အမေရိကန်နိုင်ငံတွင် သမ္မတဟောင်းထရမ့်သည် ၂၀၂၄ ခုနှစ် သမ္မတလောင်းအဖြစ် ၎င်း၏ပါတီက အတည်ပြုချိန်မှစ၍ စိတ်ဝင်စားမှု၊ ရယ်မောဖွယ်၊ စိတ်ပျက်စရာ၊ ဝမ်းနည်းစရာ အမျိုးမျိုးသော လုပ်ရပ်များကို ပြသကာ နိုင်ငံတကာ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။ ၎င်းသည် ရွေးကောက်ပွဲတွင် အမှန်တကယ် အနိုင်ရပြီး တစ်ကျော့ပြန် ကမ္ဘာ့သြဇာအရှိဆုံး လူသားဖြစ်လာချိန်တွင် ကမ္ဘာတစ်ခုလုံး တုန်လှုပ်သွားသည့် အနေအထားသို့ ရောက်ရှိသွားသည်။ အကြောင်းရင်းမှာ ကမ္ဘာကြီးကို လွှမ်းမိုးနေသည့် လစ်ဘရယ် အတွေးအခေါ်ကို ချေမှုန်းပြီး ကမ္ဘာကြီးကို ရွာသဖွယ်မြင်သည့် အတွေးအခေါ်ကို အပြင်းအထန် နှိပ်ကွပ်ရန် ပြင်ဆင်လာကာ “အမေရိကန်အကျိုးစီးပွါးသည်သာ ပထမဆိုသည့်” အတွေးဖြင့် အမေရိကန်၏ အကျိုးစီးပွါးကိုသာ ဦးစားပေးလာခြင်း ဖြစ်သည်။ ထို့အပြင် အမေရိကန်၏ စီးပွားရေးစနစ် တစ်ခုလုံးကို ပြန်လည်ပြုပြင်ရန်၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် ကမ္ဘာ့နိုင်ငံရေး ယဉ်ကျေးမှုကြီးကိုပင် ပြုပြင် ပြောင်းလဲရန် ကြိုးစားလာသည်။
ဤသို့ သမ္မတ ထရမ့်၏ ကြိုးစားအားထုတ်မှုများသည် ဒီမိုကရေစီစံနှုန်း၊ လူ့အခွင့်အရေးစံနှုန်းများ အပါအဝင် လူသားချင်း စာနာထောက်ထားမှုများကို အခြေခံသည့် အမေရိကန်၏ နိုင်ငံတကာ အကူအညီများကို ရပ်တန့် စေခဲ့သည်။ ထို့အပြင် အမေရိကန်တွင်ပင် တရားမဝင်ရောက်လာသော နိုင်ငံခြားသားများကို ဖမ်းဆီး နှင်ထုတ်ခြင်း၊ တချို့နိုင်ငံများကို အမေရိကန်ဝင်ခွင့် ပိတ်ပင်ခြင်းများကို လုပ်ဆောင် လာသည်။ ဤအချက်များသည် အမေရိကန်နိုင်ငံ၏ ပြောင်းလဲမှုတွင် မြန်မာနိုင်ငံပြည်သူများအနေဖြင့် သတိထားမိသည့် အချက်ဖြစ်သလို မြန်မာ့နွေဦးတော်လှန်ရေးအပေါ် သက်ရောက်မှုအကြီးမားဆုံးလည်း အဓိက အချက် နှစ်ချက်လည်း ဖြစ်သည်။ အကြောင်းရင်းမှာ မြန်မာနိုင်ငံအတွက် စစ်ဘေးဒုက္ခသည်များ အပါအဝင် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတကာ အကူအညီအားလုံး၏ ထက်ဝက်ကျော်ခန့်သည် USAID ဟု လူသိများသည့် အမေရိကန်အကူအညီဖြစ်ပြီး မြန်မာနိုင်ငံတော်လှန်ရေးကို အပြည့်အဝ ကူညီမှု မလုပ်သေးသည့်တိုင် USAID အကူအညီသည် မြန်မာနိုင်ငံ လွတ်မြောက်နယ်မြေများ အတွင်း ပြည်သူများ၏ အခက်အခဲများစွာကို ဖြေရှင်းပေးခဲ့သည်။ သို့သော် ယခုအခါ အမေရိကန်အကူအညီ ရပ်တန့် လိုက်သည်နှင့်အမျှ စစ်ဘေးဒုက္ခသည် ပြည်သူအများအပြားသည် ခက်ခဲသည့်အဆင့်မှ ငတ်ပြတ်သည့် အဆင့်သို့ ချက်ချင်း ပြောင်းလဲသွားကြသည်။ ထို့အပြင် ကမ္ဘာပေါ်တွင် ဒီမိုကရေစီနိုင်ငံဟု ကြွေးကြော်ကြ သော်လည်း ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံဖြစ်သည့် အိန္ဒိယအပါအဝင် နိုင်ငံအများစုသည် အမေရိကန်နိုင်ငံနှင့် အတူ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ မူဝါဒများနှင့်ပတ်သက်၍ တင်းကြပ်မှုများ လုပ်ဆောင်ကြသည်။ အကျိုးဆက်အားဖြင့် ထိုင်း၊ မလေးရှားနှင့် အိန္ဒိယနိုင်ငံများသို့ စစ်ဘေးဒုက္ခသည်အဖြစ် ရောက်သွားသော မြန်မာနိုင်ငံသားများသည် တရားမဝင်နယ်စပ် ဖြတ်ကျော်မှုအဖြစ် ဖမ်းဆီးခံရကာ မြန်မာပြည်သို့ ပြန်ပို့ခံကြရသည်။ အဆိုပါ ပြန်ပို့ခံရေသာ တချို့မြန်မာနိုင်ငံသား များသည် မိသားစုထံ ပြန်မရောက်ကြဘဲ စစ်မှုထမ်းအဖြစ် စစ်ကောင်စီ၏ အတင်းစုဆောင်းခြင်းများ ခံကြရသည်။
သို့သော် ကမ္ဘာတွင် ဖိနှိပ်ခံလူထုများ၊ လူသားချင်းစာနာထောက်ထားမှုများ ကင်းမဲ့သည့် အာဏာရှင်နိုင်ငံမှ ပြည်သူများ အခက်အခဲကြုံတွေ့စဉ် ကူညီပေးနေကျဖြစ်သည့် ကမ္ဘာ့အင်အားအကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီးဖြစ်သော အမေရိကန်သည် ၎င်းတို့ကိုယ်တိုင် တရားမဝင် နိုင်ငံခြားသားများကို သူတို့၏ မူရင်းနိုင်ငံများသို့ ပြန်လည်ပို့ဆောင်နေမှုကြောင့် မြန်မာနိုင်ငံသားများ မတရားသဖြင့် စစ်ကောင်စီလက်ထဲ ပြန်ပို့ခြင်း ကြုံတွေ့နေရသည့် အခြေအနေကို ကာကွယ်ပေးမှုမရှိတော့သည့်အပြင် မည်သည့်နိုင်ငံကမှ အသံထွက်ပေးနိုင်ခြင်း မရှိတော့သည့် အနေအထားသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ထို့ကြောင့် အလွယ်တကူ အများနားလည်အောင် ပြောရမည်ဆိုပါက “ကျွန်ုပ်တို့ကို စစ်ကောင်စီက နှိပ်စက်နေပါသည်၊ ကျွန်ုပ်တို့သည် လူ့အခွင့်အရေး ချိုးဖောက်ခြင်းကို ခံနေရပါသည်၊ ကျွန်ုပ်တို့သည် ပြည်သူများဖြစ်သည်၊ ကျွန်ုပ်တို့သည် လက်နက်မဲ့ဖြစ်သည်၊ ကျွန်ုပ်တို့သည် အာဏာရှင်များ၏ သားကောင်များဖြစ်သည်၊ ကျွန်ုပ်တို့သည် ခံရသူများဖြစ်သည်” ဆိုသည့် အော်သံသည် ကြားမည့်သူများ ကမ္ဘာတွင် နည်းပါးသွားပြီး ကြားသည့်တိုင် မေတ္တာပို့မည့် တရားသမားများသာ ရှိတော့ပြီး ကယ်တင်မည့်သူများ မရှိတော့သည့် အခြေအနေသို့ ရောက်ရှိသွားသည်။ အကြောင်းရင်းမှာ မြန်မာနိုင်ငံနှင့်အတူ အဖြစ်ဆိုးမျိုးစုံကို ကြုံတွေ့ပြီး အမေရိကန် အကူအညီဖြင့် ကမ္ဘာ့တရားစီရင်ခွင့်မှ လွတ်မြောက်နေသည့် နိုင်ငံခေါင်းဆောင်များ ရှိနေသည့်အပြင် စစ်ကောင်စီကို တရားစီရင်ဖို့ ကြိုးစားနေသည့် နိုင်ငံတကာ တရားသူကြီးတချို့သည်လည်း အမေရိကန် အစိုးရ၏ ပိတ်ဆို့အရေးယူမှုများကို ရင်ဆိုင်နေကြရတော့သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများအပေါ် အမေရိကန်အပါအဝင် အနောက်နိုင်ငံများသည် စိတ်ဝင်စားမှုနည်းလာပြီး လက်ရှိအချိန် စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးမှုကြုံတွေ့နေကြချိန်တွင်ပင် ဝမ်းနည်းကြောင်း ထုတ်ပြန်ကြေညာသည့် သံရုံးများ နည်းသထက် လျော့နည်းသွားသည်။ ထို့အတူ သူတို့အတွက် အဓိက စစ်ရေးပစ်မှတ်ဖြစ်သည့်အပြင် ၎င်းတို့ကိုယ်တိုင် ဖန်တီးထားသည့် ယူကရိန်းနှင့် ရုရှားတိုက်ပွဲတွင်ပင် ခံရသည့် ယူကရိန်းကို အကျိုးအမြတ် မရရှိပါက မကူညီတော့ဟု ခြိမ်းခြောက်ကာ ယူကရိန်းဒေသထွက် မြေရှားသတ္တုကို တောင်းယူရသည့် အခြေအနေသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ဤအချက်များကို ကြည့်ပါက တရုတ်၊ ရုရှားတို့လို အင်အားကြီး နိုင်ငံများသာမက အမေရိကန်နှင့် အိန္ဒိယတို့လည်း ကိုယ်ကျိုးကိုသာ ဦးစားပေးကြည့်သည့် ဒီမိုကရေစီနိုင်ငံများ တိုးလာကြပြီး အနောက် နိုင်ငံအများအစုလည်း ကိုယ်ကျိုးစီးပွါး ဦးစားပေးမှုကို လိုလားသူများ များပြားလာကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံ နွေဦးတော်လှန်ရေးသည် ထိရောက်သော အကူအညီများကို နိုင်ငံတကာမှ ရရှိနိုင်ရန်အတွက် “လူ့အခွင့်အရေး ချိုးဖောက်ခံရမှုနှင့် ခံရသူဖြစ်မှု”ကို ရောင်းချကာ အကူအညီတောင်းခံ၍ မရတော့သည့် အနေအထားသို့ ရောက်ရှိသွားမည့် အနေအထား ဖြစ်နေပြီ ဖြစ်သည်။
ဤအချက်သည် လတ်တလော ဆယ်စုနှစ်ကြာ အာဏာရှင်စနစ်ကို တော်လှန်ပြီး အောင်မြင်ခဲ့သည့် ဆီးရီးယားနိုင်ငံ တော်လှန်ရေးအင်အားစုများနှင့် ပုံစံတူသည့် အနေအထားဖြစ်သည်ဟု ဆိုနိုင်မည်ဖြစ်သည်။ အကြောင်းရင်းမှာ စစ်ကောင်စီအတွက် ခိုင်ခိုင်မာမာရပ်တည်ပေးသော နိုင်ငံကြီးတချို့သည် အဆုံးတိုင် ခိုင်မာစွာ လက်တွဲရပ်တည်ကြမည် ဖြစ်သည်။ သို့သော် တော်လှန်ရေးနှင့်အတူမူ ရပ်တည်ပေးမည့် နိုင်ငံများသည် ကံမကောင်းစွာ နည်းသထက်နည်းနိုင်ခြင်းကြောင့် နည်းလမ်းအသစ်များ ရှာရန် လိုအပ်နေပြီ ဖြစ်သည်။ ဤအချက်တွင် ဆီးရီးယားသူပုန်များ၏ အောင်မြင်မှုကို ပြန်လည်လေ့လာပါက အမေရိကန် အပါအဝင် အနောက်နိုင်ငံများက ကူညီပေးသည့် လက်နက်ကိုင်အုပ်စုရှိနေပြီး နယ်မြေ ကျယ်ကျယ်ပြန့်ပြန့်ကို နှစ်ရှည် ထိန်းချုပ်နိုင်ကြသော်လည်း နောက်ဆုံးသူတွင် ၎င်းတို့ထက် အိမ်နီးချင်း ဖြစ်သော တူရကီနိုင်ငံ၏ အကူအညီကို ရရှိထားသည့် အင်အားစုများကသာ အဆုံးအဖြတ်ပေးသည့် တော်လှန်ရေးရလဒ်ကို ဖော်ဆောင်နိုင်ကြသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် အိမ်နီးချင်းနိုင်ငံတစ်ခုခု၏ အကူအညီကို ရယူတတ်ခြင်းသည်သာ အင်အားကြီးနိုင်ငံ ကျောထောက်နောက်ခံပြုခြင်းခံရသော အာဏာရှင်များအတွက် အဆုံးသတ်စေသည့် အောင်မြင်မှုကို အမှန်တကယ် ယူဆောင်ပေးနိုင်မည်ဖြစ်သည်ကို သက်သေ ထူသည်။ ထို့ကြောင့် ခံရသူအဖြစ်ထက် တာဝန်ယူမှု၊ တာဝန်ခံမှု ပိုမိုကြီးမားပြီး တိုင်းပြည်အနာဂတ်ကို ပုံဖော်နိုင်သူအဖြစ် သတ္တိရှိရှိ ရပ်တည်ကာ အိမ်နီးချင်းနိုင်ငံများအား မြန်မာပြည်အတွင်း ၎င်းတို့ စိတ်ဝင်စားသော စီမံကိန်း အပေးအယူများနှင့် အကူအညီများရယူကာ ရန်သူဖြစ်သည့် စစ်ကောင်စီကို အမြစ်ဖြတ်နိုင်ရန် အရေးကြီးလိုနေပြီ ဖြစ်သည်။ ထိုသို့မှသာ ကိုယ်ကျိုးကြည့်နိုင်ငံများနှင့် လက်တွဲကာ ကိုယ့်တိုင်းပြည် အကျိုးစီးပွါးအတွက် အရေးပါဆုံးဖြစ်သည့် ယခုတော်လှန်ရေးကို အောင်မြင်အောင် စွမ်းဆောင်နိုင်မည် ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ လေးနှစ်တာကာလ အမျိုးသားညီညွတ်ရေးအစိုးရ လုပ်ခဲ့သလို လူ့အခွင့်အရေးအဖွဲ့ အဆင့်ပမာ အဖိနှိပ်ခံဖြစ်မှု၊ ခံရသူဖြစ်မှုနှင့် စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ထုတ်ဖော်ရုံဖြင့် မြန်မာနိုင်ငံအားကူညီကြရန် နိုင်ငံတကာကို နှိုးဆော်ကာ ကြိုးစားခြင်းမျိုးသည် ဘယ်နိုင်ငံတကာကြီးက ရင်ခုန်တော့မည် မဟုတ်ပေ။ ထို့ကြောင့် ဤအချက်များကို မကြာမီ အမျိုးသားညီညွတ်ရေးအစိုးရအား အစားထိုးဖွဲ့စည်းမည့် အသွင်ကူးပြောင်းရေးအစိုးရကြီးက ဖော်ဆောင်နိုင်မလားဆိုသည်ကို အလေးအနက် စောင့်ကြည့်ကြတော့မည် ဖြစ်သည်။ ထိုသို့ မဖြစ်လာပါက ကိုယ်လွတ်ရုန်းကန်ကာ လွတ်မြောက်အောင် ကြိုးစားနိုင်သည့် တိုင်းရင်းသားလူမျိုးများသည်သာ လွတ်မြောက်ခြင်းအရသာကို ခံစားကြပြီး မြန်မာပြည်ကြီးသည် အလုံးစုံပျက်ဆီးရေးကို ဦးတည်ကာ တဖြည်းဖြည်းသမိုင်းထဲက ပျောက်ကွယ်နေမှုကို ကျွန်တော်တို့ ထိုင်ကြည့်ရမည်လား ဆိုတာ စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်လာနိုင်သည်။