည်သူတွေကိုရော ဘာကြောင့် အဲ့ဒီလို ယုံကြည်မှုရှိသလဲဆိုတဲ့ ဟို ဆိုတဲ့ဟာနဲ့ နောက်ဆုံးပေး ခွန်အားပေးစကားလည်း ဆွေးနွေးမိန့်ကြားပေးပါဦး။

 

ဆရာတော်ဦးကောဝိဒ – ဦးဇင်းတို့ ပြည်သူတွေအားလုံး ညီတဲ့အတွက်ကြောင့်မို့လို့ နိုင်မယ်လို့ ဒါ ပြောတာပေါ့နော်။ တကယ်လို့သာ အိမ်နီးချင်းနိုင်ငံတွေရဲ့ ထောက်ခံမှုသာ ရမယ်ဆိုလို့ရှိရင် ဒီထက်မက မြန်မြန် အစောကြီး ဒါ ဦးဇင်းတို့ ပေးနိုင်ပါတယ်။ တော်လှန်ရေးကိုနော်။ ဦးဇင်းတို့ စစ်အာဏာရှင်အောက်က လွတ်မြောက်ပြီးတော့ ငြိမ်းချမ်းတဲ့ Federal Democracy ကို အစောကြီး ဦးဇင်းတို့ ရောက်ရှိနိုင်ပါတယ်။ ဦးဇင်းတို့နိုင်ငံဟာနော်။ ဒါပေမဲ့လည်းပဲ ဘယ်သူမှ မထောက်ခံလည်းပဲ နော် ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သလိုပဲ “အမေတို့နိုင်ငံက ကိုယ်ထူမှ ကိုယ်ထရတဲ့နိုင်ငံပါ သားတို့သမီးတို့နော်။ အဲ့တော့ အားမလျှော့ကြပါနဲ့။ ဇွဲမလျှော့ကြပါနဲ့။ ညီညီညွတ်ညွတ်နဲ့ ကြိုးစားကြပါ”ဆိုပြီးတော့ မှာခဲ့တဲ့အတိုင်း ကိုယ်ထူမှ ကိုယ်ထရတဲ့နိုင်ငံ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အိမ်နီးချင်းနိုင်ငံတွေက ကူညီနိုင်လည်းပဲ ဒါ အမြတ်ပေါ့။ ပိုပြီးတော့ မြန်တာပေါ့။ မကူညီရင်လည်းပဲ ဦးဇင်းတို့ ပြည်သူပြည်သားတွေရဲ့ ဇွဲနဲ့ပဲ ဒီတိုင်း ရှေ့ဆက်သွားမယ်ဆိုလို့ရှိရင် မကြာတော့တဲ့ ကာလမှာ ခေါင်းဆောင်တွေ လည်းပဲ ညီညီညွတ်ညွတ်နဲ့ လက်တွဲပြီးတော့ တိုက်ပွဲဝင်နိုင်ကြမယ်ဆိုလို့ရှိရင် ဦးဇင်းတို့ နိုင်ငံဟာ လိုချင်တဲ့ Federal Democracy စနစ်ကို အမြန်ဆုံး အရောက်လှမ်းနိုင်မှာ ဖြစ်ပါ တယ်။ လို့ ဒါ ဦးဇင်းပြောချင်ပါတယ်။

 

ဆလိုင်းဒိုခါရ် – ကျေးဇူးတင်ပါတယ် ဆရာတော်။ အခုလို ဒီThe Kaladan Post ကို အချိန်ပေးပြီးတော့မှ ဆွေးနွေးပေးတဲ့အတွက်။

 

ဆရာတော်ဦးကောဝိဒ – ဟုတ်ကဲ့။ ဦးဇင်းလည်း ကျေးဇူးတင်ပါတယ်။