အောက်တို ၂၅
The Kaladan Post

အယ်ဒီတာ့အာဘေ်

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအပြီးတွင် တော်လှန်ရေးအင်အားစုများနှင့် ၎င်းတို့ကို ထောက်ခံသူများအကြား “..မြို့ SOLD OUT” ဆိုပြီး အောင်ပွဲခံခြင်းများ ငြိမ်သက်သွားပြီးနောက် “..ပြည်သူ့ငွေသူခိုး” ဆိုသည့် မှတ်ချက်များက လူမှုကွန်ရက်စာမျက်နှာများတွင် အစားထိုး များပြားလာသည်။ ထိုနည်းတူ မင်းအောင်လှိုင်နှင့် အပေါင်းအပါများအကြားတွင်လည်း “မြို့အချို့ ပြန်လည်ရရှိပြီဟု အောင်ပွဲခံ” ခြင်း သတင်းများနှင့်အတူ “ကျားဖြန့်ရာဇဝတ်သားများနှင့် အမျိုးဘာသာသာသနာ အစွန်းရောက်အုပ်စုများ လက်တွဲထားသည့် ဓာတ်ပုံမှတ်တမ်းများ” တိုးလာခြင်း ဖြစ်သည်။

 

ယခင်က အကြမ်းဖက်မြန်မာစစ်အုပ်စု၏ လက်ကိုင်တုတ်ဖြစ်ခဲ့သော ကိုးကန့်နယ်ခြားစောင့်တပ် ခေါင်းဆောင် ဝေဆန်း၏ တရုတ်တရားရုံးတွင် ထွက်ဆိုချက် အသံဖိုင်ကို တရုတ်အစိုးရက တရားဝင်ထုတ်ပြန်လာခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် “လူပုံလယ်တော့ သူတို့ဟာ အစိုးရလစာ ရပြီး နယ်စပ် လုံခြုံရေး ကာကွယ်စောင့်ရှောက်တယ်။ သိုသိုသိပ်သိပ်အားဖြင့်တော့ သူတို့ဟာ မိသားစု အကျိုးစီးပွားတွေကို ကာကွယ်ဖို့ အစိုးရ ယန္တရားကို ဖြန့်ကျက်အသုံးချတယ်” ဟု စီစီတီဗွီက ဖော်ပြသည်။ “ကိုးကန့်မှာ ကျွန်တော်က နယ်ခြားစောင့်တပ်ရဲ့ အမြင့်ဆုံးကွပ်ကဲသူ ဖြစ်တယ်” ဟု ဝေဆန်းက စီစီတီဗွီကို ပြောသည်။

ထို့အပြင် ရွှေကုက္ကိုလ် ကျားဖြန့်ခေါင်းဆောင် ရှီကျိကျန်း (၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီခရိုင်ရှိ စောချစ်သူဦးဆောင်သော ကရင်နယ်ခြားစောင့်တပ် ထိန်းချုပ်နယ်မြေအတွင်းတွင် ရင်းနှီးမြှုပ်နှံမှု ငွေကျပ် သန်း ၅၀၀,၀၀၀ ကျော် အကုန်အကျခံကာ အထူးစီးပွားရေးဇုန်ကြီးကို ဦးဆောင်တည်ဆောက်ခဲ့သူ) အား ထိုင်းအစိုးရက ဖမ်းဆီးရမိပြီးနောက် တရုတ်နိုင်ငံသို့ လွှဲအပ်ပေးတော့မည်ဆိုသည့် သတင်းဖြစ်ပါသည်။ ဤအခြေအနေကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည့် KK Park ကို ဝင်ရောက်စီးနင်းခဲ့ဟု စစ်ကောင်စီက ထုတ်ပြန်ကာ အတုအယောင် စစ်ဆင်ရေးလုပ်ဆောင်ခြင်းနှင့်အတူ ထိုင်းနိုင်ငံဘက်သို့ ကျားဖြန့်လုပ်ငန်းတွင် လုပ်ကိုင်သူ ၁,၇၀၀ ကျော်ခန့် ထွက်ပြေးတိမ်းရှောင်နေကြသည့် သတင်းလည်း ဖြစ်ပါသည်။

 

ဤသတင်းများသည် နိုင်ငံတကာအလယ်တွင် အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံ နယ်ခြားစောင့်တပ်များနှင့် ကမ္ဘာ့ရာဇဝတ်ဂိုဏ်းများနှင့် လက်တွဲနေမှုများအပြင် ဤလုပ်ငန်းများတွင် အကြမ်းဖက် မင်းအောင်လှိုင်နှင့် အပေါင်းအပါများ ပါဝင်ပတ်သက်နေမှုများအား သက်သေအထောက်အထားများစွာဖြင့် တွေ့မြင်လာကြရပြီ ဖြစ်သည်။ ဤကျားဖြန့်ကိစ္စတွင် စိုးရိမ်စရာအကောင်းဆုံးမှာ တရုတ်၊ အိန္ဒိယနှင့် ထိုင်းတို့လည်း ပါဝင်သည်။ သို့သော် ယနေ့အချိန်ထိ ဤသုံးနိုင်ငံသည် အကြမ်းဖက်စစ်အုပ်စုအား ပိုမိုချဉ်းကပ်နေဆဲ ဖြစ်သည်မှာ ထူးဆန်းနေပါသည်။ ဤအချက်များကို ကြည့်ပြီး ဖြစ်နိုင်ခြေ အလားအလာများကို ဆန်းစစ်ကြည့်ပါက အမျိုးသားညီညွတ်ရေးအစိုးရအား တရားဥပဒေစိုးမိုးရေးကို ကိုင်တွယ်နိုင်မည့် အင်အားစုအဖြစ် အိမ်နီးချင်းနိုင်ငံများမှ မယုံကြည်ခြင်း၊ ပြန့်ကျဲနေသော တော်လှန်ရေးအင်အားစုများ စုစည်းကာ မြန်မာ့အရေးအား ထိထိရောက်ရောက် ဖြေရှင်းနိုင်မည်ဟု မယုံကြည်ကြခြင်းနှင့် တော်လှန်ရေးအင်အားစုများမှ အကြမ်းဖက်စစ်အုပ်စု၏ အားနည်းချက်များကို မိမိ၏ အားသာချက်အဖြစ် မပြောင်းလဲနိုင်ခြင်းတို့သည် အဓိကအကြောင်းရင်းများ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

 

လက်ရှိအချိန်တွင် မင်းအောင်လှိုင်နှင့် အပေါင်းအပါများအား စုစည်းမှုအင်အား၊ လက်နက်အင်အားနှင့် အရေးပါသော နယ်မြေထိန်းချုပ်မှုများကြောင့် မဖြစ်မနေ ဆက်ဆံရေး ပြုလုပ်နေရသော်လည်း မြန်မာနိုင်ငံအတွက် အဖြေမဟုတ်မှန်းနှင့် ယင်းအုပ်စုကို ထောက်ခံခြင်းသည် ကမ္ဘာ့ရာဇဝတ်မှုပေါင်းစုံကို ကျူးလွန်ထားသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းကို ထောက်ခံအားပေးသည့် အနေအထား ဖြစ်နေမှန်း သတိပြုမိလာကြပြီ ဖြစ်သည်။ သို့သော် အမျိုးသားညီညွတ်ရေးအစိုးရသည်လည်း ထိထိရောက်ရောက်ဖြင့် မင်းအောင်လှိုင်၏ ရာဇဝတ်မှုများကိုပင် ထိရောက်စွာ မဖော်ထုတ်နိုင်သည့် အနေအထား ဖြစ်သည်။ ထို့အပြင် ပြန့်ကျဲနေသော အင်အားစုများကို စုစည်းနိုင်ရေးအတွက်လည်း ရုန်းကန်နေရဆဲ ဖြစ်ပြီး ပိုမိုပြင်းထန်သော ပြည်သူ့ဝေဖန်မှုများကိုလည်း ရင်ဆိုင်နေရသည်။ ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရက အားထားရသော ဘဏ္ဍာငွေရှာဖွေရေး ကဏ္ဍမှ အရေးပါသည့် လူပုဂ္ဂိုလ်အချို့သည်လည်း အချင်းချင်း ခိုးမှုစွပ်စွဲချက်များဖြင့် အနားယူကြသူများက အနားယူကာ ပြည်သူ့ယုံကြည်မှု ဆုံးရှုံးကြသူများကလည်း ဆုံးရှုံးကုန်ကြသည်။ ဤအချက်များကို ကြည့်ပါက ရာဇဝတ်သားကိုပင် မယှဉ်နိုင်တော့သည့် အမျိုးသားညီညွတ်ရေးအစိုးရအဖြစ် သမိုင်းတွင် မှတ်တမ်းတင်ခံရမည်လား၊ သို့မဟုတ် အမြန်ဆုံး ပြောင်းလဲမည်လားဟူသည့် မေးခွန်းသည် ပိုမိုကြီးထွားလာပါသည်။ ထို့ကြောင့် ရာဇဝတ်သား မင်းအောင်လှိုင်နှင့် အပေါင်းအပါများအား နိုင်ငံတကာစင်မြင့်ပေါ်မှ အပြည့်အဝ ဖယ်ရှားနိုင်ရေးအတွက် နည်းလမ်းများသည် မရှိမဖြစ် လိုအပ်နေပြီး အဆိုပါ နည်းလမ်းများ ပေါ်ထွက်လာစေရန်အတွက်လည်း အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အပြောင်းအလဲများ ပြုလုပ်ရန် အရေးကြီးပေသည်။