ဧပြီ ၁၀၊ ၂၀၂၅

ချင်းညီနောင်၏ ချင်းပြည်တခွင် စစ်ကောင်စီ ကင်းစင်ရေး ကြွေးကြော်ချက်အတိုင်း ချင်းပြည်နယ်ရှိ ဖလမ်းမြို့အား စစ်ကောင်စီလက်ထဲမှ သိမ်းပိုက်ရန် ဖော်ဆောင်ခဲ့သော “Operation CB” (ချင်းညီနောင်စစ်ဆင်ရေး)ကို  အောင်မြင်ပြီးမြောက်ပြီဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့မှ  ဧပြီလ ၉ ရက်တွင် ထုတ်ပြန်ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဤစစ်ဆင်ရေးသည် တော်လှန်ရေးတပ်ဖွဲ့များ၏ ပူးပေါင်းအားဖြင့် အောင်မြင်မှုရရှိခဲ့ခြင်းဖြစ်ပြီး ဖလမ်းမြို့ကို အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

၂၀၂၄ နိုဝင်ဘာ ၉ ရက်တွင် စတင်ခဲ့သည့် နှစ်ဝက်နီးပါးကြာ  “ချင်းညီနောင်စစ်ဆင်ရေး (Operation CB)” သည် စစ်ကောင်စီ၏ ပြင်းပြင်းထန်ထန် ခုခံမှုများကို ရင်ဆိုင်ခဲ့ရသည်။ ခလရ ၂၆၈ တပ်ရင်းအပြင် ခလရ ၈၉ နှင့် ခလရ ၃၉၁ တို့မှ စစ်ကူအင်အား ၂၀၀ ခန့်ဖြင့် အကြိမ်ကြိမ် အင်အားဖြည့်တင်းခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု ၁,၀၀၀ ကျော်ကို အသုံးပြုခဲ့သော်လည်း ချင်းညီနောင်နှင့် ၎င်းတို့၏ မဟာမိတ်တပ်ဖွဲ့များ၏ မယိမ်းမယိုင်သော စိတ်ဓာတ်ကြောင့် အောင်မြင်မှုရရှိခဲ့သည်။ ဤစစ်ဆင်ရေးသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တိုက်ခိုက်နေသူများအတွက် အားတက်ဖွယ် သတင်းတစ်ရပ် ဖြစ်လာခဲ့သည်။

 

ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/CNDF) အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံချင်းက “ဒီအောင်ပွဲဟာ ကျွန်တော်တို့ ပြည်သူတွေရဲ့ လွတ်မြောက်ရေးအတွက် ကြီးမားတဲ့ ခြေလှမ်းတစ်ခုပါ။ တပ်ရင်းသုံးရင်းကို တပြိုင်နက် တိုက်ခဲ့ရတာမို့ အချိန်ကြာပြီး အကုန်အကျများခဲ့ပါတယ်။ ဒါပေမယ့် ဒီအောင်မြင်မှုက ဖလမ်းသာမက ဖိနှိပ်ခံပြည်သူအားလုံးအတွက် အောင်မြင်မှုတစ်ခုပါ” ဟု ပြောကြားခဲ့သည်။

 

ဤစစ်ဆင်ရေးတွင် Anti-Fascist Internationalist Front (AIF), Burma National Revolutionary Army (BNRA), Burmese Revolutionary Technical Front (BRTF), Generation Z Army (GZA), Giant Revolution Force (GRF), Harmonious Northern Brothers (HNB), Kalay Revolution Force (KRF), Kalay Urban Guerrilla (Kalay UG), Myingyan Black Tiger (MBT), National Liberation Army (NLA), Revolution Ambulance Wolf (RAW Medical Team), Sagaing Federal Troop (SFT), Yaw Defense Force (YDF) နှင့် Zo Army (ZA) အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များပါဝင်ခဲ့ကြပြီး ဖလမ်းမြို့ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဒေသတွင်း လူထုပူးပေါင်းအားဖြင့်လည်း ဒီမြို့သိမ်းတိုက်ပွဲကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဖလမ်းမြို့နယ်ကို ဆက်လက်ထိန်းသိမ်းရန် စစ်ရေးစည်းကမ်းတင်းကြပ်ပြီး ပရော်ဖက်ရှင်နယ်တပ်ဖွဲ့တစ်ခု တည်ဆောက်ရန် လိုအပ်ကြောင်း ဆလိုင်းဝီလီယံချင်းက အလေးပေးပြောကြားခဲ့သည်။ “မြို့သိမ်းရတာထက် ထိန်းရတာက ပိုခက်ခဲပါတယ်။ ဒါကို ကျော်လွှားနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားရမှာပါ။ နောက်တစ်ဆင့်အနေနဲ့ တီးတိန်မြို့ကို သိမ်းဖို့ ရည်မှန်းထားပါတယ်” ဟု ၎င်းက ဆိုသည်။ ဤအောင်မြင်မှုသည် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် ချင်းညီနောင်၏ ကတိကဝတ်ကို ထင်ရှားစေသည်။

ဤစစ်ဆင်ရေးအတွင်း အသက်ပေးခဲ့ရသည့် အာဇာနည်များ၊ ဒဏ်ရာရရှိခဲ့သည့် ရဲဘော်များနှင့် မဆုတ်မနစ် တိုက်ပွဲဝင်ခဲ့သည့် တပ်ဖွဲ့ဝင်များ၏ ရဲစွမ်းသတ္တိကို ချင်းညီနောင်တပ်ဖွဲ့က ဂုဏ်ပြုခဲ့ပြီး ဖလမ်းမြို့နယ်၏ အောင်မြင်မှုသည် ချင်းပြည်သူများသာမက မြန်မာနိုင်ငံတစ်ဝန်းရှိ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေသူများအား မျှော်လင့်ချက်အလင်းတန်းတစ်ခု ဖြစ်ကြောင့် ဆလိုင်းဝီလီယံချင်းက ဖြည့်စွက် ပြောကြားခဲ့သည်။

ချင်းညီနောင်တပ်ဖွဲ့၏ နောက်ထပ်ပန်းတိုင်တစ်ခုမှာ ချင်းပြည်နယ်တခွင်လုံး စစ်ကောင်စီကင်းစင်ရေးဖြစ်ပြီး ၎င်းတို့၏ အောင်မြင်မှုများသည် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု၏ အနာဂတ်ကို မည်ကဲ့သို့ ပုံဖော်မည်ကို စိတ်ဝင်တစားစောင့်ကြည့်ရမည်ဖြစ်သည်။ ဖလမ်းမြို့နယ်၏ အောင်ပွဲသည် ပြည်သူများ၏ စည်းလုံးမှုနှင့် ခွန်အားကို သက်သေထူပြခဲ့ပြီး ဖက်ဒရယ်အိပ်မက်ဆီသို့ ခြေတစ်လှမ်းတိုးနိုင်ခဲ့သည့် အောင်မြင်မှုတစ်ခုအဖြစ် မှတ်တမ်းတင်ခံရမည်ဖြစ်ပါသည်။